“Pomodoro နည်းလမ်းဖြင့် အလုပ်နဲ့ စာလေ့လာမှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနည်း”

စာမေးပွဲအတွက် စာလေ့လာခြင်း ဒါမှမဟုတ် လုပ်ငန်းတာဝန်တစ်ခုကောင်းမွန်စွာ ပြီးမြောက်စေဖို့အတွက် အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခြင်းကအရေးကြီးပါတယ်။ စာလေ့လာမှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေဖို့အတွက် အာရုံစူးစိုက်နိုင်မှုစွမ်းအားကို တိုးတက်စေဖို့ဆိုရင် Pomodoro နည်းလမ်းက အကူအညီပေးနိုင်ပါတယ်။

အချိန်သတ်မှတ်ချက်တွေ၊ ကန့်သတ်ချက်တွေရှိနေတဲ့အခါ ဒါမှမဟုတ် စာမေးပွဲအတွက် စာလေ့လာနေတဲ့အခါမှာ အချိန်စီမံခန့်ခွဲခြင်းက အရေးပါပါတယ်။ တစ်ခါတစ်ရံမှာတော့ အာရုံစူးစိုက်ရတာ ခက်ခဲပြီး လေ့လာမှုကိုနှောင့်နှေးသွားတတ်ပါတယ်။ Pomodoro နည်းလမ်းက အာရုံစူးစိုက်မှုကို ကောင်းစေတာကြောင့် အချိန်ကုန်သက်သာစွာနဲ့ ထိထိရောက်ရောက်စာလေ့လာနိုင်ပါတယ်။

Pomodoro နည်းလမ်းဆိုတာဘာလဲ?
Pomodoro နည်းလမ်းက တာဝန်တစ်ခုခု၊ လုပ်စရာတစ်ခုခုကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့အတွက် အချိန်စီမံခန့်ခွဲပေးတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ Pomodoro နည်းလမ်းရဲ့ အဓိကအယူအဆက အာရုံစူးစိုက်မှုစွမ်းအားကို မြှင့်တင်ပေးဖို့အတွက် အချိန်အနည်းငယ်စီအနားယူပေးခြင်းဖြစ်ပါတယ်။

Pomodoro နည်းလမ်းမှာ Timer သတ်မှတ်ထားပြီး အနားယူချိန်ကို သတိပေးပါတယ်။
Pomodoro timer လို့ခေါ်တဲ့ အချိန်တိုင်းကိရိယာက Manual နည်းလမ်းနဲ့ပဲဖြစ်ဖြစ်  App နဲ့ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း တာဝန်တစ်ခုကို လုပ်ဆောင်တဲ့အခါ ဦးနှောက်ကိုအလုပ်လည်းလုပ်သလို အနားယူပေးဖို့ ဒါမှမဟုတ် အာရုံ အပြောင်းအလဲဖြစ်ဖို့ကိုပါ တစ်ခါတည်းအချိန်တစ်ခုပေးထားတာပါ။ အဲ့ဒီအချိန်တစ်ခုမှာ လက်ရှိလုပ်နေတဲ့ကျောင်းစာ၊ အလုပ်တာဝန်တွေနဲ့သက်ဆိုင်တာမဟုတ်ဘဲ အာရုံပြောင်းလဲစေတဲ့ လုပ်ဆောင်မှုတစ်ခုခုကိုရွေးချယ်သင့်ပါတယ်။ ဥပမာ- ကိုယ်လက်လေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ စားသောက်စရာယူခြင်း၊ တရားထိုင်ခြင်း

Pomodoro နည်းလမ်းကို ဘယ်သူတွေ အသုံးပြုလဲ?
Pomodoro နည်းလမ်းကို လူတိုင်းအသုံးပြုနိုင်ပါတယ်။ စာမေးပွဲအတွက် လေ့လာနေတဲ့ ကျောင်းသားတွေ၊ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် အိမ်ကနေအလုပ်လုပ်ရပြီး မိသားစုတာဝန်ရှိသူများအတွက်လည်း ဒီနည်းလမ်းက အလုပ်နဲ့ဟန်ချက်ညီမျှတစေရန် ကူညီပေးနိုင်ပါတယ်။သီးခြားနေရာမှာ အလုပ်လုပ်ခြင်း ဒါမှမဟုတ် စာလေ့လာရတဲ့အခြေအနေမှာဆိုရင် Pomodoro Technique က အလုပ်တွေကိုမပြီးမြောက်အောင် နှောင့်ယှက်နေတဲ့အတားအဆီးတွေကနေ (ဥပမာ - လူမှုကွန်ယက်များစစ်ဆေးခြင်း၊ မိတ်ဆွေနှင့် စကားပြောခြင်း) ရှောင်ရှားနိုင်စေပါတယ်။

Pomodoro နည်းလမ်းရဲ့ အကျိုးကျေးဇူးများ
Pomodoro ကကျောင်းသားတွေအတွက် အနှောင့်အယှက်ကင်းကင်းနဲ့ စာလေ့လာနိုင်ဖို့ အထောက်အကူပေးနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ပြီးစာလေ့လာဖို့အင်အားမရှိခြင်း ဒါမှမဟုတ် Social Media ကို စစ်ဆေးချင်တဲ့ဆွဲဆောင်မှုတွေကိုလည်း ရှောင်ရှားပေးနိုင်ပါတယ်။ တစ်ခါတစ်လေ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေ၊ ရည်မှန်းချက်တွေအများကြီးရှိတဲ့အခါ အလုပ်တစ်ခုစီကို အပိုင်းလိုက်ခွဲခြားပြီး ပြီးမြောက်ဖို့ကူညီပေးနိုင်ပါတယ်။ ဒီနည်းလမ်းက အချိန်စီမံခန့်ခွဲမှုကို တိုးတက်စေပြီး အလုပ်ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိစ္စတစ်ခုဆိုတစ်ခုကိုသာ အာရုံစိုက်လုပ်ဆောင်တာက အာရုံစူးစိုက်နိုင်စွမ်းအားနဲ့ ဂရုတစိုက်လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပါတယ်။ လုပ်ဆောင်ရမယ့် အလုပ်တွေကြား အပြန်ပြန်အလှန်လှန်စဉ်းစားကာ မတူညီတဲ့အရာတွေဆီမှာ အာရုံပျံ့လွင့်တာမျိုးကနေ ရှောင်ရှားနိုင်ပါတယ်။ ဒါ့အပြင် အလုပ်တစ်ခုကို တစ်ထိုင်တည်းပြီးအောင်လုပ်ဖို့ တွန်းအားပေးမယ့်အစား ဘယ်အချိန်အနားယူရမလဲဆိုတာကိုလည်း သိနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Pomodoro နည်းလမ်းဖြင့် ပိုမိုထိရောက်စွာ စာလေ့လာနည်း
Pomodoro နည်းလမ်းမှာအကြမ်းဖျင်းအားဖြင့် အဆင့်ငါးဆင့်ရှိပါတယ်။ အနားယူချိန်ကို ၂ မိနစ်(သို့)  ၅ မိနစ် လိုအပ်သလိုသတ်မှတ်နိုင်ပါတယ်။

၁။ ပြီးမြောက်ရမယ့် တာဝန်ကိုသတ်မှတ်ပါ။

၂။၂၅ မိနစ် Timer ကို သတ်မှတ်ပါ။

၃။Timer အချိန်ပြည့်ပြီး အသံမထွက်သေးခင်အတွင်း၊  လုပ်ရမယ့်တာဝန်ကို အာရုံစိုက်လုပ်ဆောင်ပါ။

၄။သတ်မှတ်ထားသော အနားယူချိန်အတိုင်း အနားယူပါ။(၂၅ မိနစ် ပြည့်သွားသည်နှင့်၅မိနစ်အနားယူပါ။)

၅။ ၂၅ မိနစ် အပိုင်း ၄ ခု ပြီးမြောက်ပြီးနောက် (Pomodoro ၄ခု ပြည့်သည်နှင့်) အနားယူချိန်ကိုများများယူပါ။

တာဝန်ဆောင်ရွက်ချိန်နဲ့ အနားယူချိန်ကို လိုအပ်သလို ပြောင်းလဲစမ်းသပ်နိုင်ပါတယ်။

Pomodoro မှ ကောင်းမွန်သောရလဒ်ရရှိစေရန် နည်းလမ်းများ
Pomodoro နည်းလမ်းနဲ့ အကောင်းဆုံးရလဒ်ရရှိစေရန် အလုပ်တစ်ခုဆိုတစ်ခုသာ အာရုံစိုက်ပြီး လုပ်ဆောင်ပါ။
အနားယူချိန်မှာ စိတ်ပျော်ရွှင်စေမယ့်အရာများ (လူမှုကွန်ယက်ဗွီဒီယိုကြည့်ခြင်း သို့မဟုတ် မိတ်ဆွေနဲ့ စကားပြောခြင်း) မလုပ်မိရန် ကြိုးစားပါ။

Timer ကအချိန်ပြည့်အချက်ပေးသံထွက်ပြီးလည်း လုပ်ဆောင်နေတဲ့အလုပ်မှာ အာရုံစိုက်နေဆဲဖြစ်ပါက ဆက်လုပ်နိုင်ပါတယ်။ Timer ပေါ်မှာ အာရုံမထားချင်ရင် အချိန်မကြည့်ဘဲ အလုပ်ဆက်လုပ်ဖို့ အကြံပြုပါတယ်။

Pomodoro Timer App ၅ ခု
မိုဘိုင်းဖုန်း၊ PC နှင့် MacBook များအတွက် Pomodoro Timer App တွေ ရှိပါတယ်။ Pomodoro, Focus To-Do, Focus Keeper, Kanban Flow, Emphasis အစရှိတဲ့ App တွေကို လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Pomodoro နည်းလမ်းကို အသုံးပြုတဲ့အခါ App မဖြစ်မနေသုံးဖို့ မလိုအပ်ပါဘူး။ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲမှာပါတဲ့အချိန်တိုင်းကိရိယာနဲ့ပဲ ရိုးရိုးရှင်းရှင်းအသုံးပြုလို့ရပါတယ်။

Pomodoro နည်းလမ်းက အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ စာလေ့လာမှုအတွက် အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကိုသေချာအသုံးပြုမယ်ဆိုရင် စာလေ့လာမှုနဲ့ အလုပ်များကို ပိုမို ထိရောက်စွာ စီမံခန့်ခွဲနိုင်သလို၊ အာရုံစိုက်နိုင်စွမ်းနဲ့ ဂရုစိုက်နိုင်စွမ်းများလည်း တိုးတက်လာမှာဖြစ်ပါတယ်။                                                                            

Coursera မှ “The Pomodoro Method: Study Smarter, Not Harder” ဆောင်းပါးကိုဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.coursera.org/articles/pomodoro-study-method

Theint Thinzar

Lecturer, Strategy First International College

B.E (Civil) West Yangon Technological University

M.Sc. (Construction Project Management),

Heriot-Watt University, Malaysia