Adidas x Parley for the Oceans
ကုန်ကျစရိတ်သက်သာလွန်းပြီး အသုံးပြုရလွယ်ကူတဲ့ ပလတ်စတစ်အသုံးအဆောင်ပစ္စည်းတွေက အန္တရာယ်ရှိစေတာမှန်ပေမဲ့ လူအများကြားမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြဆဲပါပဲ။ ဒီလိုနဲ့ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးအတွက် ပလတ်စတစ်ညစ်ညမ်းမှုက ကြီးမားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး ပင်လယ်နဲ့သမုဒ္ဒရာများထဲကို နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်တန်ချိန်သန်းပေါင်းများစွာ ရောက်ရှိလို့နေပါတယ်။ ပလတ်စတစ်အမှိုက်တွေက ရေနေသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေရုံသာမက လူသားတွေရဲ့ ကျန်းမာရေးနဲ့ ဂေဟစနစ်ကိုပါ ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပါတယ်။ ဒီပြဿနာကို တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းနိုင်ဖို့အတွက် Adidas နဲ့ Parley for the Oceans တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပင်လယ်ပြင်မှ ပလတ်စတစ်အမှိုက်များကို ပြန်လည်အသုံးပြုကာ ဖိနပ်နဲ့ အခြားအားကစားပစ္စည်းများ ထုတ်လုပ်ခဲ့ပါတယ်။
Parley for the Oceans
Parley for the Oceans က ပင်လယ်နဲ့သမုဒ္ဒရာကြီးတွေကို ပလတ်စတစ်ညစ်ညမ်းမှုမှ ကာကွယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ Parley က ပလတ်စတစ်အသုံးပြုမှုကို လျှော့ချနိုင်ဖို့၊ ပလတ်စတစ်အမှိုက်များကို ပြန်လည်အသုံးပြုရန်နဲ့ပင်လယ်ပြင်မှပလတ်စတစ်အမှိုက်များကိုရှင်းလင်းရန်အတွက်လုပ်ငန်းစဉ်များ၊လှုပ်ရှားမှုများကို အားပေးဆောင်ရွက်နေပါတယ်။ Parley ရဲ့လှုပ်ရှားမှုများထဲက "Run for the Oceans" လှုပ်ရှားမှုကတော့ Parley နဲ့ Adidas တို့ပူးပေါင်းပြီး စတင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး လူထုအား ပင်လယ်ပြင်ကို ကာကွယ်ရန် စည်းရုံးလှုံ့ဆော်နိုင်ဖို့ရည်ရွယ်ပါတယ်။ လှုပ်ရှားမှုမှာ ပါဝင်သူတွေက သတ်မှတ်နေရာများတွင် မိမိတို့ပြေးနိုင်တဲ့ပြေးလမ်း အကွာအဝေးကို Adidas နဲ့ Parley တို့ရဲ့ App များမှတစ်ဆင့် မှတ်တမ်းတင်ပြီး ပြေးလမ်းရဲ့အတိုင်းအတာ အကွာအဝေး ပေါ်မူတည်ကာ Adidas က Parley အတွက် လှူဒါန်းငွေများကို ထည့်ဝင်ပေးပါတယ်။ ရရှိလာတဲ့အလှူငွေတွေကို ပင်လယ်ပြင်မှ ပလတ်စတစ်အမှိုက်များကို ရှင်းလင်းရန် အတွက် ပညာပေးလှုပ်ရှားမှုတွေနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုနည်းစေတဲ့ ဖက်ရှင်လုပ်ငန်းများမှာအသုံးပြုပါတယ်။
Adidas x Parley for the Oceans
၂၀၁၅ ခုနှစ်တွင် Adidas က Parley for the Oceans နဲ့ ပူးပေါင်းပြီး Ocean Plastic များကို အသုံးပြုကာ ဖိနပ်နဲ့ အားကစားပစ္စည်းများထုတ်လုပ်ရန် စတင်ခဲ့ပါတယ်။ ဒီပရောဂျက်မှာ ပင်လယ်ပြင်မှ စုဆောင်းရရှိတဲ့ ပလတ်စတစ်အမှိုက်များကို သန့်စင်ပြီး၊ ပြန်လည်အသုံးပြုနိုင်တဲ့ Fiber အမျှင်များအဖြစ် ပြောင်းလဲကာ ထုတ်ကုန်များထုတ်လုပ်ခြင်းဖြစ်ပါတယ်။
Adidas က Parley Ocean Plastic ကို အသုံးပြုပြီး ပထမဆုံးသော ဖိနပ်စီးရီးကို ၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ရှူးဖိနပ်တစ်ရံမှာ ပင်လယ်ပြင်မှရရှိတဲ့ ရေသန့်ဘူးကဲ့သို့ပလတ်စတစ်အမှိုက် ၁၁ ပုလင်းခန့်ကို ပြန်လည်အသုံးပြုထားပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Adidas က Parley Ocean Plastic ကို အသုံးပြုပြီး ဖိနပ်များ၊ အားကစားဝတ်စုံများနဲ့ အခြားပစ္စည်းများကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။
Adidas နှင့် Parley တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာ Adidas က Parley Ocean Plastic ကို အသုံးပြုကာ ဖိနပ်ပေါင်း ၁၅ သန်းခန့်ထုတ်လုပ်ခဲ့နိုင်ပြီး ပင်လယ်ပြင်မှ ပလတ်စတစ်အမှိုက်တန်ချိန် ၂,၈၀၀ ခန့်ကို ပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ချက်ကောင်းမျိုးက ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖက်ရှင်လုပ်ငန်းများအတွက်အထောက်အပံ့ဖြစ်စေပါတယ်။
Adidas က ကြီးမားတဲ့ပန်းတိုင်တစ်ခုအနေနဲ့ ၂၀၂၄ ခုနှစ်မှစတင်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေမှာ Virgin Polyester (ရုပ်ကြွင်းလောင်စာတွေ၊သဘာဝရင်းမြစ်သစ်များဆီကနေ ထုတ်လုပ်ထားတဲ့ပလတ်စတစ်) အသုံးပြုမှုကိုလုံးဝရပ်တန့်ပစ်ဖို့ရည်ရွယ်ထားပါတယ်။ သူတို့ရဲ့ထုတ်ကုန်တွေမှာ သဘာဝအရင်းအမြစ်သစ်များကို သုံးပြီး ရရှိလာမဲ့ Virgin Polyester အစား Recycle လုပ်ထားတဲ့ ပလတ်စတစ်ကိုသာအသုံးပြုခြင်းဖြစ်ပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင်က Adidas ရဲ့"End Plastic Waste" လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အပြီးတိုင်အဆုံးသတ်နိုင်ဖို့ပဲဖြစ်ပါတယ်။
Adidas နှင့် Parley တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုပရောဂျက်က ဖက်ရှင်လုပ်ငန်းတွေမှာလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုပ်ငန်းစဉ်များရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချဖို့နဲ့ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ဖို့က အဖွဲ့အစည်းအနေနဲ့ရော သုံးစွဲသူတစ်ဦးတစ်ယောက်ချင်း အနေဖြင့်ပါ ပူးပေါင်းပါဝင်ဖို့လိုအပ်နေပါတယ်။ Adidas နဲ့ Parley တို့ရဲ့ ကောင်းမွန်တဲ့အတွေးအမြင်သစ်တွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီးပွားရေးကိုပေါင်းစပ်ကာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ဖို့အတွက် အားထုတ်မှုတစ်ခုဖြစ်ပါတယ်။ အားလုံးအတူတကွ ကျွန်ုပ်တို့ရဲ့ Carbon Footprint ကိုလျှော့ချနိုင်ဖို့နည်းလမ်းတွေကို စိတ်အားထက်သန်စွာအဖြေရှာသင့်ပါတယ်။
Adidas နဲ့ Parley for the Oceans Official Website မှ ကိုးကားထားခြင်းဖြစ်ပါတယ်။
Daw Theint Thinzar
BE (Civil-WYTU)
M.Sc (Construction Project Mgt),
Heriot-Watt University
