အပြောင်းအလဲများအကြား လိုက်လျောညီထွေစွာနေထိုင်နည်း

 အပြောင်းအလဲဆိုတာက လုပ်ငန်းခွင်တွင်းမှာ လူအများနဲ့အတူတကွအလုပ်လုပ်ကြတဲ့အခါ ရှောင်လွှဲလို့မရတဲ့အရာတစ်ခုဖြစ်သလို အကောင်းဘက်ကိုလဲ ဦးတည်စေတတ်ပါတယ်။အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အပြောင်းအလဲကို လက်ခံပြီ အသင့်တော်ဆုံးနည်းလမ်းနဲ့ တုံ့ပြန်လိုက်တဲ့အခါ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာတာကိုလဲ တွေ့ရပါလိမ့်မယ်။ အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့က အချိန်နဲ့ စိတ်ရှည်မှုတော့လိုအပ်ပါတယ်။

လုပ်ငန်းခွင်အပြောင်းအလဲများကို လိုက်လျောညီထွေနေထိုင်ရန် နည်းလမ်း ၆ သွယ်

လုပ်ငန်းခွင်အပြောင်းအလဲများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ဖို့နဲ့လိုက်လျောညီထွေနေထိုင်နိုင်ရန်အတွက် အောက်ပါအကြံပြုချက်များကို လုပ်ဆောင်ကြည့်ပါ။

၁။ အပြောင်းအလဲများကို လက်ခံပါ။

လုပ်ငန်းခွင်တွင်းရော ပြင်ပမှာပါ အပြောင်းအလဲတွေကအခါမလပ်ဖြစ်ပေါ်နေပြီး ဒါက မထူးဆန်းတဲ့ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ထားပါ။လုပ်ငန်းခွင်တွင်း ပုံမှန်ဖြစ်စဉ်တစ်ခုအတိုင်းဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေအပေါ် လက်ခံတတ်လာနိုင်မယ်ဆိုရင် အဲ့ဒီပြောင်းလဲမှုတွေအပေါ်လျင်မြန်စွာချိန်ညှိနိုင်ပြီး လိုက်ရောညီထွေဖြစ်လာပါလိမ့်မယ်။ဘဝရဲ့ အကောင်းဆုံး အခွင့်အလမ်းများစွာဟာ အပြောင်းအလဲများကို အရှိအတိုင်း လက်ခံတဲ့အခါမှာ ပေါ်ပေါက်လာတတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ အရင်တုန်းက ကျင့်သုံးခဲ့တဲ့အစဉ်အလာတွေလမ်းစဉ်တွေကအလုပ်မဖြစ်တော့ရင် လက်လွှတ်လိုက်ပါ။

၂။ အကောင်းမြင်စိတ်ထားပါ။

ဘယ်အဖွဲ့၊ ဌာန ဒါမှမဟုတ် ကုမ္ပဏီမှာပဲ လုပ်လုပ်၊ အကောင်းမြင်စိတ်ထားခြင်းက လုပ်ငန်းခွင်အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအလဲတွေကို အကောင်းမြင်စိတ်ထားနိုင်ခြင်းက မိမိကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲကြောင့် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို အာရုံစိုက်ကြည့်ပါ။လုပ်ငန်းခွင်အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ဖို့ မိမိနဲ့အတူ လုပ်ဆောင်မယ့် လူသစ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး မိတ်ဖွဲ့ဖို့လည်း ကြိုးစားကြည့်သင့်ပါတယ်။ အခြေအနေအသစ်တွေမှာ မိမိရဲ့စွမ်းရည်တွေကို အပြည့်အဝအသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ ဒါက မိမိပတ်ဝန်းကျင်က လူတိုင်းအပေါ်သို့ ကြီးမားတဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။

၃။ ရှုထောင့်(မတူတဲ့အမြင်)အသစ်များ ရယူပါ။

လုပ်ငန်းခွင်ပြင်ပက သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေလို သူတွေရဲ့ ရှုထောင့်အမြင်တွေကို ရှာဖွေခြင်းဟာ မိမိကဘယ်လောက် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်လဲဆိုတဲ့အပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုရှုထောင့်အမြင်တွေက တခြားလုပ်ငန်းခွင်မှာ ဘယ်လိုတွေပြောင်းလဲတတ်တယ်ဆိုတာကို နားလည်ဖို့ ကူညီပေးနိုင်ပြီး၊ လုပ်ငန်းနယ်ပယ်မှာ ဘယ်လိုအရာတွေက ပုံမှန်ဖြစ်တယ်ဆိုတာကို သိရှိစေပါလိမ့်မယ်။ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ ပိုမိုထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ မိမိရဲ့ပေါင်းသင်းဆက်ဆံရေးက အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ ဒါက အပြောင်းအလဲတွေဖြစ်နေချိန်မှာ လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၄။ မိမိထိန်းချုပ်နိုင်တဲ့အရာများကိုသာ အာရုံစိုက်ပါ။

မိမိလုံးဝထိန်းချုပ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေနဲ့ တာဝန်တွေအပေါ် အာရုံစူးစိုက်ပါ။ထိန်းချုပ်လို့မရတဲ့အရာတွေကနေ စိတ်အာရုံကို ပြောင်းလဲလိုက်ခြင်းက မိမိကိုယ်ကို ပိုမိုပျော်ရွှင်ပြီး ပြည့်စုံမှုခံစားရစေနိုင်ပါတယ်။ ကြီးမားတဲ့ ပရောဂျက်တွေ ဒါမှမဟုတ် အတားအဆီးကြီးကြီးမားမားတွေကို အာရုံစိုက်နိုင်ဖို့အတွက်သေးငယ်တဲ့အပိုင်းလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ဆောင်နိုင်မလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးပြီး ပြဿနာ ဒါမှမဟုတ် ပရောဂျက်ရဲ့ တစ်ပိုင်းချင်းစီကို အာရုံစူးစိုက်ကြည့်ပါ။ အရေးကြီးတာက မိမိထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါ။ လက်ရှိအလုပ်အကိုင်ကနေ ဘဝအတွက်ဘာတွေအကျိုးရှိစေမလဲ ဆိုတာကို ပြန်လည်သုံးသပ်ပါ။ မိမိလေ့လာချင်တဲ့ ဒါမှမဟုတ် ထပ်မံတိုးတက်ချင်တဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီးတော့ မိမိရဲ့ပန်းတိုင်စာရင်းထဲသို့ ထည့်သွင်းပါ။ လုပ်ငန်းခွင်ပြောင်းလဲနေချိန်မှာတောင် မိမိရဲ့ကိုယ်ပိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မိမိကထိန်းချုပ်နိုင်တယ်ဆိုတာ သိရှိခြင်းက ကိုယ်ပိုင်စိတ်ကျေနပ်မှု ခံစားချက်ကို တိုးပွားစေနိုင်ပါတယ်။

၅။ ပန်းတိုင်အသစ်များ ချမှတ်ပါ။

အလုပ်မှာ အခြေအနေတွေ ပြောင်းလဲလာတဲ့အခါ ပန်းတိုင်အသစ်တစ်ခု ချမှတ်ခြင်းက မိမိရဲ့ ရည်ရွယ်ချက်ကို ပြန်လည်အသက်ဝင်စေပြီး ပိုမိုရှင်းလင်းတဲ့ အာရုံစူးစိုက်မှုကို ပေးနိုင်ပါတယ်။ ပန်းတိုင်တွေက အတွေးအခေါ်ကို ပြောင်းလဲစေပြီး ပိုမိုထိရောက်စွာ ဦးစားပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အပြောင်းအလဲကို စိုးရိမ်နေမယ့်အစား၊ ပန်းတိုင်တွေချမှတ်ထားခြင်းက မိမိရဲ့ ရည်မှန်းချက်တွေဆီ ဦးတည်သွားနိုင်မယ့် လုပ်ဆောင်ချက်တွေကို အာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါက လုပ်ငန်းခွင်မှာ အကောင်းမြင်စိတ်ထားဖို့နဲ့ ကိုယ်ပိုင်စွမ်းရည် တိုးတက်စေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

၆။ လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်သွယ်မှု မပြတ်ပါစေနှင့်။

လုပ်ငန်းခွင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဖို့၊ မိမိရဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင် ပြောင်းလဲလာတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်မှု မပြတ်ပါစေနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပုံမှန်ဆက်သွယ်ခြင်းကမိမိပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိရှိနေစေဖို့ ကူညီပေးနိုင်ပါတယ်။ မေးခွန်းတွေ မေးတတ်ဖို့ လေ့ကျင့်ပါ၊ ဘာကြောင့်လဲဆိုတော့ လက်ရှိလုပ်ငန်းခွင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိလေလေ၊ ပိုမိုယုံကြည်မှုရှိလာလေလေပါပဲ။ တခြားသူတွေနဲ့ စကားပြောခြင်းက မိမိရဲ့အကောင်းမြင်စိတ်ကို ထိန်းသိမ်းထားဖို့၊ စိတ်ဓာတ်ကို မြှင့်တင်ဖို့နဲ့ စွမ်းအင်တိုးမြှင့်ဖို့ ကူညီပေးနိုင်သလိုစိတ်ကူးသစ်တွေနဲ့အပြောင်းအလဲတွေအကြောင်းအသိပေးနေစေပါလိမ့်မယ်။လုပ်ငန်းခွင်အပြောင်းအလဲဆိုတာ ရှောင်လွှဲမရတဲ့အရာဖြစ်ပြီး ထိုအရာကို လက်ခံနိုင်စွမ်းရှိခြင်းက မိမိကို ပိုမိုအောင်မြင်တဲ့ လုပ်ငန်းခွင်ဘဝသို့ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီအကြံပြုချက်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိဟာ ဘယ်လိုအခြေအနေမျိုးမှာမဆိုအပြောင်းအလဲများကို ပိုမိုပိုင်နိုင်စွာ ရင်ဆိုင်နိုင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

https://www.indeed.com/career-advice/career-development/adapting-to-change

indeed.com မှ How To Adapt To Change In The Workplace ဆောင်းပါးကို ဆီလျော်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။

Daw Zin Lin Htet

Lecturer, Strategy First Int'l College

B.E (Civil) Magway Technological University 

M.Sc. (Construction Project Management), 

Heriot-Watt University, Malaysia