ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ အရေးပါသောခြေလှမ်းများ

စီးပွားရေးတိုးတက်မှုနှေးကွေးလာတဲ့ကာလတွေနဲ့ စီးပွားရေးကျဆင်းလာတဲ့ကာလတွေက လုပ်ငန်းတိုင်း အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ အထူးသဖြင့်  လူ့စွမ်းအားအရင်းအမြစ် (HR) စီမံခန့်ခွဲမှုနယ်ပယ်မှာ  မဟာဗျူဟာကျကျ ပြောင်းလဲမှုတွေပြုလုပ်ရန် လိုအပ်လာပါတယ်။ လက်ရှိအချိန်မှာ လူ့စွမ်းအားအရင်းအမြစ် ဈေးကွက်အနေနဲ့ ထူးခြားတဲ့ အခြေအနေတစ်ရပ်ကိုရင်ဆိုင်နေရပါတယ်။ ဒါကတော့ အလုပ်လက်မဲ့နှုန်းတွေ နည်းပါးတယ်ဆိုပေမယ့် လုပ်ငန်းအများအပြားမှာ အရည်အချင်းပြည့်ဝတဲ့သူတွေ ရှားပါးနေဆဲ ဖြစ်ပါတယ်။ စီးပွားရေးကျဆင်းမှုတွေကြောင့် အချို့လုပ်ငန်းတွေမှာ အလုပ်သမားလျှော့ချမှုတွေ ဖြစ်ပေါ်နေပေမယ့် အချို့ကဏ္ဍတွေမှာတော့ အလုပ်သမားပြတ်လပ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် HR မန်နေဂျာတွေက စီးပွားရေးအခြေအနေနဲ့အညီ လိုက်လျောညီထွေရှိတဲ့ မဟာဗျူဟာတွေကို ချမှတ်ဖို့လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ စီးပွားရေးကျဆင်းမှုကာလမှာ လုပ်ဆောင်ရမယ့်အချက်တွေနဲ့ ထိုကာလအပြီး စီးပွားရေးပြန်လည် တိုးတတ်လာပါက လုပ်ဆောင်ရမယ့်အချက်တွေဆိုပြီး အခြေအနေနှစ်ခု နဲ့ သုံးသပ်ရှင်းပြ ပေးမှာဖြစ်ပါတယ်။ စီးပွားရေးအကျပ်အတည်းကာလတွေမှာ လုပ်ငန်းတွေအတွက် အခက်အခဲတွေ တွေ့နိုင်တယ်ဆိုပေမယ့် မှန်ကန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကို သေချာစီမံခန့်ခွဲမယ်ဆိုရင် စီးပွားရေး ပြန်လည် တိုးတက်လာတဲ့ အချိန်တွေမှာ ပိုမိုအားကောင်းတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မှာ ပဲဖြစ်ပါတယ်။

စီးပွားရေးကျဆင်းမှုကာလတွင် အာရုံစိုက်ရမည့်အချက်များ

(၁) စွမ်းဆောင်ရည်နိမ့်ကျသော ဝန်ထမ်းများကို စီစစ်ခြင်း

စီးပွားရေးကျဆင်းနေတဲ့ကာလတွေဟာ လုပ်ငန်းတွေအနေနဲ့ မိမိအဖွဲ့အစည်းမှာရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်ကို ပြန်လည်သုံးသပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ စီးပွားရေးကျဆင်းနေတဲ့ကာလမှာ လုပ်ငန်းတွေအတွက် မိမိရဲ့အဖွဲ့အစည်းအတွင်းရှိ စွမ်းဆောင်ရည်နိမ့်ကျသူတွေကို စီစစ်ဖယ်ရှားရန် အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ အရင်က အလုပ်သမားရှားပါးတဲ့ အခြေအနေတွေကြောင့် စွမ်းဆောင်ရည် နိမ့်သူတွေကို ရွေးချယ်ခန့်ထားမိခဲ့ပါက၊ ဒီအချိန်ဟာ ပြန်လည်စစ်ထုတ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ ဒီကာလမှာ စီမံခန့်ခွဲသူတွေက အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေတဲ့ အနှောင့်အယှက်ပေးသူတွေကို စီစစ်ခြင်း၊ ဝန်ထမ်းတွေရဲ့ အရည်အချင်းနဲ့ လိုက်လျောညီထွေရှိမှုကို ပြန်လည်သုံးသပ်ခြင်း စတာတွေကိုဆောင်ရွက် သင့်ပါတယ်။

(၂) အရည်အချင်းရှိသော ဝန်ထမ်းများကို ထိန်းသိမ်းခြင်း

စီးပွားရေးကျဆင်းနေတဲ့ကာလအတွင်း လုပ်ငန်းတွေအနေနဲ့ "ထိန်းသိမ်းထားရမည့်သူများ" (Key Employees) ကို သိဖို့လိုအပ်သလို၊ လုပ်ငန်းကထွက်မသွားအောင်ထိန်းသိမ်းထားဖို့လည်း လိုအပ်ပါတယ်။ Key Employee တွေဟာ လုပ်ငန်းအောင်မြင်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေသူများဖြစ်ပါတယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ တန်ဖိုးရှိတဲ့ ဝန်ထမ်းတွေကို ဖော်ထုတ်ခြင်း၊ သူတို့ရဲ့ လိုအပ်ချက်တွေကို နားလည်ခြင်း၊ စိတ်ဓာတ်မကျဆင်းစေရန် အားပေးမှုတွေ ပြုလုပ်ခြင်း၊ လစာနဲ့ အခြားအကျိုးခံစားခွင့်တွေ ပံ့ပိုးခြင်းစတာတွေကို ဆောင်ရွက်သင့်ပါတယ်။

(၃) ကုန်ကျစရိတ်စီမံခန့်ခွဲ့ခြင်း

နောက်ဆုံးအနေနဲ့ စီးပွားရေးကျဆင်းနေတဲ့ကာလအတွင်း  ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တိုး တက်စေရန် ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့လိုအပ်ပါတယ်။ အရင်ဆုံး လေ့ကျင့်သင်ကြားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုန်ကျစရိတ်တွေကို လုံးဝမဖြတ်တောက်ဘဲ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို အသုံးပြုရန် လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အွန်လိုင်းသင်တန်းများမှ သင်ယူမှုများ၊ ၀န်ထမ်းအချင်းချင်း လေ့လာသင်ယူမှုစနစ်များ (Peer Learning)၊ နဲ့ အတွေ့အကြုံမျှဝေခြင်းစနစ်များ စတဲ့နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ကုန်ကျစရိတ်သက်သာစေနိုင်ပါတယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ မဖြစ်မနေလိုအပ်တဲ့ နေရာတွေမှာသာ ငွေကြေးသုံးစွဲခြင်း၊ ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေ ရှာဖွေခြင်း အစရှိတာတွေကို သေချာလုပ်ဆောင်သင့်ပါတယ်။

စီးပွားရေးပြန်လည်တိုးတက်လာချိန်တွင် အာရုံစိုက်ရမည့်အချက်များ

(၁) ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း

စီးပွားရေးပြန်လည်တိုးတက်လာတဲ့အချိန်မှာ ပထမဆုံးစဉ်းစားရမှာကတော့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို စနစ်တကျမြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ပိုမိုထိရောက်တဲ့ လေ့ကျင့်သင်ကြားမှု အစီအစဉ်တွေကို ဒီဇိုင်းဆွဲသင့်ပါတယ်။ ဥပမာအနေနဲ့ အွန်လိုင်းကနေ သင်ယူမှုများ၊ လက်တွေ့လုပ်ငန်းခွင် လေ့ကျင့်မှုများ၊ ကျွမ်းကျင်သူများနဲ့ အတွေ့အကြုံမျှဝေခြင်းစနစ်များ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင်  ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို အထောက်အကူဖြစ်စေမယ့် ဆော့ဖ်ဝဲလ်နဲ့. စက်ကိရိယာတွေကို ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။

(၂) ဝန်ထမ်းများတည်မြဲရန် လုပ်ဆောင်ခြင်း

            စီးပွားရေးပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ဆက်လက်ရှိနေစေရန် မဟာဗျူဟာတွေ ချမှတ်ဖို့လိုအပ်ပါတယ်။ အရင်ဆုံး ကောင်းမွန်တဲ့လုပ်ငန်းခွင် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် လိုအပ်ပါတယ်။ ဝန်ထမ်းတွေစိတ်အေးချမ်းစွာ အလုပ်လုပ်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို သိရှိရန် ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရပါမယ်။ ဒါ့အပြင်လစာနဲ့ အခြားအကျိုးခံစားခွင့်တွေကို ဈေးကွက်နဲ့အညီ ပြန်လည်သုံးသပ်ပြီး ပံ့ပိုးပေးသင့်ပါတယ်။

(၃) အရည်အချင်းရှိသူများကို ဆွဲဆောင်ခြင်း

စီးပွားရေးပြန်လည်တိုးတက်လာတဲ့အချိန်မှာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ထိရောက်စွာ ဆွဲဆောင်ဖို့ လိုအပ်ပါတယ်။ အရင်ဆုံး  လုပ်ငန်းယဉ်ကျေးမှုနဲ့ အခွင့်အလမ်းတွေကို ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက်များနဲ့ အလုပ်အကိုင်ဝက်ဘ်ဆိုဒ်တွေမှာ ထိရောက်စွာ ကြော်ငြာသင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ တိုးတက်မှုအတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ဖန်တီးပေးရန် လိုအပ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ လစာနဲ့အကျိုးခံစားခွင့်များကို မျှတစွာ စဉ်စားပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ လုပ်ငန်းဆီကို အရည်အချင်းရှိသူတွေ ပိုမိုဝင်ရောက်လာအောင် ဆွဲဆောင်နိုင်မှာပဲဖြစ်ပါတယ်။

စီးပွားရေးကျဆင်းတဲ့ကာလတွေဟာ လုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဆိုပေမယ့် မှန်ကန်တဲ့ စီမံခန့်ခွဲမှုကိုသာလုပ်ဆောင်မယ်ဆိုရင် အခက်အခဲတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ စီးပွားရေးကျဆင်းတဲ့ကာလတွေမှာ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း၊ အရည်အချင်းရှိသူတွေ ထိန်းသိမ်းခြင်းနဲ့ ကုန်ကျစရိတ်ထိရောက်စွာ စီမံခန့်ခွဲခြင်းတွေကို အဓိကထား ဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးပြန်လည်တိုးတက်လာတဲ့အချိန်တွေမှာတော့ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ဝန်ထမ်းတည်မြဲရန် လုပ်ဆောင်ခြင်းနဲ့ အရည်အချင်းရှိသူတွေကို ဆွဲဆောင်ခြင်းစတာတွေကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ လုပ်ငန်းတွေအနေနဲ့ စီးပွားရေးအကျပ်အတည်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ပိုမိုအားကောင်းတဲ့ အဖွဲ့အစည်းအဖြစ် အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။  

Forbes ရဲ့ “Human Resource Management in Recession” ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကား ရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com**(MEUE)

Meiktila University of Economics