စကားလေးတစ်ခွန်း၏ အာနိသင်
ချီးမွမ်းတာက ဝန်ထမ်းတွေအတွက် ဘာကြောင့် အရေးကြီးတာလဲဆိုတာ စဉ်းစားဖူးလား? တကယ်တော့ ချီးမွမ်းမှုဆိုတာ လုပ်ငန်းခွင်တစ်ခုမှာ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုပါ။ ဒါက လွယ်လွယ်ကူကူနဲ့ လုပ်လို့ရပေမယ့် သူ့ရဲ့အကျိုးကျေးဇူးက တော်တော်လေးကြီးမား ပါတယ်။ "ငါ့အလုပ်ကို တန်ဖိုးထားတယ်၊ ကျေးဇူးတင်တယ်" ဆိုတဲ့ ခံစားချက်မျိုး ဝန်ထမ်းတွေ ရအောင် လုပ်ပေးနိုင်ရင် သူတို့က ပိုပြီး စိတ်ဝင်စားလာမယ်၊ အလုပ်ကို ပိုချစ်လာမယ်။ Gallup သုတေသနတွေအရ ချီးမွမ်းမှုရတဲ့ ဝန်ထမ်းတွေက အလုပ်ထဲမှာ ပိုပျော်ပြီး သစ္စာရှိတတ်ကြတယ်လို့ ဆိုပါတယ်။ ဒီတော့ ချီးမွမ်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြ ပေးချင်ပါတယ်။
ဝန်ထမ်းတွေ စိတ်ပါလက်ပါ အလုပ်လုပ်လာမယ်
ချီးမွမ်းမှုရတဲ့အခါ "ငါ့အလုပ်က အရေးပါတယ်" ဆိုတဲ့ စိတ်ခံစားချက် ဝင်လာတယ်။ ဒီလိုနဲ့ သူတို့က ပိုကြိုးစားလာတယ်၊ ကိုယ့်အလုပ်ကို ဂုဏ်ယူလာတယ်။ Gallup စစ်တမ်းမှာ ချီးမွမ်းမှုရတဲ့ ဝန်ထမ်းတွေက အလုပ်ကို ၂၁% ပိုမြန်မြန်ပြီးအောင် လုပ်တတ်တယ်လို့ ဆိုထားတယ်။ ဥပမာ - ဝန်ထမ်းတစ်ယောက်ကို "မင်းရဲ့ အကြံဉာဏ်က အဖွဲ့အတွက် တကယ်အသုံးတည့်တယ်" လို့ ပြောလိုက်ရင် သူ့ကို အားတက်သွားစေမှာပါ။ ချီးမွမ်းမှုမရတဲ့ဝန်ထမ်းတွေကတော့ သူတို့ရဲ့အလုပ်ကို "အရေးကြီးတဲ့အလုပ်"လို့ မထင်ဘဲ ပျင်းစေတတ်တယ်” ဆိုတာတွေ့ရပါတယ်။
အလုပ်ထွက်တာ နည်းသွားမယ်
“ငါ့အလုပ်ကို ဘယ်သူမှ မတန်ဖိုးထားဘူး" လို့ ဝန်ထမ်းတွေက ခံစားနေရပြီဆိုရင် စိတ်ပျက်ပြီး အလုပ်ထွက်တတ်ကြတယ်။ Gallup အဆိုအရ ချီးမွမ်းမှုမရတဲ့သူတွေက အလုပ်ပြောင်းဖို့ ၂ ဆပိုများပါတယ်တဲ့။ ဒါကြောင့် "မင်းလိုလူတွေ ရှိနေလို့ ကုမ္ပဏီတိုးတက်တာ" ဆိုပြီး ကျေးဇူးတင်လိုက်ရင် ဝန်ထမ်းတွေကို အလုပ်မှာ ပိုပြီးထိန်းထားနိုင်မှာပါ။ ချီးမွမ်းမှုရတဲ့ ဝန်ထမ်းတွေက "ဒီကုမ္ပဏီက ငါ့ကိုတန်ဖိုးထားတယ်" လို့ခံစားရပြီး အလုပ်ထွက်ဖို့ စိတ်မပါတော့ပါဘူး။
အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်တယ်
အရည်အချင်းရှိသူတွေအနေနဲ့, သူတို့ရဲ့ အရည်အချင်းတွေကို တန်ဖိုးထားပြီး ကျေးဇူးတင်တတ်တဲ့ ကုမ္ပဏီနဲ့ပဲ လက်တွဲချင်တတ်ကြတယ်။ ဒီတော့ ချီးမွမ်းမှုရှိတဲ့ ကုမ္ပဏီတွေဟာ အရည်အချင်းရှိတဲ့လူတွေကို ဆွဲဆောင်နိုင်ပြီး ထိန်းသိမ်းနိုင်ပါတယ်။
အလုပ်ကို အနှစ်သာရရှိအောင် လုပ်ပေးတယ်
ချီးမွမ်းမှုက ဝန်ထမ်းတွေကို "ငါလုပ်နေတာက အနှစ်သာရရှိတဲ့အလုပ်" ဆိုတဲ့ ခံစားချက်ပေးတယ်။ ဥပမာ - "မင်းရဲ့ကြိုးစားမှုကြောင့် ဖောက်သည်တွေ ပြန်လာတယ်" လို့ ပြောလိုက်ရင် သူ့အလုပ်က ကုမ္ပဏီအတွက် ဘယ်လောက်အထောက်အကူဖြစ်တယ်ဆိုတာ သိသွားမယ်။ သူတို့နေ့စဉ်လုပ်နေရတဲ့အလုပ်က ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေဖြည့်ဆည်းပေးနေတာဖြစ်တယ်ဆိုတာ သဘောပေါက်ရင်, သူတို့ရဲ့အလုပ်ကို ပိုတန်ဖိုးထားတတ် လာတယ်။ ဒီလိုနဲ့ သူ့အလုပ်ကို ပိုတိုးတက်စေဖို့ ကြိုးစားလာတတ်ပါတယ်။
ခေါင်းဆောင်တွေအတွက်ပါ အကျိုးရှိတယ်
ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေကို ချီးမွမ်းတာက ကိုယ့်ကိုယ်ကိုယ်ပါ အားရစေတယ်။ "ငါ့လုပ်ရပ်က တခြားသူတွေကို အောင်မြင်မှုရစေတယ်" ဆိုတဲ့ စိတ်ချမ်းသာမှုမျိုးပေါ့။ ဒီလိုခံစားရတာက ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှုကို မြင့်တက်စေပြီး ကိုယ့်အလုပ်ကို ပိုတန်ဖိုးထားလာတယ်။
အကောင်းမြင်စိတ် ကို မြှင့်တင်တယ်
ချီးမွမ်းမှုက ဝန်ထမ်းတွေရဲ့ စိတ်ကို ရွှင်လန်းစေတယ်။ "မင်းတို့အဖွဲ့က တကယ်တော်တယ်" ဆိုတာမျိုး ကြားရင် သူတို့က ပိုအားစိုက်ပြီး လုပ်ချင်စိတ်တွေ တိုးလာမယ်။ ဒီလိုခံစားရတာက ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး အလုပ်ခွင်မှာ ပိုပျော်ရွှင်လာစေတယ်။ ဥပမာ၊ "မင်းရဲ့ အားစိုက်မှုကြောင့် ဒီပရောဂျက်အောင်မြင်သွားတယ်" လို့ ပြောလိုက်ရင် သူတို့ရဲ့ ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုတွေ တိုးလာမှာပါ။
ရိုးရှင်းပေမယ့် အကျိုးကျေးဇူးကြီးတယ်
ချီးမွမ်းမှုက ရိုးရှင်းပေမဲ့ ထိရောက်တဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်။ ချီးမွမ်းဖို့အတွက် ငွေကြေးအများကြီး မကုန်ဘူး။ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလုံးတစ်ခွန်းတောင် လုံလောက်ပါတယ်။ အရေးကြီးတာက စိတ်ထဲကနေ တကယ်ကျေးဇူးတင်ပြီး ပြောဖို့ပါပဲ။ ဒီလိုလုပ်တာက ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးရုံသာမက ကုမ္ပဏီအတွက်လည်း ရေရှည်အကျိုးကျေးဇူးတွေ ရစေမယ်။ ဥပမာ၊ ဝန်ထမ်းတစ်ယောက်ကို "မင်းရဲ့ ကြိုးစားမှုကို ငါတကယ်ကျေးဇူးတင်တယ်" လို့ ပြောလိုက်ရင် သူတို့က ပိုပြီး စိတ်ပါလက်ပါ လုပ်ကိုင်လာမှာပါ။
ချီးမွမ်းမှုက လုပ်ငန်းခွင်တစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ သော့ချက်ပါပဲ။ ဝန်ထမ်းတွေကို မကြာမကြာ ကျေးဇူးတင်ပါ။ သူတို့ရဲ့ အားသာချက်တွေကို မှတ်ချက်ပေးပါ။ ဒီလိုလုပ်ရင် ကုမ္ပဏီတိုးတက်မှုကို မြင်ရမှာသေချာပါတယ်။
Reference:
PeopleThriver. (n.d.). Why is recognition so important? [online] Available at: https://peoplethriver.com/why-is-recognition-so-important/ [Accessed 7 Jan. 2025].
Daw Thwe Thwe Aye
B. Com (Q), M. Com (MEUE)
