Kaizen : သေးငယ်တဲ့ခြေလှမ်း၊ ကြီးမားတဲ့သက်ရောက်မှု
ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကြီးမားပြီး ရှုပ်ထွေးတဲ့ ပရောဂျက်တွေနဲ့ ငြီးငွေ့နေပြီလား။ ပိုကောင်းတဲ့ နည်းလမ်းတစ်ခုရှိတယ်..." အဲ့ဒါက "Kaizen" ပဲ ဖြစ်ပါတယ်။
"Kaizen" ဆိုတာ ဂျပန်စကားလုံးဖြစ်ပြီး "စဉ်ဆက်မပြတ် တိုးတက်မှု" လို့ အဓိပ္ပာယ်ရပါတယ်။ မိမိတို့ လုပ်ဆောင်နေတဲ့ အရာတွေကို ပိုကောင်းအောင်လုပ်ဖို့အတွက် သေးငယ်ပြီး တဖြည်းဖြည်းချင်း ပြောင်းလဲမှုတွေကို အာရုံစိုက်တဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်နည်းတစ်ခုလို့ စဉ်းစားနိုင်ပါတယ်။ ကြီးမားတဲ့ ချက်ချင်းပြောင်းလဲမှုတွေအကြောင်းမဟုတ်ဘဲ သေးငယ်တဲ့ စဉ်ဆက်မပြတ် ခြေလှမ်းတွေ အကြောင်းပါ။
Kaizen ဘာကြောင့် ဒီလောက်နာမည်ကြီးတာလဲ။
အကျိုးရှိလို့ပါပဲ။ ကြီးမားတဲ့၊ ဝုန်းခနဲ ဒိုင်းခနဲ ဖြစ်စေတဲ့ အကြံဉာဏ်ကို စောင့်မနေဘဲ Kaizen က CEO ကစလို့ လုပ်ငန်းခွင်မှာ တကယ်အလုပ်လုပ်နေသူအထိ လူတိုင်းကို တိုးတက်မှုအတွက် အကြံပြုချက် ပေးနိုင်ပါတယ်။ ဒီသေးငယ်တဲ့ ပြောင်းလဲမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်၊ အရည်အသွေးနဲ့ အလုပ်လုပ်ရတာကို ပိုပျော်စရာကောင်းအောင်အထိ ကြီးမားတဲ့ ရလဒ်တွေကို ဦးတည်စေပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ။
Kaizen က PDCA လို့ခေါ်တဲ့ ရိုးရှင်းတဲ့ စက်ဝန်းတစ်ခုကို မကြာခဏ အသုံးပြုပါတယ်။
- စီစဉ် (Plan): ဘာကို တိုးတက်အောင်လုပ်ချင်လဲဆိုတာကို ရှာဖွေပါ။
- လုပ်ဆောင် (Do): သေးငယ်တဲ့ ပြောင်းလဲမှုကို စမ်းကြည့်ပါ။
- စစ်ဆေး (Check): ပြောင်းလဲမှုက အကျိုးသက်ရောက်မှု ရှိ၊မရှိကို ကြည့်ပါ။ ပိုကောင်းလာသလား။
- ဆောင်ရွက် (Act): တကယ်လို့ အကျိုးရှိရင် အဲဒီပြောင်းလဲမှုကို စံအဖြစ် သတ်မှတ်ပါ။ မဟုတ်ရင် တခြားတစ်ခုကို စမ်းကြည့်ပါ။
Kaizen ကို လက်တွေ့ကျကျပြောရရင် “အလုပ်ရှုပ်နေတဲ့ ကော်ဖီဆိုင်တစ်ခုကို စိတ်ကူးကြည့်ပါ။ ကော်ဖီဖျော်တဲ့သူတစ်ယောက်က ဖောက်သည်တွေ ကော်ဖီခွက်မှာ သုံးတဲ့အဖုံးအတွက် အချိန်တစ်ခု ပေးပြီး မကြာခဏ စောင့်နေရတာကို သတိထားမိပါတယ်။ အဲ့ဒီမှာ ဖောက်သည်တွေက အဖုံးထည့်တဲ့နေရာကို ကော်ဖီခွက်တွေနဲ့ ပိုနီးအောင်ရွှေ့ဖို့ အကြံပြုပါတယ်။ ဒီနောက်မှာတော့ စမ်းကြည့်တယ် (လုပ်ဆောင်)၊ အရှိန်မြန်လာသလားလို့ ကြည့်တယ် (စစ်ဆေး)၊ တကယ်လို့ မြန်လာရင် အဲဒီနေရာမှာပဲ ထားလိုက်တယ် (ဆောင်ရွက်)။ ရိုးရှင်းပါတယ်။ ဒါပေမဲ့ ဒီလိုသေးငယ်တဲ့ ပြောင်းလဲမှုတွေ အများကြီးလုပ်ရင် ကော်ဖီဆိုင်တစ်ခုလုံး ပိုပြီးချောမွေ့စွာ လည်ပတ်နိုင်ပါတယ်။
Kaizen ရဲ့ နောက်ကွယ်က အဓိက အချက်တွေ-
- သေးငယ်တဲ့၊ စီမံခန့်ခွဲနိုင်တဲ့ ပြောင်းလဲမှုတွေကို အာရုံစိုက်ပါ: တစ်ပြိုင်နက်တည်း အရာအားလုံးကို ပြင်ဆင်ဖို့ မကြိုးစားပါနဲ့။
- လူတိုင်းပါဝင်ပါတယ်: အကောင်းဆုံး အကြံဉာဏ်တွေက အလုပ်လုပ်နေတဲ့သူတွေဆီက မကြာခဏ လာလေ့ပါတယ်။
- စဉ်ဆက်မပြတ် တိုးတက်မှု: တစ်ခါတစ်ရံ ဖြစ်ရပ်တစ်ခုမဟုတ်ဘဲ စဉ်ဆက်မပြတ် လုပ်ငန်းစဉ်တစ်ခုပါ။
- အလဟဿဖြုန်းတီးမှုကို ဖယ်ရှားပါ: အချိန်၊ အားထုတ်မှု ဒါမှမဟုတ် ပစ္စည်းတွေလိုမျိုး တန်ဖိုးမဖြည့်တဲ့ ဘာမဆိုကို ရှာဖွေပါ။ ဖယ်ထုတ်ပါ။
Kaizen ဟာ လုပ်ငန်းတွေအတွက်တင် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝမှာလည်း အသုံးပြုနိုင်ပါတယ်။ ကျန်းမာသန်စွမ်းချင်လား။ ဒါဆို မနက်ဖြန်မှာ မာရသွန်ပြေးဖို့ မကြိုးစားပါနဲ့။ နေ့တိုင်း ခပ်တိုတို လမ်းလျှောက်တာနဲ့ စတင်ပြီး တဖြည်းဖြည်း အကွာအဝေးကို တိုးမြှင့်ပါ။ ဒါဟာ Kaizen ရဲ့ လက်တွေ့အသုံးချမှုပါပဲ။
အတိုချုပ်ပြောရရင် Kaizen ဆိုတာ လုပ်ဆောင်မယ့်အရာတွေကို နေ့တိုင်းနည်းနည်းလေး ပိုကောင်းအောင် လုပ်ဖို့ပါပဲ။ ဒီသေးငယ်တဲ့ တိုးတက်မှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကြီးမားတဲ့ ပြောင်းလဲမှုတွေအဖြစ် စုပုံလာပြီး Kaizen ကို တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေအတွက် အားကောင်းတဲ့ ကိရိယာတစ်ခု ဖြစ်စေပါတယ်။
References
Slack, N., Brandon-Jones, A. and Johnston, R. (2022) Operations Management. 10th Ed. Harlow: Pearson.
Daw Hninn Pwint Oo
M.Com, B.Com** (MEUE)
