လုပ်ငန်းခွင်အတွင်း အောင်မြင်တဲ့ Team တစ်ခု တည်ဆောက်ခြင်း

လုပ်ငန်းခွင်တိုင်းမှာ အောင်မြင်မှုရရှိဖို့အတွက် တစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုများအပြင် အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ် လိုအပ်ပါတယ်။ ခိုင်မာပြီး ထိရောက်တဲ့ အဖွဲ့အစည်း (Team) တစ်ခု တည်ဆောက်နိုင်ခြင်းက စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရန်၊ ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်ရန်နှင့် လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ ရောက်ရှိနိုင်ရန် အဓိကသော့ချက် ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု အမှန်တကယ် အောင်မြင်ထိရောက်စေရန်အတွက် အခြေခံအုတ်မြစ်များစွာ လိုအပ်ပါတဘ်။ ဒီဆောင်းပါးမှာတော့ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ အရေးပါတဲ့ အခြေခံအုတ်မြစ် (၉) ရပ်ကို အသေးစိတ် ဆွေးနွေးတင်ပြသွားမှာပဲ ဖြစ်ပါတယ်။

၁။ ရှင်းလင်းသော ရည်ရွယ်ချက်နှင့် ပန်းတိုင်များ (Clear Purpose and Goals)

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းမှာ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက် (Purpose) နှင့် ပန်းတိုင် (Goals) များ ရှိရပါမယ်။ အဖွဲ့ဝင်တိုင်းက မိမိတို့ မည်သည့်အတွက်ကြောင့် ပူးပေါင်းလုပ်ဆောင်နေကြသည်၊ မည်သည့်အရာကို အောင်မြင်အောင် လုပ်ဆောင်ရမည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားရပါမယ်။ ရည်ရွယ်ချက်နှင့် ပန်းတိုင်များ ရှင်းလင်းခြင်းက အဖွဲ့ဝင်များအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး တူညီတဲ့ ဦးတည်ချက်နဲ့ ရှေ့သို့ ဆက်လက်ချီတက်နိုင်စေပါတယ်။ ပန်းတိုင်များကို Smart (Specific, Measurable, Achievable, Relevant, Time-bound) ဖြစ်အောင် သတ်မှတ်ခြင်းဖြင့် အဖွဲ့ဝင်များအတွက် လမ်းညွှန်ချက်ကောင်းများ ပေးနိုင်ပြီး၊ ၎င်းတို့ရဲ့  ကြိုးပမ်းအားထုတ်မှုများကို အဓိပ္ပာယ်ရှိစေပါတယ်။ ဥပမာအားဖြင့် "ရောင်းအားတိုးမြှင့်ရန်" ဟူသော ပန်းတိုင်ထက် "လာမည့်သုံးလအတွင်း ကုန်ပစ္စည်း A ၏ ရောင်းအားကို ၂၀% တိုးမြှင့်ရန်" ဟူသော ပန်းတိုင်က ပိုမိုရှင်းလင်းပြီး ဘယ်လောက်အတိုင်းအတာ ရအောင်လုပ်ရမလဲဆိုတာကို တိုင်းတာနိုင်ပါတယ်။

၂။ ပွင့်လင်းသော ဆက်သွယ်ရေး (Open Communication)

ထိရောက်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့  အသက်သွေးကြောက ပွင့်လင်းပြီး ပွင့်လင်းမြင်သာသော ဆက်သွယ်ရေးပင် ဖြစ်ပါတယ်။ အဖွဲ့ဝင်များအချင်းချင်း အကြံဉာဏ်များ၊ သတင်းအချက်အလက်များ၊ စိုးရိမ်ပူပန်မှုများနှင့် တိုးတက်မှုများကို လွတ်လပ်စွာ ဖလှယ်နိုင်ရပါမယ်။ ပွင့်လင်းတဲ့ ဆက်သွယ်ရေးက အဖွဲ့ဝင်များအကြား နားလည်မှုကို တည်ဆောက်ပေးပြီး အမှားအယွင်းများကို လျှော့ချကာ ပြဿနာများကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းနိုင်စေပါတယ်။ ပုံမှန် အစည်းအဝေးများ ပြုလုပ်ခြင်း၊ အီးမေးလ်၊ ချက်အက်ပ်များကဲ့သို့သော ဆက်သွယ်ရေး လမ်းကြောင်းများကို ထိထိရောက်ရောက် အသုံးပြုခြင်း၊ အဖွဲ့ဝင်များအားလုံး မိမိတို့၏ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးခြင်းတို့က အဖွဲ့ဝင်တွေအတွင်း ပွင့်လင်းတဲ့ ဆက်သွယ်ရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

၃။ အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှု (Mutual Trust and Respect)

အဖွဲ့ဝင်များအချင်းချင်း ယုံကြည်မှုနှင့် လေးစားမှုရှိခြင်းကလည်း အဖွဲ့အစည်းရဲ့ ခိုင်မာမှုကို တည်ဆောက်ပေးပါတယ်။ တစ်ဦးချင်းစီရဲ့  အရည်အချင်း၊ အားသာချက်များနှင့် ရိုးသားမှုကို ယုံကြည်ခြင်းက အဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချောမွေ့စေပါတယ်။ အဖွဲ့ဝင်တိုင်းက မိမိတို့၏ အမြင်များနှင့် ဆုံးဖြတ်ချက်များကို လေးစားခံရသည်ဟု ခံစားရပါမယ်။ ယုံကြည်မှု တည်ဆောက်ရန်အတွက် ကတိတည်ခြင်း၊ တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အခြားသူများ၏ အားသာချက်များကို အသိအမှတ်ပြုခြင်းတို့ကလည်း အရေးကြီးပါတယ်။ အဖွဲ့ဝင်များအချင်းချင်း အပြန်အလှန် ကူညီဖေးမခြင်းနှင့် အားပေးထောက်ခံခြင်းဖြင့်လည်း ယုံကြည်မှုနှင့် လေးစားမှုကို ပိုမိုခိုင်မာစေနိုင်ပါတယ်။

၄။ သတ်မှတ်ထားသော အခန်းကဏ္ဍနှင့် တာဝန်များ (Defined Roles and Responsibilities)

အဖွဲ့ဝင်တိုင်းက မိမိတို့ရဲ့ အခန်းကဏ္ဍ (Role) နှင့် တာဝန် (Responsibilities) များကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားရပါမယ်။ မည်သူက မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မည်သူက မည်သည့်အရာအတွက် ဘာတာဝန်ယူရမည်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်းဖြင့် အလုပ်တွေထပ်နေခြင်းကို ရှောင်ရှားနိုင်ပြီး လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါတယ်။ အခန်းကဏ္ဍများ ရှင်းလင်းခြင်းက အဖွဲ့ဝင်များအား ၎င်းတို့ရဲ့  လုပ်ငန်းတာဝန်အပေါ် ပိုမိုအာရုံစိုက်နိုင်စေပြီး အဖွဲ့အစည်းရဲ့  ပန်းတိုင်များဆီသို့ ပိုမိုထိရောက်စွာ ဦးတည်နိုင်စေပါတယ်။ အဖွဲ့ဝင်တစ်ဦးစီရဲ့ အားသာချက်များနှင့် ကျွမ်းကျင်မှုများကို ထည့်သွင်းစဉ်းစားကာ အခန်းကဏ္ဍများကို သတ်မှတ်ပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

၅။ ထိရောက်သော ခေါင်းဆောင်မှု (Effective Leadership)

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းမှာ ထိရောက်တဲ့ ခေါင်းဆောင်မှု (Leadership) ရှိရပါမယ်။ ခေါင်းဆောင်က အဖွဲ့အစည်းရဲ့  ရည်ရွယ်ချက်နှင့် ပန်းတိုင်များကို ရှင်းလင်းစွာ ချမှတ်ပေးနိုင်ရမယ်၊ အဖွဲ့ဝင်တွေကို လှုံ့ဆော်ပေးနိုင်ရမယ်၊ လမ်းညွှန်မှုပေးနိုင်ရမယ်၊ အတားအဆီးများကို ဖယ်ရှားပေးနိုင်ရမယ်။ စစ်မှန်တဲ့ ဦးဆောင်သူက အဖွဲ့ဝင်တွေရဲ့  စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး၊ ၎င်းတို့အားလုံးကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ စည်းလုံးစေပါတယ်။ ခေါင်းဆောင်မှုက အမိန့်ပေးခြင်းသက်သက်မဟုတ်ဘဲ နားထောင်ခြင်း၊ နားလည်ပေးခြင်း၊ အကြံဉာဏ်များ ပေးခြင်းနှင့် အဖွဲ့ဝင်များအားလုံးရဲ့  အလားအလာကို ထုတ်ဖော်ပေးခြင်းတို့လည်း ပါဝင်ပါတယ်။

၆။ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း (Problem-Solving and Decision-Making)

အဖွဲ့အစည်းတိုင်းမှာ လုပ်ငန်းခွင်အတွင်း ပြဿနာများနှင့် စိန်ခေါ်မှုများကို ကြုံတွေ့ရမြဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ အဖွဲ့အစည်းတစ်ခုဟာ ပြဿနာများကို ဖော်ထုတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အကောင်းဆုံး ဖြေရှင်းနည်းများကို ရှာဖွေခြင်းတို့တွင် ကျွမ်းကျင်ရပါမယ်။ ဆုံးဖြတ်ချက်ချရာမှာ အဖွဲ့ဝင်တွေရဲ့ အမြင်များကို ထည့်သွင်းစဉ်းစားခြင်း၊ သက်ဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်းနှင့် အကောင်းဆုံး ရွေးချယ်မှုကို ပူးပေါင်းဆုံးဖြတ်ခြင်းတို့ကလည်း အရေးကြီးပါတယ်။ အဖွဲ့ဝင်များအားလုံး ပါဝင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချခြင်းဟာ ဆုံးဖြတ်ချက်ရဲ့  အရည်အသွေးကို မြှင့်တင်ပေးပြီး အဖွဲ့ဝင်တွေရဲ့ ဒီဆုံးဖြတ်ချက်အပေါ်မှာ ပိုင်ဆိုင်မှု ခံစားချက် (ငါတို့နဲ့ဆိုင်တယ်) ကိုလည်း တိုးပွားစေပါတယ်။

၇။ ပဋိပက္ခ ဖြေရှင်းခြင်း (Conflict Resolution)

အဖွဲ့အစည်းအတွင်း ပဋိပက္ခများ ဖြစ်ပွားခြင်းက သဘာဝကျပါတယ်။ သို့သော် အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုက ပဋိပက္ခများကို ထိရောက်စွာ ဖြေရှင်းနိုင်ရပါမယ်။ ပဋိပက္ခများကို လျစ်လျူရှုခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းက အဖွဲ့အစည်းရဲ့ စည်းလုံးမှုကို ပျက်စီးစေနိုင်ပါတယ်။ ပဋိပက္ခများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း၊ အကြောင်းရင်းများကို ရှာဖွေခြင်း၊ အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်းနှင့် အားလုံးလက်ခံနိုင်တဲ့ ဖြေရှင်းနည်းများကို ရှာဖွေခြင်းတို့က အရေးကြီးပါတယ်။ ခေါင်းဆောင်ဟာ ပဋိပက္ခ ဖြေရှင်းရေးမှာ ကြားဝင်ညှိနှိုင်းပေးနိုင်ပြီး အဖွဲ့ဝင်များအချင်းချင်း အပြန်အလှန် နားလည်မှုဖြင့် ပြေလည်အောင် ကူညီပေးနိုင်ရပါမယ်။

၈။ စဉ်ဆက်မပြတ် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (Continuous Learning and Development)

ပြောင်းလဲနေတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ အဖွဲ့အစည်းများဟာ စဉ်ဆက်မပြတ် သင်ယူပြီး ဖွံ့ဖြိုးတိုးတက်နေရပါမယ်။ အဖွဲ့ဝင်များအားလုံးက အသိပညာအသစ်များ၊ ကျွမ်းကျင်မှုအသစ်များကို သင်ယူရန် စိတ်အားထက်သန်ရပါမယ်။ လေ့ကျင့်ရေး အစီအစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အချင်းချင်း အတွေ့အကြုံ ဖလှယ်မှုများ ပြုလုပ်ခြင်းဖြင့် အဖွဲ့အစည်းရဲ့  စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါတယ်။ အမှားများမှနေ သင်ခန်းစာယူခြင်းနှင့် အောင်မြင်မှုများမှ အတွေ့အကြုံယူခြင်းတို့ဟာလည်း စဉ်ဆက်မပြတ် သင်ယူမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။

၉။ အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ပြုခြင်း (Recognition and Celebration)

အဖွဲ့ဝင်တွေရဲ့  ကြိုးပမ်းအားထုတ်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ပြုခြင်းက သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး  ဆက်လက်ကြိုးပမ်းအောင် လှုံ့ဆော်ပေးပါတယ်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အောင်မြင်မှုတိုင်းကို အသိအမှတ်ပြုခြင်းဟာ အဖွဲ့ဝင်များအား တန်ဖိုးထားခံရတယ်လို့ ခံစားရစေပြီး အဖွဲ့အစည်းအပေါ် သူတို့ရဲ့ သစ္စာရှိမှုကို တိုးပွားစေပါတယ်။ အောင်မြင်မှုများကို အတူတကွ ဂုဏ်ပြုခြင်းဟာ အဖွဲ့အစည်းရဲ့ စည်းလုံးမှုကို ခိုင်မာစေပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။

လုပ်ငန်းခွင်အတွင်း အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်းဟာ တစ်ကြိမ်တည်းနဲ့ ပြီးဆုံးသွားတဲ့ လုပ်ငန်းစဉ်မဟုတ်ဘဲ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုနှင့် ပြုစုပျိုးထောင်မှု လိုအပ်တဲ့ ခရီးရှည်တစ်ခု ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အခြေခံအုတ်မြစ် (၉) ရပ်ကို ခိုင်မာစွာ တည်ဆောက်ခြင်းအားဖြင့် မည်သည့် စိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်ပြီး လုပ်ငန်းရဲ့  ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ ရောက်ရှိနိုင်မယ့် ထိရောက်ပြီး ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်များအားလုံးရဲ့  စုစည်းညီညွတ် စုပေါင်းအားနဲ့ အောင်မြင်မှုများစွာကို ရယူနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
 

U Myo Htet Naing

Seinor Lecturer, Strategy First Int'l College

B.Com (Hons), M.Com (YIE)