လုပ်ငန်းခွင်မှာ ပဋိပက္ခဖြေရှင်းဖို့ နည်းဗျူဟာ (၅) မျိုး
သင့်ရဲ့ နေ့စဥ်ဘဝမှာဖြစ်စေ အလုပ်လုပ်ကိုင်ပြီး အခြားသူများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာဖြစ်စေ မည်သည့်အခြေအနေမှာမဆို ပဋိပက္ခတွေ ဖြစ်နိုင်ချေရှိပါတယ်။ လုပ်ငန်းခွင်များကို အကျင့်စရိုက် အပြုအမူ၊ အမြင် မတူကွဲပြားတဲ့ ဝန်ထမ်းများနဲ့ ဖွဲ့စည်းထားတဲ့ အတွက်ကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့သော ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ယင်းတို့ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းများနဲ့ ဖြေရှင်းနည်းများကို နားလည်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ ပဋိပက္ခများ ဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းရင်းများကတော့ -နားလည်မှု လွဲမှားခြင်း သို့မဟုတ် Communication Skills အားနည်းခြင်း၊ အမြင်မတူညီခြင်း၊ သဘောထားကွဲလွဲခြင်း သို့မဟုတ် ပင်ကိုစရိုက်မတူညီခြင်း၊ ဘက်လိုက်မှုများ သို့မဟုတ် သမားရိုးကျအမြင်များ(Stereotype)၊ သင်ယူမှုပုံစံ သို့မဟုတ် ချဉ်းကပ်ပုံ နည်းလမ်းများ ကွဲပြားခြင်း၊ မျှတမှုမရှိဟု ထင်မြင်ယူဆခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပဋိပက္ခများ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လူအများစုဟာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်မပြေဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်များနဲ့ ဖြစ်ပွားတဲ့ အခါမှာ ဖြစ်ပါတယ်။ Business Leader တစ်ဦးအနေနဲ့ သင်ဟာ အခြားမန်နေဂျာများနဲ့ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နိုင်ပြီး သင့်အဖွဲ့မှာဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုများကိုလည်း ဖြေရှင်းဖို့ ကူညီပေးရနိုင်ပါတယ်။
ပဋိပက္ခများကို ဖြေရှင်းဖို့ နည်းလမ်းများစွာရှိသော်လည်း အချို့နည်းလမ်းများက အခြားနည်းလမ်းများထက် ပိုမိုထိရောက်နိုင်ပါတယ်။ Dr. Kenneth W. Thomas နှင့် Dr. Ralph H. Kilmann တို့ဖော်ထုတ်ခဲ့တဲ့ Thomas-Kilmann Conflict Model မှာ ပဋိပက္ခဖြေရှင်းဖို့ နည်းဗျူဟာ (၅) မျိုးကို ဖော်ပြထားပါတယ်။ နည်းလမ်းများကတော့-
၁။ ရှောင်ရှားခြင်း(Avoiding)
၂။ ယှဉ်ပြိုင်ခြင်း(Competing)
၃။ လိုက်လျောခြင်း(Accommodating)
၄။ အပြန်အလှန်လိုက်လျောခြင်း(Compromising)
၅။ ပူးပေါင်းဆောင်ရွက်ခြင်း (Collaborating)
ဒီနည်းဗျူဟာ (၅) မျိုးနဲ့ ၎င်းတို့ကို အသုံးပြုသင့်တဲ့ အခြေအနေများကို အောက်မှာ ဖော်ပြထားပါတယ်။
၁။ ရှောင်ရှားခြင်း (Avoiding)
ရှောင်ရှားတဲ့နည်းလမ်းဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ရည်မှန်းချက် နှစ်ခုလုံး သိပ်အရေးမကြီးတဲ့ အခြေအနေများမှာ အသုံးဝင်တဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ဒီလိုအခြေအနေတွေ ကြုံတွေ့ဖို့ မဖြစ်နိုင်သော်လည်း၊ နေ့စဉ်ဘဝမှာ တော့ ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ- သင်ဟာ ဘတ်စ်ကားပေါ်မှာ ခရီးသွားနေစဉ် ဘေးနားမှ ခရီးသည်တစ်ဦးက သီချင်းကို အသံကျယ်ကျယ်ဖွင့်ထားတယ်လို့ စိတ်ကူးကြည့်ပါ။ သင်ဟာ ထိုသူနဲ့ နောက်ထပ် တွေ့စရာအကြောင်းမရှိတော့သလို၊ သင့်ရည်မှန်းချက်ဖြစ်တဲ့ ခရီးစဉ်အား ပျော်ရွှင်စွာ သွားဖို့ကလည်း အလွန်အရေးကြီးတဲ့ အရာမဟုတ်ပါဘူး။ ထို့ကြောင့် သီချင်းသံကို လျစ်လျူရှုခြင်းဖြင့် ပဋိပက္ခကို ရှောင်ရှားခြင်းဟာ သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ သို့သော် လုပ်ငန်းခွင်မှာတော့ သင့်ရည်မှန်းချက်များဟာ များသောအားဖြင့် အရေးကြီးပြီး လုပ်ဖော်ကိုင်ဖက်များနဲ့ ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် ပဋိပက္ခများဖြစ်ပေါ်လာတဲ့အခါ ဒါကို မဖြေရှင်းဘဲ ရှောင်ရှားတဲ့ နည်းလမ်းဟာ မကောင်းတဲ့ ရလဒ်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သတိပြုရမဲ့ အချက်ကတော့ အချို့သော အခြေအနေများမှာ ပဋိပက္ခကို ရှောင်ရှားဖို့ လိုအပ်သော်လည်း၊ လုပ်ငန်းခွင်မှာ တော့ ရှောင်ရှားဖို့ မဖြစ်နိုင်ပါဘူး။
၂။ ယှဉ်ပြိုင်ခြင်း (Competing)
ယှဉ်ပြိုင်ခြင်းဟာ လုပ်ငန်းခွင်ပဋိပက္ခများမှာ အမြဲတမ်း မဟုတ်သော်လည်း၊ အချို့သော အခြေအနေများမှာ အသုံးဝင်တဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ ဤပဋိပက္ခဖြေရှင်းနည်းဟာ သင့်ရည်မှန်းချက်ကို ဦးစားပေးပြီး အခြားသူများနှင့် ဆက်ဆံရေးကို အနည်းငယ်သာ အလေးထားတဲ့ အခြေအနေများမှာ အသုံးပြုနိုင်ပါတယ်။ သင့်အနေနဲ့ အရေးပေါ်အခြေအနေများမှာလည်း ဤနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးဟာ သတိလစ်နေပြီး ဒါနဲ့ ပတ်သတ်ပြီး ဘာလုပ်ရမယ်ဆိုတာကို လူများ အငြင်းပွားနေပါက၊ သင့်ကိုယ်သင် ခိုင်မာစွာ ရပ်တည်ပြီး တာဝန်ယူကာ လုပ်ဆောင်ခြင်းဖြင့် ထိုသူအား ဆေးဘက်ဆိုင်ရာ အကူအညီကို ပိုမိုမြန်ဆန်စွာ ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ကိုယ်သင် ကာကွယ်ဖို့နဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေများမှာလည်း ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ထိုသို့သော အခြေအနေများမှာ အခြားသူများနဲ့ ဆက်ဆံရေးထက် သင့်လုံခြုံရေးကို ဦးစားပေးဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ပေါင်းသင်းဆက်ဆံရေးကို အရေးထားရတဲ့ အခြေအနေများမှာတော့ ဒီနည်းလမ်းကို အသုံးပြုခြင်းဟာ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ ထုတ်လုပ်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါတယ်။
၃။ လိုက်လျောခြင်း (Accommodating)
တတိယနည်းလမ်းကတော့ လိုက်လျောခြင်း ဖြစ်ပြီး၊ ဒီနည်းလမ်းကတော့ သင်ဟာ အခြားသူများရဲ့ လိုအပ်ချက်များကို လိုက်လျောပေးခြင်းဖြစ်ပါတယ်။ သင့်ရည်မှန်းချက်ထက် ပေါင်းသင်းဆက်ဆံရေးကို ပိုမိုအလေးထားတဲ့ အခြေအနေများမှာ ဤနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဥပမာ- သင်ဟာ အစည်းအဝေးတစ်ခုမှာ အနာဂတ်ပရောဂျက်အတွက် အစီအစဥ်တစ်ခုကို တင်ပြပြီးနောက်၊ သင့်လုပ်ဖော်ကိုင်ဖက်များက ၎င်းဟာ ဆိုးကျိုး သက်ရောက်မှုရှိမယ်လို့ ယုံကြည်တယ်လို့ ဆိုပါက၊ သင်ဟာ သင့်မူရင်းစိတ်ကူးကို ရုပ်သိမ်းကာ ပဋိပက္ခကို ဖြေရှင်းနိုင်ပါတယ်။ တစ်ဖက်လူဟာ ဒေါသထွက်နေတာမျိုး၊ ရန်လိုနေတဲ့အခါမျိုး သို့မဟုတ် သင့်မှာ ခိုင်မာတဲ့အမြင်မရှိတဲ့ အခြေအနေများမှာ ဒီနည်းလမ်းဟာ အသုံးဝင်ပါတယ်။ ၎င်းဟာ သင့်ရည်မှန်းချက်ကို ဖယ်ရှားခြင်းဖြင့် ပဋိပက္ခကို ချက်ချင်း လျော့ပါးစေပါတယ်။ သို့သော် အဖွဲ့အစည်းအတွင်းမှာ သင့်အနေနဲ့ ပဋိပက္ခကို ရှောင်ရှားဖို့ ဒီနည်းလမ်းကို အလွန်အကျွံအသုံးပြုနေခြင်း ရှိ၊ မရှိ ဆန်းစစ်ဖို့တော့လိုပါတယ်။ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် လိုက်လျောခြင်းဟာ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးနိုင်စွမ်းကို လျော့ပါးစေနိုင်ပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်ဝန်ထမ်းများဟာ မကြာခဏ လိုက်လျောခြင်း နည်းလမ်းကို အသုံးပြုနေခြင်း ရှိ၊ မရှိ သတိထားဖို့လိုပါတယ်။ အကယ်၍ လုပ်ငန်းခွင် ပတ်ဝန်းကျင်ဟာ ကောင်းမွန်ပါက အပြုသဘောဆောင်တဲ့ အငြင်းပွားမှုများကို အားပေးခြင်းက ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၄။ အပြန်အလှန်လိုက်လျောခြင်း (Compromising)
အပြန်အလှန်လိုက်လျောခြင်းဟာ သင်နဲ့အခြားသူတစ်ဦးတို့က သဘောတူညီမှုတစ်ခုရရှိဖို့အတွက် မိမိတို့ရဲ့ လိုအပ်ချက်အချို့ကို စွန့်လွှတ်တဲ့ ပဋိပက္ခ ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ၎င်းကို "လူတိုင်းရှုံးနိမ့်တဲ့ (lose-lose)" နည်းဗျူဟာအဖြစ် သိထားကြပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ဦးစလုံးဟာ ၎င်းတို့ရဲ့ ရည်မှန်းချက်များကို အပြည့်အဝ မအောင်မြင်နိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီနည်းဗျူဟာဟာ သင့်ရည်မှန်းချက်နဲ့ ပေါင်းသင်းဆက်ဆံရေးကို အတော်အတန် အလေးထားတဲ့ အခြေအနေများမှာ ကောင်းစွာအသုံးဝင်ပါတယ်။ သင်ဟာ ဆက်ဆံရေးကို အလေးထားသော်လည်း၊ လိုက်လျောခြင်းနည်းလမ်းကဲ့သို့ သင့်ရည်မှန်းချက်ကို လုံးဝစွန့်လွှတ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ- သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ဟာ လာမဲ့ပရောဂျက်တစ်ခုကို ဦးဆောင်ဖို့ စိတ်ဝင်စားကြတယ်ဆိုပါစို့။ သင်တို့ဟာ ပူးတွဲဦးဆောင်ခြင်း သို့မဟုတ် တစ်ဦးက ဒီပရောဂျက်ကို ဦးဆောင်ပြီး၊ နောက်တစ်ဦးက နောက်ပရောဂျက်ကို ဦးဆောင်ဖို့ ဆုံးဖြတ်ခြင်းဖြင့် လိုက်လျောညီထွေဖြစ်အောင် ဖြေရှင်းနိုင်ပါတယ်။ အပြန်အလှန်လိုက်လျောခြင်းဟာ ကျယ်ပြန့်သော အတွေးအမြင်ရှိဖို့နဲ့ မိမိရဲ့အတ္တကို ထိန်းချုပ်ဖို့ လိုအပ်ပြီး၊ သင့်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်မှာမဟုတ်ကြောင်း ကိုလည်းလက်ခံဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကတော့ သင်နဲ့ အခြားသူတို့ဟာ ပေါင်းသင်းဆက်ဆံရေးကို အလေးထားပြီး၊ အပြန်အလှန်အကျိုးရှိတဲ့ အဖြေတစ်ခုရရှိဖို့ စွန့်လွှတ်အနစ်နာခံကြခြင်းဖြစ်ပါတယ်။
၅။ ပူးပေါင်းဆောင်ရွက်ခြင်း (Collaborating)
အပြန်အလှန်လိုက်လျောခြင်းဟာ "လူတိုင်းရှုံးနိမ့်တဲ့ (lose-lose)" နည်းဗျူဟာဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်ခြင်းဟာ "လူတိုင်းအနိုင်ရတဲ့ (win-win)" နည်းဗျူဟာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းမှာ သင်ဟာရည်မှန်းချက်နဲ့ ဆက်ဆံရေးကို တန်းတူအလေးထားပြီး၊ နှစ်ဦးစလုံးက လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့ အဖြေတစ်ခုရှာဖွေဖို့ အတူတကွ လုပ်ဆောင်ကြပါတယ်။ သင့်ဝန်ထမ်းတစ်ဦးဟာ ၎င်းရဲ့တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်တဲ့အတွက် လုပ်ငန်းကို ဆိုးကျိုးသက်ရောက်စေတဲ့ အခြေအနေမျိုးမှာ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းကို သုံးသင့်ပါတယ်။ ခိုင်မာပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ အရေးကြီးသလို၊ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်နိမ့်ကျမှုကို ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းဟာ လုပ်ငန်းခွင် ပဋိပက္ခအများစုအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ရည်မှန်းချက်များရရှိဖို့ အရေးကြီးသလို လုပ်ဖော်ကိုင်ဖက်များနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ ပြဿနာများကို ဖြေရှင်းဖို့အတွက် အဖြေများရှာဖွေရာမှာ ပူးပေါင်းဆောင်ရွက်ခြင်းကို တက်နိုင်သမျှ မြှင့်တင်ပါ။ အကယ်၍ လူတိုင်းအနိုင်ရတဲ့ အဖြေတစ်ခုကို မရနိုင်ပါက၊ အပြန်အလှန်လိုက်လျောခြင်းကို အသုံးပြုနိုင်ပါတယ်။
online.hbs.edu. မှ Catherine Cote ရေးသားသော 5 Strategies for Conflict Resolution in the Workplace ဆောင်းပါးကို ကိုးကားထားပါတယ်။
Htet Pann Wai
B.Com (Q**), M.Com
Meiktila University of Economics
