ပင်ပန်းနေချိန်မှာတောင် အလုပ်ဖြစ်အောင် လုပ်နည်း (၇) မျိုး
သင့်မှာ အရမ်းပင်ပန်းလွန်းလို့ ဘာမှလုပ်ချင်စိတ်မရှိတဲ့ ရက်သတ္တပတ်တွေ ရှိဖူးပါသလား? ဒါဆိုရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အလုပ်များတဲ့အချိန်ဇယားဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လူတိုင်းမှာ အားအင်ပြန်ဖြည့်ဖို့ အချိန်လိုအပ်ပါတယ်။
Jay Shetty ဟာ အလုပ်များတဲ့ဘဝရဲ့ ဖိစီးမှုတွေကို ကောင်းကောင်းနားလည်သူပါ။ အီဂျစ်ကို ၂၄ နာရီခရီးတိုတစ်ခုနဲ့ အိမ်ပြန်လမ်းမှာ ၂၆ နာရီလေယာဉ်စီးပြီးတဲ့နောက်၊ podcast တွေ၊ အလုပ်အစည်းအဝေးတွေ၊ Oscar ပွဲတွေနဲ့ လုပ်ငန်းတွေ့ဆုံပွဲတွေနဲ့ တစ်ပတ်လုံး အလုပ်လုပ်ပြီးတဲ့အခါ Shetty ဟာ အားအင်ကုန်ခမ်းသွားတာကို ခံစားခဲ့ရပါတယ်။
ပင်ပန်းနေတဲ့အချိန်မှာ ကော်ဖီသောက်တာ၊ လေကောင်းလေသန့်ရှူတာ စတဲ့နည်းလမ်းတွေအစား Shetty ဟာ သူ့ရဲ့အလုပ်တွေကို ဆက်လုပ်နိုင်ဖို့ အားအင်ပြန်ဖြည့်ပေးတဲ့ အလေ့အကျင့်တချို့ကို အသုံးပြုပါတယ်။ ဒီဆောင်းပါးမှာတော့ Jay Shetty က သူပင်ပန်းနေပြီး အလုပ်တွေ လုပ်ဖို့စွမ်းအင်မရှိဘူးဆိုရင် ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာ ဖော်ပြပေးထားပါတယ်။
၁။ စွမ်းအင်အသုံးပြုမှု ဆန်းစစ်ပါ
ပင်ပန်းနွမ်းနယ်မှုဟာ သင့်ကို လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် ဖြစ်စေနိုင်ပါတယ်။ အလုပ်တွေအရမ်းများပြီး ဖန်သားပြင်အကြည့်များတဲ့အခါ သင့်စွမ်းအင်ဟာ အဆိုးဆုံးအခြေအနေကို ရောက်သွားနိုင်ပါတယ်။ နေထိုင်မှုပုံစံမမှန်တာ၊ အပြင်ထွက်နည်းတာတွေနဲ့ ပေါင်းသွားရင် ဒုက္ခရောက်နိုင်ပါတယ်။
ဒီအချိန်မှာ သင့်စွမ်းအင်ကို ဆန်းစစ်ဖို့လိုပါတယ်။ Jay Shetty ရဲ့အဆိုအရ တစ်ချိန်တည်းမှာ အရာအားလုံးကို လုပ်ဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် လုပ်ဆောင်ချက်တစ်ခုစီမှာ ဘယ်လောက်စွမ်းအင်လိုအပ်လဲဆိုတာ သိထားဖို့လိုပြီး၊ ဘယ်အလုပ်တွေကို လုပ်မလဲ၊ ဘယ်ဟာတွေကို တော့ skip လိုက်မလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
"ကျွန်တော်ပင်ပန်းနေတဲ့အချိန်မှာ အချိန်နဲ့နေရာကို မဆက်စပ်နိုင်တော့ဘူး" လို့ Jay Shetty က ပြောပါတယ်။ "ပင်ပန်းနေတဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေ မှားတတ်ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို လုပ်ဖို့ ဘယ်လောက်စွမ်းအင်လိုမလဲဆိုတာ စဉ်းစားပါ။ အရင်က လုပ်ဖူးတဲ့အလုပ်ဆိုရင် အရင်တုန်းက ဘယ်လောက်စွမ်းအင်သုံးခဲ့ရလဲဆိုတာ သိနိုင်ပါတယ်။"
အလုပ်တစ်ခုအတွက် အများဆုံးစွမ်းအင်ဘယ်လောက်လိုမလဲဆိုတာ မစဉ်းစားဘဲ၊ အနည်းဆုံးဘယ်လောက်စွမ်းအင်နဲ့ လုပ်နိုင်မလဲဆိုတာကို စဉ်းစားပါ။ အများဆုံးအားထုတ်ဖို့ ပင်ပန်းနေရင်တောင် အနည်းဆုံးအားနဲ့ အလုပ်ကို ပြီးအောင်လုပ်နိုင်ပါတယ်။
၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားပါ
စွမ်းအင်တိုးစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးဖို့ပါပဲ။ တရားရုံးတွေမှာ လေ့လာချက်တစ်ခုအရ၊ တရားသူကြီးတွေဟာ နေ့လည်စာမစားခင် အပြစ်ဒဏ်ပိုကြီးကြီးပေးတတ်ပြီး၊ နေ့လည်စာစားပြီးတဲ့နောက်မှာ ဒဏ်လျော့ပေးတတ်ကြတယ်လို့ သိရပါတယ်။
"နေ့လည်စာမစားခင်မှာ တရားသူကြီးတွေဟာ ဗိုက်ဆာနေပြီး စားချင်စိတ်နဲ့ စောင့်နေတတ်ကြတယ်" လို့ Jay Shetty က ရှင်းပြပါတယ်။ "သူတို့ရဲ့စွမ်းအင်တွေကျဆင်းပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ဆုံးဖြတ်ချက်တွေ မှားတတ်ပါတယ်။ နေ့လည်စာစားပြီးတဲ့အခါမှာတော့ လန်းဆန်းပြီး နိုးကြားလာကာ အပြစ်ဒဏ်လျော့ပေးတတ်ကြတယ်။"
သင့်အနေနဲ့လည်း ဗိုက်ဆာနေတဲ့အချိန်မှာ ဒီလိုပါပဲ။ သင့်ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပါ။ Jay Shetty ရဲ့ လျှို့ဝှက်လက်နက်ကတော့ စွမ်းအင်တိုးစေတဲ့ စွန်ပလွံသီးတစ်စွန်းပါ။ စွန်ပလွံသီးမှာ သဘာဝသကြားဓာတ်များပြီး စွမ်းအင်ကို လျင်မြန်စွာတိုးစေနိုင်ပါတယ်။ ကော်ဖီအစား စွန်ပလွံသီးကို စားပေးနိုင်ပါတယ်။
၃။ လိုအပ်တဲ့အားထုတ်မှုအလိုက် အလုပ်တွေကို အစီအစဉ်ဆွဲပါ
ဘယ်လိုအလုပ်တွေက သင့်ကို စိတ်အားတက်စေပါသလဲ? ရှုပ်ထွေးတဲ့အလုပ်တွေကို အရင်စလုပ်ရတာ ကြိုက်သလား၊ ဒါမှမဟုတ် လွယ်ကူတဲ့အလုပ်တွေကို အရင်လုပ်ရတာ ပိုသဘောကျသလား?
Jay Shetty ကတော့ သူ့နေ့စဉ်အလုပ်ကို ခက်ခဲတဲ့အရာတစ်ခုနဲ့ စတင်ရတာ ကြိုက်နှစ်သက်ပါတယ်။ ရေခဲရေချိုးတာ (သို့) ရေခဲရေထဲဆင်းတာမျိုးပါ။ ဒါပေမယ့် လူတိုင်းက ဒီလိုမဟုတ်ပါဘူး။ တချို့ကတော့ လွယ်ကူတဲ့အလုပ်တွေကို အရင်လုပ်ပြီး စိတ်အားတက်ချင်ကြပါတယ်။
"လေ့လာချက်တွေအရ လွယ်ကူတဲ့အလုပ်ကို အရင်လုပ်တာဟာ စွမ်းဆောင်ရည်နည်းစေတယ် ဆိုပေမယ့်၊ လူသားဦးနှောက်ဟာ တိုတောင်းတဲ့ဆုလာဘ်တွေကို ပိုနှစ်သက်တတ်ပါတယ်" လို့ Jay Shetty က ရှင်းပြပါတယ်။ "ခက်ခဲတဲ့အလုပ်တွေကို ရွှေ့ဆိုင်းထားတာဟာ အခြားအလုပ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။" ဒါကြောင့် သင့်အတွက် အဆင်ပြေမယ့်နည်းလမ်းကို ရွေးချယ်ပါ။
၄။ ရေချိုးပြီး စိတ်ကိုလန်းဆန်းစေပါ
ရေချိုးတာဟာ စိတ်ကိုလန်းဆန်းစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ရေပူနဲ့ချိုးရင် စိတ်ကိုကောင်းစေပြီး ကြွက်သားတွေကို ပြေလျော့စေကာ အိပ်ပျော်စေနိုင်ပါတယ်။
ရေအေးနဲ့ချိုးရင်လည်း အောက်ဆီဂျင်စုပ်ယူမှုတိုးစေပြီး နှလုံးခုန်နှုန်းကို မြန်စေကာ သွေးလည်ပတ်မှုကောင်းစေပါတယ်။
"ရေချိုးတာဟာ နေ့စဉ်အလေ့အကျင့်တစ်ခုဖြစ်တဲ့အတွက် စိတ်ကို 'နေ့သစ်တစ်ခုစတင်မယ်' လို့ အချက်ပြနိုင်ပါတယ်" လို့ Jay Shetty က ရှင်းပြပါတယ်။
၅။ ဂီတကိုနားထောင်ပါ
ဂီတဟာ သင့်စွမ်းဆောင်ရည်ကို တိုးမြင့်စေနိုင်ပါတယ်။ စာသားမပါတဲ့ ဂန္တဝင်ဂီတ (သို့) သဘာဝအသံတွေက အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။
"သုတေသနတစ်ခုအရ အရေးကြီးတာက ဂီတအမျိုးအစားမဟုတ်ဘဲ တီးလုံးအကြိမ်နှုန်းပါ" လို့ Jay Shetty က ဆိုပါတယ်။ "တစ်မိနစ်ကို ၅၀ ကနေ ၈၀ အကြိမ်နှုန်းရှိတဲ့ ဂီတတွေဟာ ဦးနှောက်ကို alpha state (အာရုံစူးစိုက်မှုအခြေအနေ) ကို ရောက်စေနိုင်ပါတယ်။"
၆။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
ပင်ပန်းနေတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါတာက သဘာဝပါပဲ။ ဒါပေမယ့် အားကစားခန်းမသွားပဲ နားနေရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားပါ။
"ကျွန်တော်တို့ဟာ လေ့ကျင့်ခန်းလုပ်ပြီးရင် ပိုကောင်းတဲ့ခံစားချက်ကို ရရှိမှာပါ" လို့ Jay Shetty က ပြောပါတယ်။ "ပင်ပန်းတာနဲ့ အင်အားကုန်ခမ်းတာကို ခွဲခြားသိဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်က နာကျင်နေရင်၊ လေးလံနေရင် အနားယူဖို့လိုပါတယ်။"
၇။ အနားယူပါ
Jay Shetty ငယ်ငယ်တုန်းက အိပ်ရာဝင်တာကို မကြိုက်ပေမယ့်၊ အခုအရွယ်ရောက်တဲ့အခါမှာတော့ တိုတောင်းတဲ့အိပ်စက်ချိန် (power nap) ဟာ အကောင်းဆုံးဖြစ်ပါတယ်။
လေ့လာချက်တွေအရ ၁၀ မိနစ်ကနေ ၂၀ မိနစ်အတွင်း အိပ်စက်တာဟာ အကောင်းဆုံးဖြစ်ပြီး၊ ပင်ပန်းမှုကိုလျော့ပါးစေကာ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို တိုးတက်စေပါတယ်။
အိပ်စက်ဖို့အတွက် အကြံပြုချက်တချို့ကတော့
- အချိန်ဇယားဆွဲပါ (၁၀-၂၀ မိနစ်အတွင်း)
- နေ့လယ်ပိုင်းမှာ အိပ်ပါ (ညဘက်အိပ်ပျော်မှာစိုးရင် မအိပ်ပါနဲ့)
- အေးမြပြီး တိတ်ဆိတ်တဲ့နေရာမှာ အိပ်ပါ
- စိတ်ဖိစီးမှုတွေကို မေ့ထားပါ
"တစ်ခါတလေ ခဏနားလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်" လို့ Jay Shetty က ဆိုပါတယ်။ "ကျွန်တော်ကတော့ အစည်းအဝေးတွေကြားမှာ ၅ မိနစ်လောက် ခြားပြီး လမ်းလျှောက်တာ၊ ရေသောက်တာ၊ ဝေးဝေးကြည့်တာ စတဲ့အလေ့အကျင့်တွေလုပ်ပါတယ်။"
ကိုယ့်ကိုယ်ကို ဆုချပါ
အလုပ်တစ်ခုကို အောင်မြင်စွာ ပြီးမြောက်အောင်လုပ်နိုင်ရင် သင့်ကိုယ်သင် ဆုချပါ။ စောစောအိပ်တာ (သို့) အနားယူဖို့ အစီအစဉ်ဆွဲထားပါ။
Jay Shetty ရဲ့အကြံပြုချက်တွေကို အသုံးပြုပြီး သင့်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းကာ လုပ်စရာတွေကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါစေ။
medium.com မှ 7 Ways to be Productive Even When You’re Tired ဆောင်းပါးကို သင့်တော်သလို ဘာသာပြန်ထားပါတယ်။
Daw Myint Zu Phyo
BBM (NMDC)
MBA (YUE)
