အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း။
ရုတ်တရပ်ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းတို့လို သဘာဝဘေးအန္တရာယ်နဲ့ ရုတ်ချည်းရင်ဆိုင်ရတဲ့အခြေအနေမျိုး၊ မီးလောင်ခြင်းလို အရေးပေါ်အခြေအနေနဲ့ကြုံတွေ့ရတဲ့အခါမျိုးတို့လို့ ကြိုမသိနိုင်တဲ့ကိစ္စရပ်တွေဟာ လုပ်ငန်းတွေရဲ့ ပုံမှန် လည်ပတ်မှုတွေမှာ ထိခိုက်မှု၊ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီနေ့ခေတ်လို အရာရာမမြဲနေတဲ့အခြေအနေမျိုးမှာ ကိုယ့်ရဲ့ လုပ်ငန်းထဲမှာ ရုတ်တရပ်အရေးပေါ်အခြေအနေဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတဲ့ အစီအစဉ်တွေ၊ ကြိုတင်ပြင် ဆင်မှုတွေ ရှိထားသင့်ပါတယ်။
အရေးပေါ်အခြေအနေတွေမှာ ဝန်ထမ်းတွေအလုပ်မလုပ်နိုင်သေးတာမျိုး၊ လုပ်ငန်းသုံးစက်ပစ္စည်းတွေရပ်ဆိုင်းပြီး အသုံးပြုမရ ဖြစ်တာမျိုး၊ Internet လိုင်းတွေမကောင်းလို့ အလုပ်ဆက်လုပ်လို့မရတာမျိုး၊ ကိုယ့်ရဲ့ supplier တွေဘက်ကနေ လိုအပ်တဲ့ ကုန်ကြမ်းတွေမပေးနိုင်တာမျိုး၊ customer တွေဘက်က ဝယ်လိုအားကျသွားတာ၊ ဝယ်နိုင်စွမ်းကျသွားတာမျိုးတွေနဲ့ ရင်ဆိုင် ကြရပါတယ်။
ကိုယ့်ရဲ့လုပ်ငန်းက ဒီလိုအခြေအနေနဲ့ကြုံကြရပြီဆိုရင် လုပ်ငန်းကြီးတစ်ခုလုံးရပ်တန့်မသွားအောင် ဘာတွေဆက်လုပ်ကြ မယ်ဆိုတာကို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ အစီအစဉ်ကိုထားရှိခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးများ။
လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ အစီအစဉ်တွေရှိခြင်းအားဖြင့် ကိုယ့်လုပ်ငန်းမှာရှိတဲ့ဝန်ထမ်းတွေ၊ ရင်းနှီးငွေထုတ်ပေးသူ တွေနဲ့ ဝယ်သူတွေကို ကိုယ့်လုပ်ငန်းအနေနဲ့ မမြင်နိုင်တဲ့အနာဂတ်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြသနိုင်မှာဖြစ်သလို အမှန်တကယ်ရင်ဆိုင်ကြရပီဆိုရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာမျိုး အဆင်သင့်ရှိနေပီးသား ရှိနေမှာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းအဆင့်များ။
(၁) အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မည့်အဖွဲ့ ဖွဲ့စည်းခြင်း။
လုပ်ငန်းတွင်းမှ မန်နေဂျာအချို့ကိုရွေးချယ်ပြီး အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မည့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထား သင့်ပါတယ်။ ဒီလိုဖွဲ့စည်းတဲ့အခါမှာ
- လုပ်ငန်းရည်ရွယ်ချက်တွေကိုနားလည်ခြင်း
- ဖြစ်ပေါ်လာနိုင်တဲ့ဘေးအန္တရာယ်တွေကို ခန့်မှန်းအကဲဖြတ်ပြီး လုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်လာနိုင် တယ်ဆိုတာကိုပါ မှန်းဆအကဲဖြတ်ခြင်း
- ကြုံတွေ့လာမယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မည့်နည်းလမ်းများ
- အဆုံးအဖြတ်ပေးနိုင်သည့်လုပ်ငန်းစဉ်များတို့ကို အခြေခံပြီး ကြိုတင်ဖွဲ့စည်းထားသင့်ပါတယ်။
(၂) အရေးကြီးတဲ့လုပ်ဆောင်မှုတွေ၊ ဝန်ဆောင်မှုတွေကိုသတ်မှတ်ခြင်း။
အရေးကြီးတဲ့ဝန်ဆောင်မှုတွေဆိုတာ
- ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်မှုရှိတဲ့လုပ်ငန်းဆောင်တာများ
- သတ်မှတ်အချိန်ကာလအတွင်း လုပ်ဆောင်နိုင်ခြင်းမရှိရင် ပျက်စီးဆုံးရှုံးမှုများခံစားရနိုင်တဲ့လုပ်ငန်းများ
- ဥပဒေဆိုင်ရာလိုအပ်ချက်များကို ဆောင်ရွက်ဖို့လိုအပ်တဲ့ အချို့သောလုပ်ငန်းများ
- လုပ်ဆောင်ခြင်းမရှိရင် ချက်ချင်း (သို့မဟုတ်) အချိန်တိုအတွင်း ဆိုးကျိုးများရနိုင်သောလုပ်ငန်းများ ပါဝင်ပါတယ်။
အရေးကြီးဝန်ဆောင်မှုတွေကို ဦးစားပေးအဆင့်များ ဘယ်လိုသတ်မှတ်နိုင်မလဲ။
- လုပ်ငန်းများစဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရေး အစီအစဉ်မှာပါဝင်တဲ့ Essential service ranking template ကို ဖြည့်ပါ။
- ဒီလိုဖြည့်ထားခြင်းအားဖြင့် ဌာနအလိုက်၊ ဌာနခွဲများအလိုက် အရေးကြီးတဲ့တာဝန်တွေ လုပ်ဆောင်ရမယ့် ဝန်ဆောင် မှုများစာရင်းတွေကို ပြင်ဆင်ထားနိုင်ပါတယ်။ ပြီးရင် သက်ဆိုင်ရာအရေးကြီးကဏ္ဍများအလိုက် အကျိုးဆုတ်ယုတ် မှုဖြစ်ပေါ်နိုင်စေသည့် နှုန်းများသတ်မှတ်ထားရပါမယ်။
(၃) လိုအပ်တဲ့စွမ်းရည်များသတ်မှတ်ခြင်းနဲ့ ဝန်ထမ်းများအားတာဝန်ခွဲဝေချထားပေးခြင်း။
လုပ်ငန်းများစဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရေးအစီအစဉ်အရ သက်ဆိုင်ရာတာဝန်များ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ လိုအပ်တဲ့ဝန်ထမ်းအရေအတွက် သတ်မှတ်ထားရပါမယ်။
အရေးပေါ်ကာလမှာ အထူးလိုအပ်နိုင်တဲ့ လုပ်ဆောင်ရမယ့်တာဝန်တွေ (အရေးပေါ်ကာလစီမံခန့်ခွဲရေးအဖွဲ့၊ ဝန်ထမ်းများ အထောက်အပံ့ပေးရေးအဖွဲ့ စသည်) နဲ့ လုပ်ဆောင်ဖို့လိုအပ်မယ့်စွမ်းရည်တွေကို စာရင်းပြုစုပြင်ဆင်ထားပြီး အဲ့ဒီတာဝန် တွေကို တာဝန်ယူလုပ်ဆောင်နိုင်မယ့်ဝန်ထမ်းတွေကို တာဝန်ပေးအပ်ထားဖို့ ကြိုတင်လေ့ကျင့်ပေးထားဖို့လဲ လိုအပ်ပါတယ်။
(၄) တွေ့ကြုံလာနိုင်တဲ့ကိစ္စရပ်များသတ်မှတ်ခြင်း။
အရေးကြီးတဲ့ဝန်ဆောင်မှုတွေ လျော့ချလိုက်ရင်၊ အသစ်ပြုပြင်ပြောင်းလဲလိုက်ရင် ဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်ဆွေးနွေးထားဖို့လဲ လိုအပ်ပါတယ်။
- ဖြစ်နိုင်တဲ့ပြဿနာရပ်အားလုံးကို ကြိုတင်သတ်မှတ်ခြင်း
- ပြဿနာတစ်ခုချင်းစီအတွက် တုံ့ပြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်အစီအစဉ်များ
- အရေးကြီးဝန်ဆောင်မှုတစ်ခုချင်းစီအလိုက် ဝန်ထမ်းတစ်ယောက်ချင်းစီ လုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားများ ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
(၅) အရေးကြီးဝန်ဆောင်မှုတွေတစ်ခုချင်းစီအလိုက် အစီအစဉ်များပြင်ဆင်ထားရှိခြင်း။
- ဝန်ဆောင်မှု (သို့) လုပ်ငန်းအကြောင်း အသေးစိပ်ဖော်ပြချက်
- အစီအစဉ်ကိုအကောင်အထည်ဖော်မည့် တာဝန်ရှိသူဝန်ထမ်းဦးရေ
- အကောင်အထည်ဖော်မည့် အရန်တာဝန်ခံများ
- လုပ်ငန်းအပေါ် သက်ရောက်နိုင်သည့်ကိစ္စရပ်များ
- ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ပြန်လည်ကုစားရန်အစီအစဉ် - ယခင်အဆင့်များတွင်ပြင်ဆင်ထားသော အချက်အလက်များအပေါ်အခြေခံ၍
- အသိပေးဆက်သွယ်ရန်အစီအစဉ်
- ဝန်ထမ်းများ ပြောင်းရွှေ့နေရာချထားရေး
- အခြားရွေးချယ်စရာအရင်းအမြစ်များ
- နည်းပညာဆိုင်ရာ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ဒေတာများစာရင်း
- နည်းပညာဆိုင်ရာတာဝန်ရှိသူများစာရင်း
- ဒေတာ အရန်သိမ်းဆည်းမှု။
(၆) အစီအစဉ်ကို ပြင်ဆင်၊ စမ်းသပ်ပြီး ပြုပြင်ရန်လိုအပ်ပါက ကြိုတင်လုပ်ဆောင်ပါ။
အစီအစဉ်များကိုစမ်းသပ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ကြည့်ခြင်းဖြင့် ကြိုတင်ပြင်ဆင်ပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် လိုအပ် ချက်များ၊ အားနည်းချက်များကို သိရှိနိုင်လာပါမယ်။ ဒါ့အပြင် အစီအစဉ်တွေကို ပုံမှန်ပြင်ဆင်မှုတွေပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။ စမ်းသပ်မှုများပြုလုပ်ပြီး လိုအပ်သည်များပြင်ဆင်ခြင်းဖြင့် အရေးပေါ်အစီအစဉ်ဟာ ပိုမိုထိရောက်မှုရှိပြီး လက်တွေ့အရေးကြုံမှုအတွက် အမှန်တကယ် အသုံးဝင်လာမှာဖြစ်ပါတယ်။
Reference
https://www.bdc.ca/en/articles-tools/business-strategy-planning/manage-business/business-continuity-8-steps-building-plan
မေရဲမြင့်ဇွန်
BBM (Q), BA (Eng), MBA
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ရက်။
