သေးငယ်သော ကြင်နာမှုမှ ကြီးမားသောပြောင်းလဲမှုများဆီသို့
ကျွန်ုပ်တို့နေ့စဉ်ဘဝမှာဆုံတွေ့ရတဲ့သူတွေအပေါ်မှာပေးလိုက်တဲ့ ကြင်နာမှု၊နွေးထွေးမှုအနည်းအကျဉ်းကနေ ကြီးမားတဲ့သက်ရောက်မှုတွေရှိသွားစေနိုင်ကြောင်းသတိပြုမိဖို့လိုအပ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင်ချက်များက သတင်းခေါင်းစဉ်အများစုကိုသိမ်းပိုက်ထားတတ်ပေမယ့် လူ့အဖွဲ့အစည်းနဲ့လူသားချင်းဆက်ဆံရေးကို ပေါင်းစည်းပေးနိုင်တဲ့အရာကတော့ နေ့စဉ်ကြုံကြိုက်နေတဲ့ ကြင်နာမှု၊စာနာမှု၊ ကိုယ်ချင်းစာမှုဆိုတဲ့ အခိုက်အတန့်လေးတွေပဲဖြစ်ပါတယ်။
သေးငယ်သော်လည်း စွမ်းအားပြည့်တဲ့ ကြင်နာမှုများ
သူစိမ်းတစ်ယောက်ကို ပြုံးပြတာ၊ တစ်စုံတစ်ယောက်အတွက် တံခါးကို ကိုင်ထားတာပဲဖြစ်ဖြစ် သက်ကြီးရွယ်အို အိမ်နီးချင်းကို လာကြည့်တာပဲဖြစ်ဖြစ်၊ အသေးအဖွဲလေးပါပဲလို့ထင်ရတဲ့ ထောက်ထားစာနာမှု ဂရုစိုက်မှုတွေဟာ ကြည်နူးပျော်ရွှင်မှုဖြစ်စေပြီးတော့ နောက်ဆုံးမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပိုပြီးကျန်းမာပျော်ရွှင်လာစေမယ့် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။
ကြင်နာမှုကို လက်တွေ့လုပ်ဆောင်နည်းများ
- စိတ်ရှည်မှုနှင့် ဖော်ရွေမှု
နေ့စဉ်တွေ့ဆုံရတဲ့ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များနဲ့သူစိမ်းများအပေါ် စိတ်ရှည်ရှည် ဆက်ဆံခြင်းက ကြင်နာမှုရဲ့ အခြေခံပါပဲ။အချင်းချင်းလူသားဆန်မှုကို အသိအမှတ်ပြုတဲ့ အခိုက်အတန့်အသေးအမွှားလေးများက တစ်စုံတစ်ယောက်ရဲ့နေ့ရက်ကို တောက်ပစေပြီး စိတ်နေစိတ်ထားကို ကောင်းမွန်တဲ့ ဦးတည်ရာဘက်သို့ ပြောင်းလဲပေးနိုင်ပါတယ်။နွေးထွေးတဲ့အပြုံး သို့မဟုတ် ချိုသာတဲ့အမူအရာတွေက အခြားသူများကို လေးစားမှုနဲ့ စာနာမှုတို့ကို ပြသရာရောက်ပြီး အထီးကျန်မှုကို သက်သာစေပါတယ်။
- လက်ဆောင် ဝေငှခြင်း
လက်ဆောင် ဝေငှခြင်းက ကြင်နာမှုကို တစ်ဖက်တစ်လှမ်းကပြသပေးရာရောက်ပါတယ်။ဘီစကွတ်၊ ကိတ်မုန့် သို့မဟုတ် မုန့်များစတဲ့အိမ်လုပ်မုန့်ဖုတ်ပစ္စည်းများပေးခြင်းကအခြားသူတစ်ဦးကိုအချိန်ပေးဂရုစိုက်တယ်အလေးအနက်ထားတယ်လို့အဓိပ္ပာယ်ရပါတယ်။ အိမ်နီးနားချင်းအသစ်များအတွက် လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ကွတ်ကီးများပေးခြင်းက တစ်စုံတစ်ဦးကို စေတနာအပြည့်နဲ့ ကြိုဆိုပြီး အလေးနက်ထားကြောင်းကိုခံစားရစေမဲ့ ရိုးရှင်းသောအမူအရာဖြစ်ပါတယ်။
- စေတနာ့ဝန်ထမ်းလုပ်ခြင်း
ငွေကြေး၊ ကုန်ပစ္စည်းများ သို့မဟုတ် မိမိရဲ့အချိန်များကို ပရဟိတအဖွဲ့အစည်းများမှာ လုပ်ဆောင်လှူဒါန်းခြင်းက အခြားသူများရဲ့လိုအပ်နေတဲ့ဘဝများကို ကူညီရာရောက်ပြီးအဓိပ္ပါယ်ရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းများမှာတစ်ပတ်လျှင်နာရီအနည်းငယ်စေတနာ့ဝန်ထမ်းလုပ်ခြင်းကဲ့သို့ သေးငယ်တဲ့ အပြုအမူများက အခက်အခဲကြုံတွေ့နေရသူများအား သိသိသာသာ အကျိုးပြုစေပါတယ်။
- အိမ်နီးချင်းများကို ဖေးမကူညီခြင်း
ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ မိသားစုဝင်တွေနဲ့ အိမ်နီးနားချင်းတွေကို ဖေးမကူညီဖို့ အချိန်ပေးတာကလဲကြင်နာမှုတစ်ခုပဲဖြစ်ပါတယ်။အထီးကျန်နေတဲ့သက်ကြီးရွယ်အိုများ၊စိတ်ဓာတ်ကျနေသူတွေဆီကရင်ဖွင့်စကားတွေကိုနားထောင်ပေးခြင်း၊ အနားမှာရှိနေပေးခြင်းတို့က စကားလုံးတွေအများကြီးထက် ပိုတန်ဖိုးရှိပြီး စိတ်သက်သာရာရစေပါတယ်။အထူးသဖြင့် ကျွန်ုပ်တို့အားလုံး ဝမ်းနည်းပူဆွေးချိန် သို့မဟုတ် အကူးအပြောင်းကာလများမှာ လူသားဆန်တဲ့ဖေးမပြောဆိုမှုတွေ၊ဆက်သွယ်မှုက လိုအပ်ပါတယ်။ ရံဖန်ရံခါ ခင်မင်ရင်းနှီးစွာ လာရောက်လည်ပတ်ခြင်း သို့မဟုတ် မကြာခဏအဆက်အသွယ်လုပ်ခြင်းက အရေးကြီးတဲ့ ဖေးမကူညီခြင်းတစ်ခုဖြစ်ပါတယ်။
အကြင်နာတရားများက လူတွေကို ဘယ်လိုအကျိုးပြုသလဲ။
ကြင်နာမှုကစိတ်ဖိစီးမှုကိုလျော့ကျစေပြီးမိမိကိုယ်ကိုတန်ဖိုးထားမှုကိုမြင့်တက်စေပါတယ်။အခြားသူများကိုကူညီခြင်းကကျွန်ုပ်တို့ကိုတန်ဖိုးရှိစေတဲ့အကျိုးသက်ရောက်မှုရစေပါတယ်၊။ သူစိမ်းများကိုထောက်ထားစာနာခြင်းက ကျွန်ုပ်တို့ကို စိတ်သက်သာရာရစေပြီး စိတ်ရှည်မှုနဲ့ နားလည်မှုတို့ကို အားပေးပါတယ်။ ရိုးရှင်းတဲ့အလေ့အထ၊ကြင်နာတဲ့အပြုအမူများက ကျွန်ုပ်တို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးကာ နေ့စဉ်ဘ၀ကို ပိုမိုအဓိပ္ပာယ်ရှိစေပါတယ်။အခြားသူများကို ဂရုတစိုက် လေးစားစွာဆက်ဆံတဲ့အခါ၊ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို ပြောင်းလဲစေရုံသာမက ကျွန်ုပ်တို့ကိုယ်တိုင်လည်း သနားကြင်နာမှု၊စိတ်အေးချမ်းမှုကို တိုးပွားလာစေပါတယ်။
အကြင်နာတရားက လူ့အသိုင်းအဝိုင်းကို ဘယ်လိုအကျိုးပြုလဲ။
နေ့စဉ် ကြင်နာတဲ့ အပြုအမူများက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအပေါ် သိသာထင်ရှားစေပြီး ကောင်းကျိုးသက်ရောက်မှုများရှိစေပါတယ်။ လူတစ်ဦးချင်းစီက ကြင်နာတဲ့အမူအရာအလေ့အထများကို ပြုလုပ်တဲ့အခါမှာ ကလေးငယ်များအပါအဝင် အခြားသူများအတွက် စံနမူနာကောင်းဖြစ်စေပြီး လူ့အဖွဲ့အစည်းအတွက် လူမှုဆက်ဆံရေးကို အားကောင်းလာစေပါတယ်။ ကြင်နာမှုများက ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးမှုကို တည်ဆောက်ပေးပါတယ်။သူစိမ်းများ၊ အသိမိတ်ဆွေများနဲ့ ဆက်ဆံရာမှာ ရိုးရှင်းတဲ့ ယဉ်ကျေးပျူငှာမှုက နေ့စဉ် အပြန်အလှန်ဆက်ဆံရေးကို ပိုမိုသာယာစေပြီး လေးစားမှုကိုဖြစ်စေပါတယ်။
အခြားသူများကို ဂရုတစိုက်နဲ့ဆက်ဆံတဲ့အခါတိုင်း၊ ထိုအပြုအမူကောင်းများကပျံ့နှံ့စေပြီး အပြန်အလှန်အား ပေးမှုကိုရရှိစေပါတယ်။ ပြုံးပြခြင်း၊ တံခါးဖွင့်ပေးခြင်း၊ ဖုန်းခေါ်ဆိုမေးမြန်းခြင်းကဲ့သို့ ရိုးရှင်းတဲ့ အပြုအမူတိုင်းက ကျွန်ုပ်တို့ရဲ့လူ့အသိုင်းအဝိုင်းကို စံနမူနာကောင်းများဖြစ်စေကာ၊ လူမှုဆက်ဆံရေးကို နွေးထွေးသာယာစေပါတယ်။ ကြင်နာမှုက လက်ဆင့်ကမ်းနိုင်တဲ့ စွမ်းအားတစ်ခုဖြစ်ပြီး၊ မိမိစတင်လိုက်တဲ့ သေးငယ်သောအပြုအမူများက နောက်ဆုံးမှာ ကြီးမားတဲ့ ပြောင်းလဲမှုများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
"ကြင်နာမှုကို မျှဝေပါ။ ကြင်နာခြင်းရဲ့ အလင်းကသင့်ကိုလမ်းပြပေးပါလိမ့်မယ်"
https://heymind.org.uk/small-acts-of-kindness-that-make-a-big-difference-by-annie-button/
heymind.org.uk မှ small-acts-of-kindness-that-make-a-big-difference-by-annie-button ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Daw Zin Lin Htet
Lecturer, Strategy First Int'l College
B.E (Civil) Magway Technological University
M.Sc. (Construction Project Management),
Heriot-Watt University, Malaysia
