Behavior Modification Vs. Socialization

လူ့အဖွဲ့အစည်းတွေရော လုပ်ငန်းအဖွဲ့အစည်းများပါ လူပုဂ္ဂိုလ်အများအပြားနဲ့ စုပေါင်းနေထိုင်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တွေ ဖြစ်ကြပါတယ်။ ဒီအဖွဲ့စည်းတွေရဲ့ အဓိကပန်းတိုင်တွေထဲမှာ လူတွေ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့၊ ကျေနပ်ပျော်ရွှင်မှုတွေကို တိုးမြှင့်ဖို့နဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့အတွက် လူသားတွေရဲ့ အပြုအမူတွေကို နားလည်ခြင်းနဲ့ လွှမ်းမိုးနိုင်ခြင်းတို့ ပါဝင်ပါတယ်။ အဖွဲ့အစည်းအတွင်း လူတစ်ဦးချင်းစီ ဘယ်လိုပေါင်းစည်းနေထိုင်ကြပုံ၊ လိုချင်တဲ့အပြုအမူတွေကို ဘယ်လိုပျိုးထောင်ပေးနိုင်ပုံနှင့် မလိုလားအပ်တဲ့အပြုအမူတွေကို ဘယ်လိုလျှော့ချနိုင်ပုံတို့ကို နားလည်ရန်မှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုနဲ့ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို ပိုမိုရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့အတွက် အပြုအမူပြုပြင်ခြင်း (Behavior Modification) နဲ့ လူမှုပေါင်းသင်းဆက်ဆံရေး (Socialization) ဆိုတဲ့ အခြေခံသဘောတရား နှစ်ခုကို အနည်းငယ်ပြောပြချင်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုဟာ တစ်ခါတစ်ရံမှာ ဆက်စပ်နေပေမဲ့ ၎င်းတို့ရဲ့ ရည်ရွယ်ချက်တွေ၊ နည်းလမ်းတွေနဲ့ အဓိကအာရုံစိုက်ဦးတည်တဲ့အရာတွေက ကွဲပြားကြပါတယ်။ ဆိုတော့ဒီအယူအဆနှစ်ခုကို ရှင်းလင်းတင်ပြပြီး ၎င်းတို့ရဲ့ ကွာခြားချက်တွေကိုလည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

အပြုအမူပြုပြင်ခြင်း (Behavior Modification) ဆိုတာ လူတစ်ဦးရဲ့ အပြုအမူကို ပြောင်းလဲဖို့အတွက် စနစ်တကျချမှတ်ထားတဲ့ နည်းလမ်းတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်ဟာ စိတ်ပညာရဲ့ Behaviorism ဘာသာရပ်အပေါ် အခြေခံပြီး အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ မြင်သာထင်သာရှိတဲ့ အပြုအမူတွေကို ပိုဇောင်းပေးပါတယ်။ အပြုအမူတစ်ခု ဖြစ်ပေါ်လာခြင်း သို့မဟုတ် မဖြစ်ပေါ်လာခြင်းဟာ ၎င်းရဲ့နောက်ဆက်တွဲရလဒ်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ အခြေခံသဘောတရားအရ လိုချင်တဲ့အပြုအမူကို ဖြစ်ပေါ်လာဖို့အတွက် ဆုလာဘ်တွေကို အသုံးပြုခြင်းနဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို လျှော့ချဖို့အတွက် အပြစ်ပေးခြင်း သို့မဟုတ် လိုချင်တဲ့ အပြုအမူကို ဖြစ်ပေါ်စေမယ့် အခြေအနေတွေကို ဖန်တီးပေးခြင်းတို့ လုပ်ရပါတယ်။ ဒီလိုလုပ်တာဟာ တိကျပြီးလိုချင်တဲ့ အပြုအမူတစ်ခုကို ပြုပြင်ပြောင်းလဲရန်အတွက် ထိရောက်မှုရှိပြီး ကလေးသူငယ်တွေမှာ စည်းကမ်းမဲ့မှု၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ သို့မဟုတ် မလိုလားအပ်သော အလေ့အကျင့်တွေကို ပြုပြင်ရာမှာ အသုံးများလေ့ရှိသလို အသုံးလဲ ဝင်ပါတယ်။ ဥပမာ - ကလေးတစ်ဦးဟာ စကားပြောတဲ့အခါတိုင်း "ကျေးဇူးတင်ပါတယ်" သို့မဟုတ် "တောင်းပန်ပါတယ်" လို့ သိပ်မပြောတတ်ဘူးဆိုရင် မိဘကလည်း ပြောစေချင်တယ် ထားပါတော့။ ဒီအခါ မိဘက ကလေးက ယဉ်ကျေးတဲ့စကားလုံးတွေကို ပြောလာတဲ့အခါတိုင်း သကြားလုံးတစ်လုံးပေးတာ၊ ချီးကျူးစကားပြောပေးတာ သို့မဟုတ် သူနှစ်သက်တဲ့ကာတွန်းကို ခဏပိုကြည့်ခွင့်ပြုတာ စတဲ့ ဆုလာဘ်တွေ ပေးပြီးတော့ ဒီအပြုအမူတွေကို ထပ်ခါထပ်ခါ ပြုလုပ်လာအောင် အားပေးလုပ်ဆောင်ခြင်းဟာ အပြုအမူပြုပြင်ခြင်းလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ယဉ်ကျေးတဲ့ စကားလုံးတွေ ပြောဆိုတတ်တဲ့အပြုအမူကို တိုးမြှင့်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာဆိုရင်လည်း ဝန်ထမ်းတစ်ဦးဟာ အစည်းအဝေးတွေကို အမြဲလိုလို နောက်ကျတတ်တယ် ထားပါတော့။ မန်နေဂျာက ဒီဝန်ထမ်း အစည်းအဝေးကို အချိန်မီလာရောက်သည့်အခါတိုင်း လူအများရှေ့မှာ ချီးကျူးစကားပြောတာ သို့မဟုတ် လစာတိုးပေးဖို့ စဉ်းစားပေးမယ်လို့ ပြောဆိုတာလုပ်ပြီး အချိန်မီလာရောက်တတ်တဲ့ အပြုအမူကို တိုးမြှင့်စေခြင်း သို့မဟုတ် နောက်ကျတဲ့အခါတိုင်း သတိပေးတာ၊ အရေးယူတာ လုပ်ပြီး နောက်ကျတတ်တဲ့အပြုအမူကို လျှော့ချခြင်း စတာတွေဟာ အပြုအမူပြုပြင်ခြင်း ဖြစ်ပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေး (Socialization) မှာ လူတစ်ဦးဟာ မိမိတို့နေထိုင်ရာ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေ၊ စံနှုန်းတွေ၊ ယုံကြည်မှုတွေ၊ အမူအကျင့်တွေနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူပြီး ထိုလူ့အဖွဲ့အစည်းအတွင်း အဖွဲ့ဝင်နိုင်တဲ့၊ သဟဇာတဖြစ်တဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးတဲ့ ရေရှည်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ မွေးဖွားချိန်မှစကာ ဘဝတစ်လျှောက်လုံး ဖြစ်ပေါ်နေပြီး မိသားစု၊ ကျောင်း၊ သူငယ်ချင်းအပေါင်းအသင်း၊ မီဒီယာနဲ့ အခြားလူမှုအဖွဲ့အစည်းအသီးသီးမှ လွှမ်းမိုးမှုတွေ ပါဝင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးဟာ အပြုအမူတစ်ခုတည်းကို ပြုပြင်ခြင်းထက် ပိုမိုကျယ်ပြန့်ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ပိုင်လက္ခဏာ၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ လူ့အဖွဲ့အစည်းအတွင်း နေထိုင်နည်းတို့ကိုပါ ပုံဖော်ပေးတာဖြစ်ပါတယ်။ ဒါဟာ စည်းကမ်းလိုက်နာတတ်ခြင်း၊ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စာနာနားလည်တတ်ခြင်းနဲ့ လူမှုရေးဆိုင်ရာ အသိပညာများရရှိခြင်းတို့ကို ဦးတည်ဖြစ်ပေါ်စေပါတယ်။ မြင်သာအောင်ပြောပြရရင် ကလေးတစ်ဦးဟာ မူကြိုကျောင်း စတက်တဲ့အခါ အခြားကလေးတွေနဲ့ ဆော့ကစားနည်း၊ အရုပ်တွေကို အတူတူမျှဝေသုံးစွဲနည်း၊ ဆရာ ဆရာမတွေရဲ့ စကားကို နားထောင်နည်း၊ ကိုယ့်အလှည့်ကျစောင့်ဆိုင်းနည်း စတာတွေကို သင်ယူရပါတယ်။ ဒါဟာ အဖွဲ့အစည်းဖြစ်တဲ့ မူကြိုကျောင်းရဲ့ စည်းကမ်းတွေ၊ အတူတကွနေထိုင်ရေးအတွက် လိုအပ်တဲ့ အပြန်အလှန်ဆက်ဆံရေးကျွမ်းကျင်မှုတွေနဲ့ လူမှုရေးဆိုင်ရာ တန်ဖိုးတွေကို သင်ယူခြင်းဖြစ်ပြီး လူမှုပေါင်းသင်းဆက်ဆံရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းနယ်ပယ်မှာတော့ လူတစ်ယောက်က အလုပ်သစ်တစ်ခုကို ပြောင်းရွှေ့လာတာ၊ အသစ်ဝင်လာတဲ့အခါ ကိုယ်ရောက်တဲ့အဖွဲ့အစည်းရဲ့ လုပ်ငန်းပုံစံတွေ၊ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေ (ဥပမာ- တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခေါ်ဝေါ်ဆက်ဆံရမယ်၊ အဝတ်အစား ဘယ်လိုဝတ်ဆင်ရမယ်၊ အီးမေးလ် ဘယ်လိုရေးရမယ်)၊ သတ်မှတ်ထားတာမျိုးမဟုတ်တဲ့စည်းကမ်းတွေ (ဥပမာ - အခက်အခဲရှိပါက ဘယ်သူ့ကို အကူအညီတောင်းရမယ်) နဲ့ အဖွဲ့အစည်းက တန်ဖိုးထားတဲ့အရာတွေ (ဥပမာ - ဆက်ဆံရေးကောင်းမွန်ဖို့၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိဖို့) စတာတွေကို သင်ယူရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဒီအသစ်ဝင်လာတဲ့လူအနေနဲ့ ရောက်တဲ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သို့မဟုတ် အဖွဲ့ဝင်တစ်ယောက်အဖြစ် အောင်မြင်စွာ ပေါင်းစည်းဝင်ဆံ့နိုင်ဖို့ ကူညီပေးပြီး ဒါဟာ လူမှုပေါင်းသင်းဆက်ဆံရေး ဖြစ်ပါတယ်။

ဒီအယူအဆနှစ်ခုရဲ့ အဓိကကွာခြားချက်ကတော့ ရည်ရွယ်ချက်နဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ အပြုအမူပြုပြင်ခြင်းဟာ တိကျတဲ့အပြုအမူတွေကို ပြောင်းလဲဖို့ ရည်ရွယ်ပြီး များသောအားဖြင့် သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်းမှာ ဆောင်ရွက်တတ်ကြပါတယ်။ ဒါက ပြင်ပလှုံ့ဆော်မှုတွေ (ဥပမာ- ဆုလာဘ်၊ အပြစ်ပေး) ကို အသုံးပြုကာ အပြုအမူတွေကို ထိန်းချုပ်ဖို့ ပိုမိုရည်ရွယ်ပါတယ်။ တစ်ဖက်မှာ လူမှုပေါင်းသင်းဆက်ဆံရေးက ပိုမိုကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ နေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ စိတ်နေစိတ်ထားတွေကို တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။ ဒါက ပြင်ပလှုံ့ဆော်မှုတွေအပြင် အတွင်းပိုင်းမှ ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်မှုတွေ (ဥပမာ - လူမှုရေးအရ လက်ခံလိုစိတ်၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု) ကိုလည်း မှီခိုအားကိုးပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးဟာ တစ်သက်တာလုံး ဖြစ်ပေါ်ပြီး လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ တန်ဖိုးတွေကို လက်ဆင့်ကမ်းခြင်းတွေ ပါဝင်ပါတယ်။ နှစ်ခုပေါင်းပြီးဥပမာပေးပြရရင် ကလေးတစ်ဦးက အရုပ်တွေကို ကစားပြီးနောက် မသိမ်းဆည်းဘူးဆိုရင် အပြုအမူပြုပြင်ခြင်းနည်းလမ်းအရ အရုပ်သိမ်းဆည်းလိုက်ပါက ချီးကျူးခြင်း သို့မဟုတ် အခြားလိုချင်သောအရာတစ်ခုခုပေးခြင်းနဲ့ "အရုပ်သိမ်းဆည်းခြင်း" အပြုအမူကို ပြုပြင်ခြင်းဖြစ်ပြီး၊ လူမှုပေါင်းသင်းဆက်ဆံရေးနည်းလမ်းအရ ကလေးအား မိမိပစ္စည်းတွေကို တာဝန်ယူတတ်ဖို့၊ မိမိနေထိုင်ရာပတ်ဝန်းကျင်ကို သပ်ရပ်စွာထားဖို့နဲ့ အခြားသူတွေနဲ့အတူ မျှဝေသုံးစွဲတဲ့ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ သင်ကြားပေးရပြီး ပိုမိုကျယ်ပြန့်တဲ့ လူမှုရေးဆိုင်ရာ တန်ဖိုးတွေနဲ့ တာဝန်ယူမှုတွေကို သင်ကြားပေးခြင်းဖြစ်ပါတယ်။

ဒီတော့ အပြုအမူပြုပြင်ခြင်းဟာ တိကျတဲ့အပြုအမူတွေကို ပြောင်းလဲဖို့ အာရုံစိုက်တဲ့ နည်းလမ်းဖြစ်ပြီး လူမှုပေါင်းသင်းဆက်ဆံရေးကတော့ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ နေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့ လူမှုရေးဆိုင်ရာဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို တည်ဆောက်တဲ့ ရေရှည်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီနှစ်ခုက ကွဲပြားခြားနားချက်တွေရှိပေမယ့်လည်း လူတစ်ဦးချင်းစီရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင် နှစ်ခုစလုံးဟာ အရေးကြီးတဲ့ကဏ္ဍမှ ပါဝင်နေပါတယ်။

 

David A. Buchanan နဲ့ Andrzej A. Huczynski တို့ရဲ့ 10 Edition Organizational Behavioral စာအုပ်ရဲ့  Chapter 5: Leaning အခန်းမှ ကိုးကားကောက်နှုတ်ရေးသားထားပါတယ်။

 

U Zin Lwin Thant

Lecturer, Strategy First Int'l College

B.Act, M.Act (MUE)