အလုပ်ချိန်ပိုလုပ်ခြင်း၏ Productivity အပေါ် သက်ရောက်မှုဆိုးကျိုးများ

အလုပ်ခွင်များစွာတွင် အလုပ်ချိန်ပိုလုပ်ခြင်းကို လုပ်ငန်းတာဝန်များနှင့် အချိန်ဇယားဆိုင်ရာ ဖိစီးမှုများကို ကိုင်တွယ်ရန် လိုအပ်သောနည်းလမ်းတစ်ခုအဖြစ် မြင်ကြပါတယ်။ အချို့အဖွဲ့အစည်းများက အလုပ်ချိန်ပိုလုပ်ခြင်းကို ဝန်ထမ်း၏ ကုမ္ပဏီအပေါ် သစ္စာရှိမှုအထောက်အထားအဖြစ် မှတ်ယူကြပါတယ်။ သို့သော် ရေရှည်တွင် အလုပ်ချိန်အလွန်အကျွံလုပ်ခြင်း၏ သက်ရောက်မှုများသည် ဝန်ထမ်းတစ်ဦးချင်းစီနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

ထုတ်လုပ်မှုစွမ်းအား (Productivity) ဆိုသည်မှာ အလုပ်တစ်ခုကို အရည်အသွေးမြင့်မားစွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှုဖြစ်ပြီး အလုပ်လုပ်သည့် အချိန်နာရီအရေအတွက်နှင့် မသက်ဆိုင်ပါ။ အလုပ်ချိန်ပိုလုပ်ခြင်းသည် ထုတ်လုပ်မှုစွမ်းအားကို လျော့ကျစေရန် အကြောင်းရင်းများစွာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် ထိရောက်သော ဝန်ထမ်းတစ်ဦး၏ အခြေခံပင်ဖြစ်ပါတယ်။ အနားယူခြင်းနှင့် အိပ်စက်ခြင်းတို့သည် ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပြီး ဝန်ထမ်းများအား အကောင်းဆုံးစွမ်းဆောင်နိုင်စေရန် ကူညီပေးနိုင်ပါတယ်။

အလုပ်ချိန်ပိုလုပ်ခြင်းသည် အဖွဲ့အစည်းများအတွက် အချိန်ပိုကြေးထက် ပိုမိုမြင့်မားသော ကုန်ကျစရိတ်များ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အလုပ်ချိန်ပို၏ ဆိုးကျိုးများကို နားလည်ပြီး စီမံခန့်ခွဲခြင်းသည် ထိရောက်သော လုပ်ငန်းစွမ်းဆောင်မှုနှင့် ကျန်းမာသော အလုပ်သမားအင်အားကို ထိန်းသိမ်းရန် အရေးကြီးပါတယ်။

အလုပ်ချိန်ပိုလုပ်ခြင်း၏ ထုတ်လုပ်မှုစွမ်းအားအပေါ် သက်ရောက်မှုများ

၁။ စွမ်းဆောင်ရည်လျော့ကျခြင်း

အလုပ်ချိန်ပိုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရန်ဖြစ်သော်လည်း အမှန်တွင် ၎င်းသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ Stanford တက္ကသိုလ်ရဲ့ သုတေသနအရ အလုပ်အလွန်အကျွံလုပ်ခြင်းသည် စွမ်းဆောင်ရည်ကို လျော့ကျစေပြီး အထူးသဖြင့် အချိန်ပို တစ်ပတ်လျှင် ၅၀ နာရီထက် ပိုလုပ်ပါက တစ်နာရီအတွက် ထုတ်လုပ်မှုနှုန်း ကျဆင်းလာပြီး ၆၀ နာရီကျော်လျှင် ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဥပမာအားဖြင့်် တစ်ပတ်အတွင်း ၆၀ နာရီ အလုပ်လုပ်သော ထုတ်လုပ်မှုသည် တစ်ပတ်အတွင်း ၄၀ နာရီ အလုပ်လုပ်သော ထုတ်လုပ်မှုထက် သုံးပုံနှစ်ပုံခန့် လျော့နည်းသွားနိုင်တယ်လို့ဆိုပါတယ်။

၂။ အမှားများခြင်း၊ မတော်တဆထိခိုက်မှုနှင့် ဘေးအန္တရာယ်တိုးလာခြင်း

အလုပ်ချိန်ပိုလုပ်ခြင်းသည် အမှားအယွင်းများနှင့် လုပ်ငန်းခွင်အန္တရာယ်များကို ပိုမိုဖြစ်စေနိုင်ပါတယ်။ Occupational and Environmental Medicine ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ အချိန်ပိုလုပ်သူများတွင် ထိခိုက်ဒဏ်ရာရနိုင်ခြေ ၆၁% ပိုများတာကိုတွေ့ရပါတယ်။ တစ်နေ့လျှင် ၁၂ နာရီ (သို့) ထို့ထက်ပိုလုပ်သူများတွင် အန္တရာယ်ဖြစ်နိုင်ခြေ ၃၇% တိုးလာပြီး တစ်ပတ်လျှင် ၆၀ နာရီအထက် အလုပ်လုပ်သူများတွင် ၂၃% ပိုများတယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းသည် ထုတ်လုပ်မှုကို ရပ်တန့်စေရုံသာမက အမှားများကြောင့် အခြားအဖွဲ့ဝင်များအား အပိုအလုပ်များ လုပ်ရခြင်း (သို့) အမှားပြင်ဆင်ရန် အချိန်ပိုကုန်စေခြင်းတို့ကြောင့် စွမ်းဆောင်ရည်ကို ထပ်မံထိခိုက်စေနိုင်ပါတယ်။

၃။ အလုပ်ပျက်ကွက်မှုနှုန်း မြင့်တက်လာခြင်း

အလုပ်ချိန်ပိုများလာပါက ဝန်ထမ်းများသည် စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုများကို ကိုင်တွယ်ရန် အလုပ်မှ ခေတ္တအနားယူခြင်းများ ပိုမိုလုပ်လာကြပါတယ်။ မမျှော်လင့်ထားသော အလုပ်ပျက်ကွက်မှုများကြောင့် အဖွဲ့၏ လုပ်ငန်းစဉ်များ နှောင့်နှေးကာ အခြားအဖွဲ့ဝင်များအတွက် အလုပ်ဝန်ပိစေပြီး ထုတ်လုပ်မှုကို ပိုမိုထိခိုက်စေနိုင်ပါတယ်။

၄။ ဝန်ထမ်းအလုပ်ထွက်နှုန်း မြင့်တက်လာခြင်း

အလုပ်ချိန်ပိုများလာခြင်းသည် ဝန်ထမ်းများ၏ အလုပ်ထွက်လိုစိတ်ကို တိုးလာစေပါတယ်။ McKinsey & Company ၏ သုတေသနအရ COVID-19 ကပ်ရောဂါအပြီးတွင် ဖြစ်ပွားခဲ့သော "The Great Resignation" (အလုပ်ထွက်မှုလှိုင်း) ၏ အဓိကအကြောင်းရင်းမှာ မခံမရပ်နိုင်သော အလုပ်ဝန်ထုပ်များကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းအင်အား လျော့နည်းနေသော ကုမ္ပဏီများတွင် အလုပ်ချိန်ပိုကို ဆက်လက်အားကိုးပါက ဝန်ထမ်းများ ပိုမိုထွက်ခွာသွားနိုင်ပြီး ထုတ်လုပ်မှုစွမ်းအား ပိုမိုကျဆင်းလာနိုင်ပါတယ်။

၅။ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ တိုးလာခြင်း

အလုပ်ချိန်ပိုလုပ်ခြင်းသည် နှလုံးရောဂါ၊ သွေးတိုး၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါများကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှုအရ တစ်ပတ်လျှင် ၅၅ နာရီထက် ပိုလုပ်သူများတွင် လေဖြတ်နိုင်ခြေ ၃၅% ပိုများပြီး  နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်ခြေ ၁၇% ပိုများတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးချို့တဲ့သော ဝန်ထမ်းများသည် အလုပ်လုပ်နိုင်စွမ်းကျဆင်းခြင်း၊ မကြာခဏခွင့်ယူခြင်း (သို့) လုံးဝအလုပ်မလုပ်နိုင်တော့ခြင်းတို့ ဖြစ်နိုင်ပါတယ်။

၆။ စိတ်ကျန်းမာရေး ထိခိုက်ခြင်း

အလုပ်ချိန်ပိုများခြင်းသည် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းနှင့် Burnout (စိတ်ပိုင်းဆိုင်ရာ လောင်ကျွမ်းခြင်း) ကို ဖြစ်စေနိုင်ပါတယ်။ အမေရိကန် ကျန်းမာရေးဌာန (NIH) ၏ အစီရင်ခံစာအရ တစ်ပတ်လျှင် ၆၀ နာရီထက် ပိုလုပ်သူများတွင် စိတ်ဓာတ်ကျနိုင်ခြေ (၁.၄) ဆ ပိုများပြီး စိတ်ကျန်းမာရေး ချို့တဲ့နိုင်ခြေ (၁.၆၆) ဆ ပိုများတယ်လို့ ဆိုပါတယ်။ ထို့အပြင် အလုပ်ဖိစီးမှုများသူများသည် အရက်သောက်သုံးမှုကို ပိုမိုမြင့်တက်စေနိုင်ပြီး ၎င်းသည် စိတ်ကျန်းမာရေးကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

အလုပ်ချိန်ပိုလုပ်ခြင်းသည် ရေတိုတွင် အလုပ်တာဝန်ပြီးမြောက်စေနိုင်သော်လည်း ရေရှည်တွင် ဝန်ထမ်းများ၏ ကျန်းမာရေး၊ စိတ်အားထက်သန်မှုနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် အဖွဲ့အစည်းများအနေဖြင့် အလုပ်နှင့်ဘဝ ဟန်ချက်ညီမျှမှု (Work-Life Balance) ကို မြှင့်တင်ပေးခြင်း ထိရောက်သော အချိန်စီမံခန့်ခွဲမှုနည်းလမ်းများကို အသုံးပြုခြင်းနှင့် ဝန်ထမ်းများ၏ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်းတို့ဖြင့် ထုတ်လုပ်မှုစွမ်းအားကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

 

6 Negative Effects of Overtime on Employee Productivity – ActivTrak ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

Lecturer, Strategy First Int'l College

B.C.Sc., B.C.Sc. (Hons), M.C.Sc.