ငလျင်အလွန် စီးပွားရေး လုပ်ငန်းများ ကြုံတွေ့ရမည့် အခက်အခဲများနှင့် ထိုစိန်ခေါ်မှု့များအတွက် လုပ်ငန်းတွေက ကျင့်သုံးရမည့် နည်းဗျူဟာများ

ငလျင်အလွန်ကာလတွင် စီးပွားရေးလုပ်ငန်းများစွာသည် မလွှဲမရှောင်သာသော စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြရမည်ဖြစ်ပါတယ်။ ထိုအခက်အခဲများက လုပ်ငန်းရဲ့ အမျိုးအစား၊ တည်နေရာနှင့် ငလျင်ရဲ့ ပြင်းအားပေါ်မူတည်ပြီး ကွဲပြားနိုင်သော်လည်း အခုဖော်ပြထားတဲ့အချက်တွေကတော့ အဓိကကျတဲ့ အခက်အခဲများနှင့် လုပ်ငန်းများအနေနဲ့ ကျင့်သုံးသင့်တဲ့ နည်းဗျူဟာများဖြစ်ပါတယ်။

ငလျင်အလွန် စီးပွားရေးလုပ်ငန်းများ ကြုံတွေ့ရမည့် အခက်အခဲများ

အခြေခံအဆောက်အအုံ ပျက်စီးခြင်း: ကြုံတွေ့ခဲ့ရတဲ့ ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခြင်း၊ လျှပ်စစ်မီးနှင့် ရေရရှိမှု ပြတ်တောက်ခြင်း၊ ဆက်သွယ်ရေးစနစ်များ ချို့ယွင်းခြင်းတို့မှာ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများရဲ့ လည်ပတ်မှုတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ ထုတ်ကုန်များ ဖြန့်ဖြူးရန် အခက်အခဲဖြစ်ခြင်း၊ လုပ်ငန်းများ လည်ပတ်ရန် လိုအပ်သော စွမ်းအင်နှင့် ဆက်သွယ်ရေး မရရှိခြင်းတို့က လည်ပတ်နေသော လုပ်ငန်းများ ရပ်တန့်သွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ခြင်း: ငလျင်ကြောင့် ကုန်ကြမ်းထုတ်လုပ်သူများ၊ ပစ္စည်းပေးသွင်းသူများနှင့် ဖြန့်ဖြူးသူများ၏ လုပ်ငန်းများ ထိခိုက်နိုင်ပြီး လုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရရှိရန် ခက်ခဲစေနိုင်ပါတယ်။ ဒီလိုအခက်အခဲဖြစ်ခြင်းက ကုန်ထုတ်လုပ်ငန်းများရဲ့ ထုတ်လုပ်မှုနှုန်းကို ကျဆင်းစေပြီး ကုန်ပစ္စည်း ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဝယ်လိုအား ကျဆင်းခြင်း: ငလျင်ကြောင့် လူနေအိမ်များနှင့် စီးပွားရေး အဆောက်အအုံများ ပျက်စီးတဲ့အခါ လူတို့ရဲ့ ဝယ်ယူနိုင်စွမ်းနှင့် စိတ်ဝင်စားမှု လျော့နည်းသွားနိုင်ပါတယ်။ အရေးပေါ် လိုအပ်တဲ့ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှလွဲပြီး အခြား ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ဝယ်လိုအား သိသိသာသာ ကျဆင်းသွားခြင်းကို ကြုံတွေ့နိုင်ပါတယ်။ ထိုသို့ဖြစ်ခြင်းသည် လက်လီရောင်းချသူများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများကို များစွာ ထိခိုက်စေနိုင်ပါတယ်။

လုပ်သားအင်အား အခက်အခဲ: ငလျင်ကြောင့် ဝန်ထမ်းများ ဒဏ်ရာရရှိခြင်း၊ အိုးအိမ်မဲ့ဖြစ်ခြင်း သို့မဟုတ် မိသားစုကို ပြုစုစောင့်ရှောက်ရန် လိုအပ်ခြင်းတို့ကြောင့် လုပ်ငန်းများတွင် လုပ်သားအင်အား လျော့နည်းသွားနိုင်ပါတယ်။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် လိုအပ်တဲ့အချိန်မှာ ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ရောက်ရှိရန် ခက်ခဲနိုင်သေးတယ်။

ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ: ငလျင်ကြောင့် ပိုင်ဆိုင်မှုများ ပျက်စီးခြင်း၊ လုပ်ငန်းများ ရပ်တန့်ခြင်းနှင့် ဝယ်လိုအား ကျဆင်းခြင်းတို့က လုပ်ငန်းများရဲ့ ငွေကြေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော လုပ်ငန်းများက ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးလိုအပ်နိုင်သော်လည်း ဘဏ်များနှင့် အခြားသော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများရဲ့ လုပ်ငန်းဆောင်ရွက်မှုများလည်း ထိခိုက်နိုင်တဲ့အတွက်ကြောင့် ငွေကြေးရရှိရန် ခက်ခဲနိုင်ပါတယ်။

ငလျင်အလွန်ကာလတွင် လုပ်ငန်းများ လက်တွေ့ကျင့်သုံးရမည့် နည်းဗျူဟာများ

အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ: လုပ်ငန်းတိုင်းမှာ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားသော အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရှိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုမြန်မာနိုင်ငံ မန္တလေးမှာ ကြုံတွေ့ရတဲ့ ငလျင်ကို ကြည့်ပြီး လုပ်ငန်းတွေအနေနဲ့ သတိကြီးစွာ ကြိုတင်လုပ်ဆောင်သင့်သော အချက်များကို ပြင်ဆင်ထားခြင်းက လုပ်ငန်းလျင်မြန်စွာ လည်ပတ်စေဖို့အတွက် များစွာ အ‌ထောက်အကူဖြစ်စေပါတယ်။ ထိုအစီအစဉ်များမှာ ဝန်ထမ်းများရဲ့ ဘေးကင်းလုံခြုံရေး၊ ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ခြင်း၊ လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ရန် ဦးစားပေးအစီအစဉ်များ၊ ဆက်သွယ်ရေး လမ်းကြောင်းများနှင့် ရန်ပုံငွေရရှိရေး နည်းလမ်းများ ပါဝင်သင့်ပါတယ်။

ထောက်ပံ့ရေးကွင်းဆက်ကို ခိုင်မာအောင် တည်ဆောက်ခြင်း: တစ်နေရာတည်းမှသာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရယူနေပါက ငလျင်ကြောင့် ထိုနေရာ ထိခိုက်သောအခါ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားနိုင်ပါတယ်။ ဒါ့ကြောင့် မတူညီတဲ့ ဒေသများမှ Supplier များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အရန်သိုလှောင်ရုံများ တည်ထောင်ခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုခိုင်မာအောင် တည်ဆောက်သင့်ပါတယ်။

ပြောင်းလွယ်ပြင်လွယ်သော လုပ်ငန်းလည်ပတ်မှု: ငလျင်ရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ငန်းလည်ပတ်ပုံစံကို ပြောင်းလဲနိုင်ရန် ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာအားဖြင့် ရုံးလုပ်ငန်းများကို အိမ်မှ လုပ်ကိုင်နိုင်ရန် စီစဉ်ခြင်း၊ ပို့ဆောင်ရေးအတွက် အခြားနည်းလမ်းများ ရှာဖွေခြင်း သို့မဟုတ် ယာယီရောင်းချရန် နေရာများ ပြင်ဆင်ခြင်း စသည်တို့ဖြင့် ပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။

ဝန်ထမ်းများကို ကူညီပံ့ပိုးခြင်း: ငလျင်ဒဏ်ခံစားခဲ့ရသော ဝန်ထမ်းများနှင့် သူတို့ရဲ့ မိသားစုများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ကူညီပံ့ပိုးမှုများ ပေးသင့်ပါတယ်။ သူတို့အတွက် ယာယီနေထိုင်စရာများ စီစဉ်ပေးခြင်း၊ စားသောက်ကုန်နှင့် အခြားအခြေခံ လိုအပ်ချက်များ ထောက်ပံ့ပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရန် ကူညီပေးခြင်းတို့က ဝန်ထမ်းများရဲ့ သစ္စာစောင့်သိမှုကို ရရှိစေပြီး လုပ်ငန်းရဲ့ ပြန်လည်ထူထောင်ရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း: ဒေသခံအစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားသော စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ပါသေးတယ်။ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ အကူအညီများ ပေးအပ်ခြင်းနှင့် အရင်းအမြစ်များ မျှဝေသုံးစွဲခြင်းတို့က အားလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချခြင်း: ငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးသောအခါ ဒစ်ဂျစ်တယ်နည်းပညာက လုပ်ငန်းဆက်လက်လည်ပတ်ရန်နှင့် ဆက်သွယ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပါတယ်။ အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်း၊ အဝေးမှ လုပ်ငန်းများ စီမံခန့်ခွဲခြင်းနှင့် ဖောက်သည်များနှင့် ဆက်သွယ်ခြင်းတို့ကို ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီးလဲ ဆောင်ရွက်နိုင်ပါတယ်။

အာမခံနှင့် ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်များ: လုပ်ငန်းများက သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုများအတွက် သင့်လျော်သော အာမခံများ ထားရှိသင့်ပါတယ်။ ဒါ့အပြင် အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေအချို့ကိုလည်း သီးသန့်ထားရှိသင့်ပါတယ်။

အခုဆွေးနွေးသွားတဲ့ အချက်တွေကို ကြည့်ပြီး ငလျင်အလွန်ကာလမှာ စီးပွားရေးလုပ်ငန်းများဟာ ပုံမှန်မဟုတ်တဲ့ စျေးကွက်အခြေအနေများနှင့် ရင်ဆိုင်ရလေ့ရှိပါတယ်။ ထိုစိန်ခေါ်မှု့များက လုပ်ငန်းတိုင်းရင်ဆိုင်ကြရတယ်ဆိုပေမယ့်လဲ မိမိလုပ်ငန်းခွင်မှာ ကြိုတင်ပြင်ဆင်မှုကောင်းမွန်ခြင်း၊ ပြောင်းလဲနိုင်သော စွမ်းရည်ရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိုအခက်အခဲများကို ကျော်လွှားကာ လုပ်ငန်းကို ပြန်လည်တည်ထောင်နိုင်မည် ဖြစ်ပါတယ်။

Daw Ei Mon Soe

ME-IT (TU Mdy)

MBA Shinawatra University Thailand (International Program)