Nike ရဲ့ အောင်မြင်မှု ဇာတ်လမ်း

Nike ဆိုတဲ့ အမည်ကို ကြားလိုက်တာနဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ လှပစွာကွေးညွှတ်နေတဲ့ Swoosh လိုဂိုနဲ့ "Just Do It" ဆိုတဲ့ စွမ်းအားပြည့်ဆောင်ပုဒ်တို့ကို အလွယ်တကူ မြင်ယောင်မိကြမှာပါ။ ဒီနေ့မှာ Nike ဟာ ကမ္ဘာ့အကြီးဆုံး အားကစားဖိနပ်နဲ့ အဝတ်အစား ထုတ်လုပ်ရောင်းချသူတစ်ဦးဖြစ်နေပြီဖြစ်ပေမယ့် ၎င်းရဲ့ ခရီးကတော့ လွယ်လွယ်ကူကူနဲ့ အောင်မြင်လာခဲ့တာမဟုတ်ပါဘူး။ ဒီလို ကမ္ဘာကျော် Brand တစ်ခုဖြစ်လာဖို့ Nike ဟာ ဘယ်လို ခရီးကြမ်းကို ဖြတ်သန်းခဲ့ရသလဲ ဘယ်လို Strategy တွေနဲ့ အောင်မြင်မှု ရယူခဲ့သလဲဆိုတာကို ဒီဆောင်းပါးမှာ အသေးစိတ် တင်ပြသွားပါမယ်။

Nike ရဲ့ ဇာတ်လမ်းအစ

Nike ရဲ့ ဇာတ်လမ်းဟာ ၁၉၆၄ ခုနှစ်မှာ Oregon တက္ကသိုလ်ရဲ့ Track and Field Coach ဖြစ်တဲ့ Bill Bowerman နဲ့ သူ့ရဲ့ ကျောင်းသားဟောင်း Phil Knight တို့ ပူးပေါင်းပြီး Blue Ribbon Sports (BRS) ဆိုတဲ့ ကုမ္ပဏီလေးကို တည်ထောင်ခဲ့ရာက စတင်ခဲ့တာပါ။ Phil Knight ဟာ University of Oregon မှာ ပြေးခုံပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နည်းပြဖြစ်တဲ့ Bill Bowerman ကတော့ အားကစားဖိနပ်တွေရဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ကို အမြဲတမ်း စိတ်ဝင်စားနေသူ တစ်ယောက်ပါ။ Bowerman ဟာ ပြေးခုံပစ်အားကစားသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဖိနပ်တွေ ဖန်တီးပေးချင်တဲ့ စိတ်ဆန္ဒရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ဖိနပ်လုပ်ငန်းကို စတင်ခဲ့ကြပါတယ်။

အစပိုင်းမှာ BRS ဟာ ဂျပန်နိုင်ငံက Onitsuka Tiger (ယခု ASICS) ဖိနပ်တွေကို အမေရိကန်မှာ ပြန်လည်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ Phil Knight ဟာ သူ့ရဲ့ ကားအနောက်ဖုံးထဲမှာ ဖိနပ်တွေကို ထည့်ပြီး Track and Field ပြိုင်ပွဲတွေမှာ လိုက်လံရောင်းချခဲ့ပါတယ်။ BRS ဟာ Onitsuka Tiger ဖိနပ်တွေကို ရောင်းချရင်း တဖြည်းဖြည်း ကြီးထွားလာခဲ့ပေမယ့် ကိုယ်ပိုင် Brand တစ်ခု တည်ထောင်ဖို့ စိတ်ကူးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ Onitsuka Tiger နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာပြီးနောက် BRS ဟာ ကိုယ်ပိုင် ဖိနပ်တွေကို ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Nike Brand ပေါ်ပေါက်လာခြင်း

၁၉၇၁ ခုနှစ်မှာတော့ BRS ကုမ္ပဏီဟာ Nike အဖြစ် အမည်ပြောင်းလိုက်ပြီး ဂရိဒဏ္ဍာရီထဲက အောင်ပွဲနတ်သမီး "Nike" ရဲ့ အမည်ကို ယူခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Portland State University က graphic design ကျောင်းသူ Carolyn Davidson က Swoosh လိုဂိုကို ဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ ဒီဒီဇိုင်းအတွက် Davidson ကို $၃၅ ပဲ ပေးခဲ့ရပေမယ့် ဒီနေ့မှာတော့ Swoosh လိုဂိုဟာ ကမ္ဘာ့အကျော်ကြားဆုံး အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့ပါပြီ။

ပထမဆုံး Nike Brand နဲ့ ထွက်ရှိလာတဲ့ ဖိနပ်ကတော့ Cortez ဖိနပ်ပါ။ ဒီဖိနပ်ဟာ ပေါ့ပါးပြီး Cushioning ကောင်းမွန်တာကြောင့် ပြေးခုန်ပစ်သမားတွေကြားမှာ အလွန်အောင်မြင်ခဲ့ပါတယ်။ Nike ဟာ အားကစားသမားတွေရဲ့ လိုအပ်ချက်ကို နားလည်ပြီး Performance ကို အဓိကထားတဲ့ ဖိနပ်တွေကို ထုတ်လုပ်ခဲ့တာဟာ အောင်မြင်မှုရဲ့ အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။

Bill Bowerman ဟာ အားကစားသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဖိနပ်တွေကို ဖန်တီးဖို့ အမြဲ စိတ်အားထက်သန်သူပါ။ သူကအမြဲတမ်း ဖိနပ်ရဲ့ Performance ကို မြှင့်တင်ဖို့ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Bowerman ဟာ  သူ့ရဲ့ နာမည်ကျော် "Waffle Sole" ကို မနက်စာစားရင်း ဇနီးသည်ရဲ့ waffle မုန့်ဖုတ်စက်ထဲကို Rubber ထည့်ပြီး စမ်းသပ်ခဲ့ရာကနေ ရရှိခဲ့တာပါ။ ဒီ Waffle Sole ဟာ ဖိနပ်ရဲ့  ကုပ်အားနဲ့ တည်ငြိမ်မှုကို ကို သိသိသာသာ တိုးမြှင့်ပေးနိုင်ခဲ့ပြီး ပြေးခုန်ပစ်သမားတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Waffle Trainer ဖိနပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး Nike ကို ဈေးကွက်မှာ ထင်ရှားလာစေခဲ့ပါတယ်။

ဈေးကွက်နည်းဗျူဟာများ

Nike ရဲ့ အောင်မြင်မှုမှာ သူ့ရဲ့ ထူးခြားတဲ့ Marketing Strategy တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

၁။ Athlete Endorsements: Nike ဟာ ကမ္ဘာကျော် အားကစားသမားတွေကို Brand Ambassador အဖြစ် ခန့်အပ်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို ကြော်ငြာခဲ့ပါတယ်။ Michael Jordan, Tiger Woods, LeBron James, Cristiano Ronaldo စတဲ့ ကမ္ဘာ့အကောင်းဆုံး အားကစားသမားတွေနဲ့ လက်တွဲ လုပ်ခဲ့တာဟာ Nike ရဲ့ Brand Image နဲ့ Sales ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီ Endorsement တွေဟာ Nike ကို Professional အားကစားလောကနဲ့ ခွဲခြားလို့ မရအောင် လူတွေရဲ့ အသိမှာ ချိတ်ဆက်ပေးခဲ့ပါတယ်။

၂။ "Just Do It" Campaign: ၁၉၈၈ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ "Just Do It" Campaign ဟာ Nike ရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး Campaign တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီ Slogan ဟာ လူတွေကို သူတို့ရဲ့ ပန်းတိုင်တွေဆီ ရောက်အောင် ကြိုးစားဖို့ အခက်အခဲတွေကို ကျော်လွှားဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ ဒါဟာ ရိုးရှင်းပေမယ့် အားကောင်းတဲ့ Message တစ်ခုဖြစ်ပြီး Nike ကို ဖိနပ်ကုမ္ပဏီသက်သက် မဟုတ်ဘဲ Motivation နဲ့ Inspiration ကို ပေးတဲ့ Brand တစ်ခုအဖြစ် ပုံဖော်ပေးခဲ့ပါတယ်။ ဒီ Campaign ဟာ Emotional Connection ကို အဓိကထားပြီး လူတွေရဲ့ စိတ်ခံစားမှုနဲ့ ချိတ်ဆက်ခဲ့တာပါ။ "Just Do It" ဟာ ရိုးရှင်းပေမယ့် အဓိပ္ပာယ် ကြီးမားတဲ့ မက်ဆေ့ချ် တစ်ခုပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ကြိုးစားအားထုတ်မှုတွေကို ဘာမှ တွေဝေ မနေပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့ စကား ဖြစ်ပါတယ်။ လူတိုင်း နားလည်လွယ်ပြီး လူတိုင်းနဲ့ သက်ဆိုင်တဲ့ မက်ဆေ့ချ် ဖြစ်တာကြောင့် လူတွေရဲ့ စိတ်ထဲမှာ စွဲထင်နေစေပါတယ်။

၃။ Storytelling: Nike ဟာ သူ့ရဲ့ ကြော်ငြာတွေနဲ့ Campaign တွေမှာ Storytelling ကို ကျွမ်းကျင်စွာ အသုံးပြုပါတယ်။ အားကစားသမားတွေရဲ့ အခက်အခဲတွေကို ကျော်လွှားပြီး အောင်မြင်မှု ရယူပုံတွေကို တင်ဆက်ခြင်းအားဖြင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါဟာ ထုတ်ကုန်ရဲ့ Feature တွေကို ပြောပြတာထက် Brand ရဲ့ Value နဲ့ ပေးချင်တဲ့ မက်ဆေ့ချ် ကို ပိုမို ထိရောက်စွာ ပေးပို့နိုင်ခဲ့ပါတယ်။

၄။ Digital Marketing & Social Media: ခေတ်မီ နည်းပညာတွေကို အသုံးပြုရာမှာလည်း Nike ဟာ ရှေ့ဆောင်ခဲ့ပါတယ်။ Digital Marketing နဲ့ Social Media Platform တွေပေါ်မှာ Active ဖြစ်စွာ လှုပ်ရှားပြီး လူငယ်ပရိသတ်နဲ့ ထိတွေ့မှု ရယူခဲ့ပါတယ်။ Nike Training Club (NTC) နဲ့ Nike Run Club (NRC) လိုမျိုး Mobile Application တွေကို ဖန်တီးပြီး Customer တွေနဲ့ ရေရှည် ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။

ထုတ်ကုန်ဆန်းသစ်တီထွင်မှု

Marketing အပြင် Nike ရဲ့ အောင်မြင်မှုရဲ့ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ Product Innovation ပါပဲ။ Nike ဟာ အားကစားသမားတွေရဲ့ Performance ကို မြှင့်တင်ပေးနိုင်မယ့် နည်းပညာ အသစ်တွေကို အမြဲတမ်း သုတေသနပြု တီထွင်ဖန်တီးနေခဲ့ပါတယ်။

၁။ Air Technology: ၁၉၇၉ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Nike Air Technology ဟာ ဖိနပ်ရဲ့ Midsole ထဲမှာ လေအိတ်လေးတွေ ထည့်သွင်းခြင်းအားဖြင့် Cushioning နဲ့ Shock Absorption ကို ကောင်းမွန်စေခဲ့ပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ခဲ့တဲ့ Air Force 1, Air Max စတဲ့ ဖိနပ်တွေဟာ အားကစားလောကသာမက Streetwear Fashion မှာပါ အထင်ကရ iconic ဖြစ်လာခဲ့ပါတယ်။

၂။ Flyknit Technology: ၂၀၁၂ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Flyknit Technology ဟာ ဖိနပ်ရဲ့ Upper ပိုင်းကို ချည်မျှင်တွေနဲ့ ယက်လုပ်ခြင်းအားဖြင့် ပေါ့ပါးမှု၊ လေဝင်လေထွက်ကောင်းမွန်မှုနဲ့ လိုက်ဖက်ညီမှု (Fit) ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဖိနပ်ထုတ်လုပ်မှု လုပ်ငန်းစဉ်ကိုလည်း ပိုမို ထိရောက်စေခဲ့ပါတယ်။

၃။ React Foam: Nike React Foam ဟာ ပေါ့ပါးပြီး တုံ့ပြန်မှုအားကောင်းတဲ့ Cushioning ကို ပေးစွမ်းနိုင်တဲ့ နည်းပညာပါ။ ဒါဟာ ပြေးခုန်ပစ်သမားတွေအတွက် ပိုမို သက်တောင့်သက်သာရှိပြီး Energy Return ကောင်းမွန်တဲ့ ဖိနပ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

Nike ဟာ ဒီလို နည်းပညာအသစ်တွေကို အမြဲမပြတ် တီထွင်ဖန်တီးပြီး ပြိုင်ဘက်တွေထက် သာလွန်နေအောင် အမြဲ ကြိုးစားခဲ့ပါတယ်။

Brand တည်ဆောက်ခြင်းနှင့် Culture တစ်ခုဖန်တီးခြင်း

Nike ဟာ ရိုးရှင်းတဲ့ အားကစားပစ္စည်း Brand တစ်ခုထက် ပိုပါတယ်။ Nike က လူငယ်တွေကြားမှာ လက်ခံကျင့်သုံးနေတဲ့ Culture ယဉ်ကျေးမှုပုံစံ တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

၁။ Emotional Connection: Nike ဟာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ အားကစားသမားတွေရဲ့ ဇွဲလုံ့လ၊ အောင်မြင်လိုစိတ်၊ အခက်အခဲတွေကို ကျော်လွှားနိုင်စွမ်းတွေကို မီးမောင်းထိုးပြခြင်းအားဖြင့် လူတွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။ ဒါဟာ Nike ကို ဝတ်ဆင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ သန်မာခြင်းနဲ့ ပန်းတိုင်ဆီ ဦးတည်ခြင်းတို့ကို ကိုယ်စားပြုတယ်လို့ ခံစားရစေပါတယ်။

၂။ Community Building: Nike ဟာ Nike Run Club နဲ့ Nike Training Club လိုမျိုး Platform တွေကနေတစ်ဆင့် အားကစား ဝါသနာရှင်တွေရဲ့ Community တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ Customer တွေကြားမှာ Belongingness ခံစားချက်ကို ပေးပြီး Brand Loyalty ကို တိုးမြှင့်စေပါတယ်။

၃။ Fashion & Lifestyle: Nike ဟာ အားကစားလောကကနေ Fashion နဲ့ Lifestyle လောကထဲကိုပါ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါတယ်။ Nike ဖိနပ်တွေနဲ့ အဝတ်အထည်တွေဟာ အားကစား လုပ်ငန်းအတွက်သာမက နေ့စဉ်ဝတ်ဆင်ဖို့အတွက်ပါ ရေပန်းစားလာခဲ့ပါတယ်။ Sneaker ဖိနပ်စီးကျတဲ့ လူငယ်တွေရဲ့  ယဉ်ကျေးမှုမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်

Nike ရဲ့ အောင်မြင်မှု နောက်ကွယ်က အရေးကြီးတဲ့ အချက်တစ်ခုကတော့ သူ့ရဲ့ အလွန်အားကောင်းတဲ့ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် (Supply Chain Management) ပါပဲ။ Nike ဟာ ကိုယ်ပိုင် စက်ရုံတွေ မပိုင်ဆိုင်ပါဘူး။ ကမ္ဘာတစ်ဝှမ်းက Contract Manufacturer တွေနဲ့ ပူးပေါင်းပြီး ထုတ်ကုန်တွေကို ထုတ်လုပ်ပါတယ်။

Nike ဟာ သူ့ရဲ့ Supply Chain ကို အလွန်ထိရောက်စွာ စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ ကုန်ကြမ်းဝယ်ယူမှုကနေ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ဖြူးရေးအထိ အဆင့်ဆင့်ကို အသေးစိတ် စီမံခန့်ခွဲပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့သလို ထုတ်ကုန်တွေကိုလည်း လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ Nike ရဲ့ Profit Margin ကို မြင့်မားစေပြီး Market Share ကို တိုးမြှင့်ဖို့ ကူညီပေးခဲ့ပါတယ်။

စိန်ခေါ်မှုတွေနဲ့ ဝေဖန်မှုတွေကို ကျော်လွှားခြင်း

Nike ဟာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် စိန်ခေါ်မှုတွေနဲ့ ဝေဖန်မှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

၁။ Labor Practices: ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ Nike ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ သူ့ရဲ့ စက်ရုံတွေက အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေနဲ့ လုပ်ခလစာ နည်းပါးမှုတွေကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ Nike ဟာ သူ့ရဲ့ Supply Chain မှာ လုပ်ငန်းခွင် စံနှုန်းတွေကို မြှင့်တင်ဖို့နဲ့ ပွင့်လင်းမြင်သာမှု (Transparency) ကို တိုးမြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။

၂။ Competition: အားကစားပစ္စည်းဈေးကွက်ဟာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ပါတယ်။ Adidas, Puma, Under Armour စတဲ့ ပြိုင်ဘက်တွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေရပါတယ်။ ဒီလို ပြိုင်ဆိုင်မှုကြားကနေ Nike ဟာ သူ့ရဲ့ Innovation, Marketing နဲ့ Brand Loyalty တွေနဲ့ ဦးဆောင်မှု ရယူထားနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Adidas ရဲ့ Ultraboost ဖိနပ်တွေက Nike ရဲ့ စျေးကွက်ရှယ်ယာကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် Nike ဟာ သူတို့ရဲ့ React technology နဲ့ ပြန်လည်တုံ့ပြန်နိုင်ပြီး ‌ဈေးကွက်နေရာ ပြန်ယူနိုင်ခဲ့ပါတယ်။

အနာဂတ်အတွက် မျှော်မှန်းချက်များ

Nike ဟာ အနာဂတ်အတွက်လည်း ဆက်လက် ပြင်ဆင်နေပါတယ်။ Digital Transformation ကို အရှိန်မြှင့်တင်ခြင်း၊ Direct-to-Consumer (DTC) Sales ကို တိုးမြှင့်ခြင်း၊ Sustainability ကို အလေးထားခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်းမှာ Online Sales ဟာ အရေးပါလာခဲ့ပြီး Nike ဟာ သူ့ရဲ့ Digital Platform တွေကို အားဖြည့်ခဲ့ပါတယ်။ Customer တွေဆီကို တိုက်ရိုက် ရောင်းချတဲ့ DTC Model ဟာ Nike ရဲ့ Profitability ကို တိုးမြှင့်စေပါတယ်။

Sustainability ဟာလည်း ယခုခေတ်မှာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။ Nike ဟာ ထုတ်ကုန်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်း လျှော့ချခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ Nike ဟာ ပလတ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးပြုပြီး Flyknit နဲ့ Space Hippie ဖိနပ်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ Nike ရဲ့ ၇၈% သော ထုတ်ကုန်တွေမှာ recycled materials တွေ ပါဝင်လာခဲ့ပါတယ်။ "Move to Zero" လိုမျိုး Campaign တွေနဲ့ Carbon Footprint ကို လျှော့ချဖို့ ရည်မှန်းထားပါတယ်။

Nike ရဲ့ အောင်မြင်မှု ဇာတ်လမ်းဟာ ရိုးရှင်းတဲ့ ဖိနပ်ကုမ္ပဏီလေးကနေ ကမ္ဘာ့အကြီးဆုံး Brand တစ်ခု ဖြစ်လာပုံကို ပြသနေပါတယ်။ Bill Bowerman နဲ့ Phil Knight တို့ရဲ့ Vision ကနေ စတင်ခဲ့ပြီး ဆန်းသစ်တီထွင်မှုတွေ၊ ထူးခြားတဲ့ Marketing Strategy တွေ၊ အားကစားသမားတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး၊ Brand Building နဲ့ ထိရောက်တဲ့ Supply Chain Management တွေဟာ Nike ကို ဒီနေ့လို အောင်မြင်မှု ရရှိစေခဲ့တဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့် Nike ဟာ လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်စွမ်းနဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေကြောင့် အားကစား ပစ္စည်းဈေးကွက်မှာ ဆက်လက် ဦးဆောင်နေဦးမှာ ဖြစ်ပါတယ်။ "Just Do It" ဆိုတဲ့ Slogan အတိုင်း Nike ဟာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကို ဖြစ်အောင် လုပ်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်း များစွာကို လှုံ့ဆော်မှု ပေးနေတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကိုးကားချက်များ

U Myo Htet Naing

Seinor Lecturer, Strategy First Int'l College

B.Com (Hons), M.Com (YIE)