“အမှိုက်မီးရှို့ခြင်း၏ ဆိုးကျိုးများ”
အမှိုက်မီးရှို့ကြတဲ့အပြုအမူက လူ့အသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတတ်ပါတယ်။ ဒီလိုအပြုအမူက လူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေအများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အမှိုက်မီးရှို့ရတဲ့ အကြောင်းရင်းများ၊ ဆိုးကျိုးသက်ရောက်မှုတွေနဲ့ ဖြေရှင်းနည်းများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အမှိုက်မီးရှို့ရတဲ့အကြောင်းရင်းများ
၁။ သန့်ရှင်းရေးစနစ် အားနည်းခြင်း - လူတွေက အမှိုက်စွန့်ပစ်ဖို့အတွက် သင့်တော်တဲ့ နေရာများ မရှိခြင်း၊ စနစ်တကျ စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် အမှိုက်များကို မီးရှို့ပစ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းလာကြပါတယ်။ အမှိုက်စွန့်ပစ်ဖို့ ကုန်ကျစရိတ်များပြားခြင်းနဲ့ လုပ်ငန်းစဉ်များ ရှုပ်ထွေးခြင်းတို့ကြောင့် မီးရှို့ခြင်းကို လွယ်ကူသော နည်းလမ်းအဖြစ် မှတ်ယူလာကြပါတယ်။
၂။ ပညာပေးမှု အားနည်းခြင်း - လူထုအတွင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာ နည်းပါးခြင်းကြောင့် အမှိုက်မီးရှို့တဲ့အပြုအမူရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို နားလည်သဘောပေါက်မှုအားနည်းပါတယ်။ မီးရှို့တဲ့နည်းလမ်းက အမှိုက်တွေသန့်ရှင်းသွားဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ထင်မြင်ယူဆခြင်းနဲ့ ငွေကုန်ကြေးကျအနည်းဆုံး ပြုလုပ်နိုင်တဲ့ နည်းလမ်းအဖြစ် မှားယွင်းစွာမှတ်ယူထားကြပါတယ်။
၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုက်စားမှု နည်းပါးခြင်း - ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အပြုအမူများကို စနစ်တကျ ထိန်းချုပ်မှု မရှိခြင်းနဲ့ ဥပဒေများ အားနည်းခြင်းတို့ကြောင့် အမှိုက်မီးရှို့ခြင်း ပြဿနာက တစ်စထက်တစ်စပိုပြီးဆိုးရွားလာခဲ့ပါတယ်။
အမှိုက်မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသော အဆိပ်အတောက်များ
၁။ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) - မီးရှို့လို့ ထွက်လာတဲ့ CO₂ က လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ကို မြင့်တက်စေပါတယ်။
၂။ ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်ငွေ့များ - ပလတ်စတစ်နဲ့ ဓာတုပစ္စည်းများကို မီးရှို့လိုက်ပါက အဆိပ်သင့်ဓာတ်ငွေ့များ (ဥပမာ - ဒိုင်အောက်ဆိုဒ်၊ ကလိုရင်းဓာတ်ငွေ့) ထွက်ပေါ်လာပြီး လေထုကို ညစ်ညမ်းစေပါတယ်။
၃။ ဖုန်မှုန့်များ (PM2.5) - အမှိုက်မီးရှို့ခြင်းကြောင့် ထွက်ပေါ်လာတဲ့ PM2.5 က လူ့ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ WHO ရဲ့ စစ်တမ်းများအရ PM2.5 ကြောင့် တစ်နှစ်ကို လူပေါင်း ၇ သန်းခန့် အချိန်မတိုင်မီ သေဆုံးနေရပါတယ်။
လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများ
၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ - မီးရှို့ခြင်းကနေ ထွက်ပေါ်လာတဲ့ အဆိပ်အတောက်များက နှာစေး၊ ချောင်းဆိုး၊ ပန်းနာရင်ကြပ်နဲ့ အဆုတ်ရောဂါများကို ဖြစ်ပွားစေပါတယ်။
၂။ ကင်ဆာရောဂါဖြစ်ပွားမှု - ဓာတုပစ္စည်းများ မီးရှို့ခြင်းကြောင့် ကင်ဆာဖြစ်စေသော ဒြပ်ပေါင်းများ (Carcinogens) ထွက်ပေါ်လာပြီး ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။
၃။ ကလေးများနဲ့ သက်ကြီးရွယ်အိုများအပေါ် ပိုမိုထိခိုက်မှု - ကလေးနဲ့သက်ကြီးရွယ်အိုတွေက အဆိပ်အတောက်များကို ပိုမိုခံစားရပြီး ကျန်းမာရေးပြဿနာများ ပိုပြီးသက်ရောက်မှုရှိပါတယ်။
ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ
၁။ မြေထုနှင့် ရေထု ညစ်ညမ်းမှု - အမှိုက်မီးရှို့ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ မြေဆီလွှာနဲ့ ရေအရင်းအမြစ်များ ညစ်ညမ်းလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကိုဖြစ်စေပါတယ်။
၂။ လေထုညစ်ညမ်းမှု - UN Environment Programme ရဲ့ အဆိုအရ အမှိုက်မီးရှို့ခြင်းက ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုရဲ့ ၅% ခန့်အထိရှိနေပါတယ်။
၃။ အိမ်နီးချင်းများအပေါ် ထိခိုက်မှု - မီးရှို့ခြင်းကြောင့် အိမ်နီးချင်းများရဲ့ နေထိုင်မှုဘဝကို ထိခိုက်စေပြီး လူမှုရေးပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဖြေရှင်းနည်းများ
၁။ အမှိုက်ခွဲခြားစနစ် ကျင့်သုံးခြင်း - အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းအားဖြင့် ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းများကိုသီးခြားခွဲထားရပါမယ်။ ဥပမာ - ဖိလစ်ပိုင်နိုင်ငံမှာ ကျေးရွာအဖွဲ့အစည်းများက အမှိုက်ပြန်လည်အသုံးပြုရေးစနစ်ကို အောင်မြင်စွာ ကျင့်သုံးလျက်ရှိပါတယ်။
၂။ အစိုးရနှင့် အဖွဲ့အစည်းများရဲ့ ပူးပေါင်းပါဝင်မှု - အစိုးရက သန့်ရှင်းရေးစနစ်များ ပိုမိုကောင်းမွန်လာစေဖို့ စီမံဆောင်ရွက်သင့်ပြီး အမှိုက်မီးရှို့ခြင်းကို တားမြစ်တဲ့ ဥပဒေများ ပြဌာန်းသင့်ပါတယ်။
၃။ လူထုပညာပေးခြင်း - လူထုအား အမှိုက်မီးရှို့ခြင်းရဲ့ ဆိုးကျိုးများနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးကြီးပုံကို ပညာပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
လူတိုင်းက မိမိတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေ၊ အပြုအမူလေးတွေကနေ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်စေဖို့ လိုအပ်ပါတယ်။ အမှိုက်မီးရှို့တဲ့အပြုအမူက လူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိပါတယ်။ ဒါ့ကြောင့် လူထုအားလုံးဆီက ပူးပေါင်းပါဝင်မှုကြောင့် ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ အမှိုက်ခွဲခြားစနစ်၊ ပညာပေးခြင်းနဲ့ စနစ်တကျ စီမံခန့်ခွဲမှုများကနေတဆင့် သန့်ရှင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ကာ ပတ်ဝန်းကျင်ကို ကာကွယ်ကြပါစို့။
Daw Sandi Su Hlaing
B.C.Sc, (U.C.S.Y), B.C.Sc, (Hons) (U.C.S.Y)
M.C.Sc, (U.C.S.Y)
