လုပ်ငန်းခွင်တွင် အပြုသဘောဆောင်သော စိတ်ဓာတ်များ တိုးတက်စေဖို့ ရိုးရှင်းတဲ့ နည်းလမ်း ၁၀ ခု

အပျက်သဘောဆောင်တဲ့ စိတ်ထားတွေဟာ လုပ်ငန်းခွင်အတွင်း စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်စေပြီး စွမ်းဆောင်ရည်ကို လျော့ကျစေကာ အဆိပ်သင့်လုပ်ငန်းပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။

ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေနဲ့ အဖွဲ့အစည်းကို စည်းလုံးညီညွတ်စေပြီး အပြုသဘောဆောင်တဲ့ စိတ်ထားများ မွေးမြူဖို့ အရေးကြီးပါတယ်။ အောက်ပါနည်းလမ်း (၁၀) ခုကို Young Entrepreneur Council မှ အတွေ့အကြုံရှိသူများက အကြံပြုထားပါတယ်။

၁။ C သုံးလုံးကို ရှောင်ပါ

Criticize အပြစ်တင်ခြင်း၊ Condemn ကဲ့ရဲ့ခြင်း သို့မဟုတ် Complain မကျေနပ်ချက်များ မပြောပါနှင့်။ လူများကို သူတို့ရဲ့ အမှားတွေသိစေဖို့ အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် ပြောဆိုပါ။ ထို့နောက် အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားခြင်းနှင့် ရိုးသားသော ချီးကျူးစကားများ ပြောဆိုပါ။ အခြားသူများ လုပ်ဆောင်နေသည်များကို သို့မဟုတ် သူတို့၏ ပင်ကိုယ်စရိုက်ကို စစ်မှန်စွာ စိတ်ဝင်စားမှုပြသခြင်းဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်တယ်။ (Jennifer A Barnes, Optima Office, Inc)

၂။ စစ်မှန်သော စိတ်ဝင်စားမှုပြသပါ

အပြုသဘောဆောင်သော စွမ်းအင်ကို ဖော်ပြရန် အကောင်းဆုံးနည်းလမ်းမှာ အခြားသူများအပေါ် စစ်မှန်သော စိတ်ဝင်စားမှုပြသခြင်းဖြစ်သည်။ အလွန်အမင်း အကောင်းမြင်စိတ် သို့မဟုတ် ပျော်ရွှင်မှုကို ဖော်ပြရန် ကြိုးစားခြင်းသည် အတင်းအကျပ်လုပ်တယ်လို့ ထင်ရနိုင်တယ်။ လူများက သူတို့ရဲ့ စိုးရိမ်ပူပန်မှုများကို အမှန်အကန် နားထောင်ပြီး တုံ့ပြန်တယ်လို့ ခံစားရခြင်းကို တန်ဖိုးထားကြသည်။ မေးခွန်းများမေးခြင်း၊ အခြားသူများကို ဂရုစိုက်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးကြိုးစားခြင်းတို့က အပြုသဘောဆောင်သော စိတ်ထားကို သဘာဝကျကျ ဖော်ပြနိုင်ပါတယ်။ (Kalin Kassabov, ProTexting)

၃။ အပြုသဘောဆောင်သော တုံ့ပြန်ချက်များပေးပါ

အကြံပြုချက်များသာမက အပြုသဘောဆောင်သော တုံ့ပြန်ချက်များကိုလည်း ပေးပါ။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အထူးသဖြင့် အလုပ်များပြီး ဖိစီးမှုများနေသည့်အချိန်တွင် ပြဿနာများကို အာရုံစိုက်နိုင်ဖို့အတွက် ဒီအဖွဲ့အစည်း၊ ဒီဝန်ထမ်းတွေနဲ့လုပ်ဆောင်ခဲ့တဲ့တစ်လျောက်မှာ ကောင်းမွန်တဲ့အရာများစွာလည်း ရှိနေတယ်ဆိုတာကို သတိပြုမိပြီး ချီးကျူးကာ ပိုမိုလုပ်ဆောင်ရန် အားပေးခြင်းသည် စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ ဒီကောင်းမွန်တဲ့အရာကို ဘယ်လိုဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတာကို ပြန်မြင်ယောင်ပြီး အာရုံစိုက်ကာ ထိုအောင်မြင်မှုကို ထပ်မံဖော်ဆောင်ဖို့ ကြိုးစားလာကြမှာပါ။ (Andrew Powell, Learn to Win)

၄။ သင့်အသိပညာကို မျှဝေပါ

ကောင်းမွန်သော ခေါင်းဆောင်တစ်ဦးသည် အမြဲတမ်း နားထောင်ပြီး မိမိ၏ အသိပညာကို မျှဝေပါလိမ့်မယ်။ သင့်အဖွဲ့အား အောင်မြင်စေရန်နှင့် သူတို့၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်း သိစေခြင်းဟာ သင့်အဖွဲ့ကို စိတ်ချမ်းသာစေရုံသာမက သင့်ကိုယ်သင် အပြုသဘောဆောင်သော စိတ်ထားကို ပိုင်ဆိုင်စေတယ်။ သင့်အသိပညာနှင့် အတွေ့အကြုံများကို မျှဝေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပျော်ရွှင်သော အလုပ်ခွင်ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်တယ်။ (Brian David Crane, Spread Great Ideas)

၅။ အပြစ်တင်မှုထက် လမ်းညွှန်မှုပေးပါ

အပြစ်မတင်ပါနှင့်၊ ခေါင်းဆောင်ပါ။ သင်မကြိုက်တဲ့ အရာများကို အဆက်မပြတ် မကျေနပ်ချက်ပြောမယ့်အစား၊ သင်ကြိုက်နှစ်သက်တဲ့ အရာများကို ထောက်ပြပါ။ ပိုကောင်းသည်မှာ၊ ထိုအရာကို မည်သို့လုပ်ဆောင်ရမည်ကို သူတို့ကို ပြသပါ။ အဲ့လိုမဟုတ်ရင် သင့်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်တယ်။ တကယ်လို့ သူတို့၏ အမှားများကို ထောက်ပြဖို့ လိုအပ်ပါက၊ သင်ကြိုက်နှစ်သက်တဲ့ အခြားလုပ်ဆောင်ချက်များကိုလည်း ထောက်ပြပါ။
(Amine Rahal, IronMonk Solutions)

၆။ လက်ရှိအချိန်ကို အာရုံစိုက်ပါ

လက်ရှိအချိန်ကို အာရုံစိုက်ပြီး အလွန်အမင်း စဉ်းစားခြင်းကို ရှောင်ပါ။ အလွန်အမင်း စဉ်းစားခြင်းသည် စိုးရိမ်ပူပန်မှု၊ ဖိစီးမှုနှင့် စိတ်ပျက်ခြင်းများကို ဖြစ်စေနိုင်တယ်။ သင်သည် စိတ်ငြိမ်သက်ပြီး လက်ရှိအချိန်ကို အာရုံစိုက်ကာ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်အောင် အာရုံစိုက်မယ်ဆိုရင် သင့်အဖွဲ့သည်လည်း အပြုသဘောဆောင်သော တုံ့ပြန်မှုများ ပြသလာမှာဖြစ်တယ်။ (Ryan Stoner, Dendro)

၇။ အငြင်းပွားမှုနှင့် ကောလဟာလများကို ရှောင်ပါ

အငြင်းပွားမှုနှင့် ကောလဟာလများကို ရှောင်ပါ။ ထိုသို့သော အရာများ ပေါ်လာသည့်အခါတိုင်း၊ ၎င်းတို့ကို လျစ်လျူရှုပြီး ပိုမိုအပြုသဘောဆောင်သော အကြောင်းအရာများကို ပြောဆိုပါ။ သင့်လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်ရိုက်အစီရင်ခံသူများအား ထိုသို့သော အရာများအတွက် အချိန်မရှိကြောင်း ပြသပါက၊ သင့်၏ အပြုသဘောဆောင်သော စိတ်ထားသည် လွတ်လပ်စွာ ဖြာထွက်လာမည်ဖြစ်သည်။ (Andrew Schrage, Money Crashers Personal Finance)

၈။ စာနာစိတ်ဖြင့် ခေါင်းဆောင်ပါ

အပြုသဘောဆောင်သော ခေါင်းဆောင်တစ်ဦး၏ အရေးကြီးဆုံး လက္ခဏာများထဲမှ တစ်ခုမှာ စာနာစိတ်ဖြစ်သည်။ ဒီလက္ခဏာသည် အခြားသူများ၏ လိုအပ်ချက်များကို နားလည်ဖို့နဲ့ သူတို့၏ အတွေးများနှင့် ခံစားချက်များကို သတိပြုမိစေရန် ကူညီပေးပြီး၊ မတူညီသော အခြေအနေများကို သင့်တော်စွာ တုံ့ပြန်နိုင်စေဖို့ ကူညီပေးတယ်။ ထို့အပြင်၊ မကျေနပ်မှုနှင့် ပဋိပက္ခများကို ကာကွယ်ပေးတယ်။ ဒါကြောင့် အပြုသဘောဆောင်သော စိတ်ထားကို မြှင့်တင်ပေးပြီး၊ အလုပ်ခွင်တွင် ပိုမိုခိုင်မာပြီး အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးများကို တည်ဆောက်ရန် ကူညီပေးတယ်။
(Thomas Griffin, OptinMonster)

၉။ ဘဝ၏ အခြားနယ်ပယ်များတွင်လည်း အပြုသဘောဆောင်ပါ

အလုပ်ခွင်တွင် ပိုမိုအပြုသဘောဆောင်သော စိတ်ထားကို ဖော်ပြရန်လိုအပ်သလို ဘဝ၏ အခြားနယ်ပယ်များတွင်လည်း အပြုသဘောဆောင်ရန် လိုအပ်တယ်။ သင်သည် အိမ်တွင်လည်း အပြုသဘောဆောင်ပါသလား။ မိတ်ဆွေများနှင့် မိသားစုနှင့်လည်း အပြုသဘောဆောင်ပါသလား။ မဟုတ်ပါက၊ သင့်စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးအခြေအနေတွင် ရှိနေစေရန် စိတ်အတွင်းပိုင်းမှ ပြုပြင်ဖို့အချိန်ရောက်ပြီဖြစ်တယ်။ (Stephanie Wells, Formidable Forms)

၁၀။ တန်ဖိုးထားမှုကို ပြသပါ

ယနေ့ခေတ် ဝန်ထမ်းများဟာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုခံရပြီး တန်ဖိုးထားစေလိုကြတယ်။ ကျေးဇူးတင်စကားပြောခြင်းဖြင့် သင်သည် အဖွဲ့တစ်ခုလုံးအတွက် အပြုသဘောဆောင်သော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး၊ အဖွဲ့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်။ ခေါင်းဆောင်တစ်ဦးက တန်ဖိုးထားမှုကို ပြသသည့်အခါ၊ ဝန်ထမ်းတွေဟာ ပိုမိုရင်းနှီးပြီး ချဉ်းကပ်ရလွယ်ကူသော ပုဂ္ဂိုလ်များ ဖြစ်လာတယ်။ ရလဒ်အနေနဲ့ တူညီသော တန်ဖိုးများကို မျှဝေပြီး တူညီသော ရည်မှန်းချက်ဆီသို့ ဦးတည်နေသော ခိုင်မာသည့် အဖွဲ့တစ်ခု ဖြစ်လာသည်။ (Brian Pallas, Opportunity Network)

ဒီနည်းလမ်းတွေကို အသုံးပြုပြီး လုပ်ငန်းခွင်အတွင်း အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို မြှင့်တင်နိုင်ပါတယ်။ စာနာမှု၊ ကျေးဇူးတင်မှု၊ နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံပြီး အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့က ခေါင်းဆောင်တစ်ဦးမှာရှိသင့်တဲ့ အရည်အချင်းဖြစ်ပါတယ်။

Reference

Panel, E., 2022. 12 Simple Ways Leaders Can Boost Positivity In The Workplace. [Online]
Available at: https://www.forbes.com/councils/theyec/2022/05/16/12-simple-ways-leaders-can-boost-positivity-in-the-workplace/
[Accessed 26 February 2025].

 

Daw Myint Zu Phyo 

BBM, (NMDC) 

MBA, (YUE)