လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းအုပ်စုတစ်ခုဟာ လူတွေကို ပြောင်းလဲစေနိုင်သလား

 

လူသားတွေဆိုတာ “Human Being are Social Animals” ဆိုတဲ့အတိုင်း လူမှုသက်ရှိအဖြစ် မွေးဖွားလာကြကာ တစ်ဦးချင်းစီတိုင်းမှာ မိသားစု၊ မိတ်ဆွေအဖွဲ့အစည်းနဲ့ အခြားအုပ်စုအဖွဲ့တွေရှိကြပြီး လူ့အဖွဲ့အစည်းအသိုင်းဝိုင်းမှာ လူမှုရေးပါဝင်ပတ်သက်မှုတွေရှိကြပါတယ်။ ဒီလို လူမှုအဖွဲ့အစည်း အုပ်စုတွေဟာ လူတစ်ဦးချင်းစီရဲ့ ဘဝတွေအပေါ်မှာ အရေးပါတဲ့လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ ဒီတော့ လူတွေဟာ  ကိုယ့်ရဲ့ပုံစံတွေကို ဖော်ပြပြီး အများနဲ့ဆက်ဆံရေးတွေ တည်ဆောက်ရ၊ ပါဝင်ကြရပါတယ်။ ဒါကြောင့် အဖွဲ့အစည်းအုပ်စုတွေ (သို့) လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတွေဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူ၊ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုတွေကို ပုံဖော်ပေးနိုင်သလို ပြောင်းလဲမှုတွေလဲ ဖြစ်စေနိုင်ပါတယ်။ တစ်ဖက်မှာလည်း တစ်ဦးချင်းစီကနေ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေအပေါ်မှာ ပြန်ပြီး သြဇာလွှမ်းမိုးနိုင်တာ၊ ပြောင်းလဲနိုင်တာလဲရှိပါတယ်။ တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ အရည်အချင်း၊ အတွေ့အကြုံနဲ့ အမြင်တွေဟာ လူ့အဖွဲ့အစည်းအုပ်စုရဲ့ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေနဲ့ ဆက်ဆံရေးတွေကို ပြောင်းလဲစေနိုင်တာပါ။ အခုတော့ တစ်ဦးချင်းစီနဲ့ အုပ်စုတွေအကြား အပြန်အလှန်ဆက်နွယ်မှုတွေကို ဖော်ပြပြီး အဖွဲ့အစည်းအုပ်စုတွေ (သို့) လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေက အဖွဲ့ဝင် (သို့) လူတစ်ဦးချင်းစီကို ဘယ်လိုလွှမ်းမိုးနိုင်တယ် ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

လူတွေရဲ့ အမြင်ကို ပြောင်းလဲစေနိုင်တယ်။

လူတွေဟာ တစ်ယောက်တည်းရပ်တည်လို့ မရပါဘူး။ မိသားစု၊ သူငယ်ချင်းအုပ်စု၊ လုပ်ငန်းခွင်အဖွဲ့အစည်း စတဲ့ အုပ်စုတွေနဲ့ဆက်နွယ်ပြီး နေထိုင်ကြရပါတယ်။ ဒီလို ဆက်နွယ်နေထိုင်ရင်းနဲ့ တစ်ဦးချင်းစီဟာ ဒီအုပ်စုတွေရဲ့ လွှမ်းမိုးမှုကို ခံယူကြရပါတယ်။ အုပ်စုရဲ့ လွှမ်းမိုးမှုတွေထဲက တစ်ခုကတော့ လူတစ်ဦးချင်းစီရဲ့ "အမြင်" ကို ပြောင်းလဲစေနိုင်ခြင်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအုပ်စုတစ်ခုဟာ လူတစ်ဦးချင်းစီရဲ့ ကမ္ဘာကြီးနဲ့ ဖြစ်ရပ်တွေအပေါ် ရှုမြင်တဲ့အမြင်ကို နည်းလမ်းအမျိုးမျိုးနဲ့ ပြောင်းလဲစေနိုင်ပါတယ်။ အဖွဲ့အစည်းအုပ်စုတွေထဲမှာ အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှုနဲ့ အယူအဆတွေဟာ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အမြင်ကို တိုက်ရိုက်လွှမ်းမိုးနိုင်ပါတယ်။ ဥပမာ - သူငယ်ချင်းအုပ်စုတစ်ခုမှာ နိုင်ငံရေး/စီးပွားရေး/ဘာသာရေး/လူမှုရေး/အချစ်ရေး နဲ့ ပတ်သက်ပြီး တစ်ဖက်သတ် အမြင်ရှိတဲ့ လူတွေများနေရင် အဲဒီအုပ်စုထဲက လူတစ်ယောက်ဟာ သူ့ရဲ့ အမြင်နဲ့ မတူညီရင်တောင် အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့် အုပ်စုရဲ့ အမြင်ကို လိုက်နာဖို့ ဖိအားပေးခံရနိုင်ပါတယ်။ နောက်တစ်ခုက အဖွဲ့အစည်းအုပ်စုဟာ သတင်းအချက်အလက်တွေကို ဘယ်လိုရယူတယ်၊ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုတယ် ဆိုတဲ့အပေါ်မှာလည်း လွှမ်းမိုးမှု ရှိနိုင်ပါသေးတယ်။ ဥပမာ - အုပ်စုတစ်ခုဟာ သတင်းတစ်ခုကို တစ်ဖက်သတ် ရှုထောင့်ကနေပဲ ကြည့်မယ်ဆိုရင် အဲဒီအုပ်စုထဲက လူတွေဟာလည်း အဲဒီသတင်းကို အဲဒီရှုထောင့်ကနေပဲ မြင်နိုင်ပါတယ်၊ မြင်တတ်ပါတယ်။ လူတွေဟာ အုပ်စုထဲမှာ လက်ခံချင်စရာကောင်းတဲ့သူ (သို့) အဖွဲ့ဝင်ကောင်း ဖြစ်ချင်ကြတဲ့အတွက် အုပ်စုရဲ့ အပြုအမူနဲ့ အယူအဆတွေကို အတုယူပြီး လိုက်နာတတ်ကြပါတယ်။ ဒီလို လိုက်နာခြင်းအားဖြင့် အုပ်စုရဲ့ အမြင်ကိုလည်း လက်ခံလာကြပါတယ်။ ဒါကြောင့် အခုလိုအုပ်စုရဲ့ လွှမ်းမိုးမှုတွေဟာ လူတစ်ဦးချင်းစီရဲ့ အမြင်ကို မှန်ကန်တဲ့ အမြင်တွေ ရရှိအောင် ကူညီပေးနိုင်ပါတယ်။ ဥပမာ - အုပ်စုတစ်ခုမှာ အသိပညာ ဗဟုသုတ ကြွယ်ဝတဲ့ လူတွေ ရှိနေရင် အဲဒီအုပ်စုထဲက လူတွေဟာလည်း အသိပညာ ဗဟုသုတတွေ ရရှိနိုင်ပါတယ်။ သို့ပေမဲ့ တစ်ဖက်မှာလည်း အုပ်စုတစ်ခုမှာ အယူသည်းတဲ့ လူတွေ ရှိနေရင် အဲဒီအုပ်စုထဲက လူတွေဟာလည်း အယူသည်းလာနိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ပါဝင်နေတဲ့ အုပ်စုရဲ့ လွှမ်းမိုးမှုကို သတိထားပြီး မိမိတို့ရဲ့ အမြင်ကို အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

လူတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ပြောင်းလဲစေနိုင်တယ်။

လူတွေဟာ အုပ်စုနဲ့အတူ အလုပ်လုပ်တဲ့အခါ တစ်ယောက်တည်းလုပ်တဲ့အခါထက် ပိုပြီး စွမ်းဆောင်နိုင်တယ်ဆိုတာကို ယေဘူယျစဉ်းစားမိကြမယ်ထင်ပါတယ်။ ဒါကို "Social Facilitation" လို့ ခေါ်ပါတယ်။ လူတစ်ယောက်ဟာ အုပ်စုနဲ့ အတူ အလုပ်လုပ်တဲ့အခါ အခြားလူတွေနဲ့ အတူရှိနေခြင်းကြောင့် စိတ်အားတက်ကြွပြီး ပိုပြီး ကြိုးစားချင်စိတ် ပေါ်လာတတ်ကြပါတယ်။ ဥပမာ - အားကစားသမားတစ်ယောက်ဟာ ပရိသတ်တွေ အားပေးနေတဲ့အခါ တစ်ယောက်တည်း လေ့ကျင့်နေချိန်ထက် ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် အုပ်စုလိုက် လုပ်ဆောင်ရတဲ့ အလုပ်တွေမှာလည်း အုပ်စုဝင်တွေ အချင်းချင်း အားပေးကူညီကြတဲ့အတွက် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် မြင့်တက်လာနိုင်ပါတယ်။ တစ်ခါတလေမှာ အုပ်စုရဲ့ ဖိအားကြောင့် လူတစ်ယောက်ဟာ စွမ်းဆောင်ရည် နိမ့်ကျသွားနိုင်တာမျိုးလဲ ရှိပါသေးတယ်။ အုပ်စုထဲမှာ "Free Rider" လို့ခေါ်တဲ့ တာဝန်ယူချင်စိတ်နည်းတဲ့ လူတွေ ရှိနေရင် ကျန်တဲ့လူတွေရဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ Free Rider တွေဟာ အလုပ်ကို လွယ်လွယ်ပြီးအောင် လုပ်ချင်တဲ့အတွက် သူတို့ရဲ့ တာဝန်ကို အခြားသူတွေအပေါ် ပစ်ချတတ်ကြပါတယ်။ နောက်ပြီး အုပ်စုလိုက် လုပ်ဆောင်ရတဲ့ အလုပ်တွေမှာ အုပ်စုဝင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ၊ ပဋိပက္ခတွေ ရှိနေရင်လည်း စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အုပ်စုရဲ့ အဖွဲ့ဝင်တွေအပေါ်လွှမ်းမိုးမှုကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အုပ်စုဝင်တွေကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး၊ အပြန်အလှန် လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု စတဲ့ စိတ်ဓါတ်ရော လုပ်ဆောင်ချက်ရောရှိဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ အဖွဲ့စည်းအုပ်စုခေါင်းဆောင်တွေဟာ အုပ်စုဝင်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိပြီး အလုပ်ကို သင့်တင့်မျှတစွာ ခွဲဝေပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အုပ်စုထဲမှာ Free Rider တွေ မရှိအောင် ထိန်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့လည်း Conflict Resolution Method တွေကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုအပ်ပါတယ်။

လူတွေရဲ့ အပြုအမူကို ပြောင်းလဲစေနိုင်တယ်။

အုပ်စုရဲ့  လူတွေအပေါ် နောက်ထပ် လွှမ်းမိုးမှုတွေထဲက တစ်ခုကတော့ လူတစ်ဦးချင်းစီရဲ့ "အပြုအမူ" ကို ပြောင်းလဲစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူတွေဟာ အဖွဲ့စည်းအုပ်စုထဲမှာ ရှိနေတဲ့အခါ ဒီအသိုင်းအဝိုင်းရဲ့ စံနှုန်းတွေ၊ ဓလေ့ထုံးစံတွေကို လိုက်နာဖို့ ဖိအားပေးခံရတတ်ပါတယ်။ ဥပမာ - လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ချိန်ကို တိတိကျကျ လိုက်နာဖို့၊ လုပ်ဖော်ကိုင်ဖက်တွေကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံဖို့ စတဲ့ စည်းကမ်းတွေကို လိုက်နာရပါတယ်။ အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့် လူတစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင်အပြုအမူကို ပြောင်းလဲပြီး အုပ်စုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်လာနိုင်ပါတယ်။ ဒီလို လိုက်နာခြင်းအားဖြင့် အုပ်စုရဲ့ အပြုအမူနဲ့ တန်ဖိုးထားမှုတွေကိုလည်း လက်ခံလာကြပါတယ်။ ဥပမာ - သူငယ်ချင်းအုပ်စုတစ်ခုမှာ ဆေးလိပ်သောက်တဲ့ လူတွေများနေရင် အဲဒီအုပ်စုထဲက လူတစ်ယောက်ဟာ ဆေးလိပ်မသောက်တတ်ရင်တောင် အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့် ဆေးလိပ်သောက်ဖို့ ကြိုးစားလာနိုင်ပါတယ်။ နောက်တစ်ခုထူးခြားသေးတာက အသိုင်းဝိုင်းအုပ်စုတစ်ခုဟာ လူတစ်ယောက်ရဲ့ အပြုအမူကို အားပေးအားမြှောက်ပြုတာ၊ ပြစ်တင်ဝေဖန်တာတွေ လုပ်တတ်တာကြောင့် လူတစ်ယောက်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ - အုပ်စုတစ်ခုမှာ လူတစ်ယောက်ဟာ ကောင်းတဲ့ အပြုအမူကို လုပ်တဲ့အခါ အုပ်စုဝင်တွေက ချီးကျူးပေးရင် အဲဒီလူဟာ နောက်လည်း ကောင်းတဲ့ အပြုအမူကို ဆက်လုပ်သွားဖို့ အားတက်သွားစေပါတယ်။ ဒီလိုဘဲ အုပ်စုတစ်ခုမှာ စည်းကမ်းကောင်းတဲ့ လူတွေ ရှိနေရင် အဲဒီအုပ်စုထဲက လူတွေဟာလည်း စည်းကမ်းကောင်းလာပါတယ်။

လူတစ်ဦးချင်းစီနဲ့ အသိုင်းအဝိုင်းအုပ်စုတွေအကြား ဆက်နွယ်မှုဟာ လူမှုဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသိုင်းအဝိုင်းအုပ်စုတွေဟာ လူတစ်ဦးချင်းစီရဲ့ အပြုအမူ၊ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုတွေကို ပုံဖော်ပေးနိုင်သလို တစ်ဦးချင်းစီကလည်း အုပ်စုအပေါ်မှာ သြဇာလွှမ်းမိုးနိုင်မှုလည်း ရှိပါတယ်။ ဒီလိုအပြန်အလှန် ဆက်နွယ်မှုဟာ လူမှုအဖွဲ့အစည်းရဲ့ တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါ့ကြောင့် လူတစ်ဦးချင်းစီနဲ့ အသိုင်းဝိုင်းအုပ်စုတွေအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်းဟာ လူမှုဘဝသာယာဝပြောရေးအတွက် အလွန်အရေးကြီးပါတယ်။

David A. Buchanan နဲ့ Andrzej A. Huczynski တို့ရဲ့ 10 Edition Organizational Behavioral စာအုပ်ရဲ့ Chapter 12: Individuals in groups အခန်းမှ ကိုးကားကောက်နှုတ်ရေးသားထားပါတယ်။

U Zin Lwin Thant

Lecturer, Strategy First Int'l College

B.Act, M.Act (MUE)