သဘာဝပတ်ဝန်းကျင်နဲ့ ဖက်ရှင်ကို တွဲဖက်ပြီး အောင်မြင်မှုတွေကို ဖန်တီးနေတဲ့ MUD Jean
ဒီနေ့ခေတ်မှာ Circular Economy ကို လုပ်ငန်းတွေက ဦးတည်လုပ်ဆောင်လာကြပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေထဲမှာမှ MUD Jean အမှတ်တံဆိပ်အနေနဲ့ Circular economy ကို ဘယ်လို လုပ်ဆောင်နေလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အရင်ဆုံး MUD Jeans အမှတ်တံဆိပ်အကြောင်းကို ပြောပြပေးချင်ပါတယ်။ MUD Jeans အမှတ်တံဆိပ်ကို Bert Van Son က ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး နယ်သာလန်အခြေစိုက် အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ Fashion ပိုင်းအတွေ့အကြုံ နှစ်ပေါင်း ၃၀ ရှိတဲ့ Bert Van Son ဟာ MUD Jeans အမှတ်တံဆိပ်ကို Circular economy ရဲ့ စံနမူနာပြတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးပမ်းခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ MUD Jeans က သုံးစွဲသူတွေအတွက် Jeans အဝတ်အစားများကို ငှားရမ်းအသုံးပြုလို့ရတဲ့ “Lease A Jeans” ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ အဝတ်အစားတွေကို ဝယ်ယူဝတ်ဆင်မယ့်အစား လစဉ်ကြေးအနည်းငယ်နဲ့ ငှားရမ်းဝတ်ဆင်ခွင့်ပြုတာပဲ ဖြစ်ပါတယ်။ ဒါကိုဘယ်လိုလုပ်ဆောင်လဲဆိုတော့ ကနဦး ကြေးတစ်ခုနဲ့ လစဉ်ကြေးပေးရုံပါပဲ။ တစ်နှစ် ပြည့်သွားပြီးသွားပြီဆိုရင် သုံးစွဲသူတွေက ဆက်သိမ်းထားမလား၊ ပြန်လည်အပ်နှံမလား၊ အသစ်နဲ့ လဲလှယ်မလားဆိုပြီးတော့ ရွေးချယ်မှုသုံးမျိုးလုပ်လို့ရပါတယ်။ ဒီလိုလုပ်တာဟာ MUD က ထုတ်လုပ်တဲ့ Jeans တွေကို ဝတ်ဆင်ပြီး ဟောင်းနွမ်းသွားပါက အလွယ်တကူ စွန့်ပစ်မှုကို လျော့ချနိုင်ပြီး Fashion ဈေးကွက် မှာလည်း Circular Economy ကို ဦးတည်လုပ်ဆာင်နေတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ လူသိများလာစေပါတယ်။ MUD Jeans ကအသုံးပြုပြီးသားကို ပြန်လည်ပြုပြင်ထားတဲ့ ဝါဂွမ်း ၄၀% နဲ့ အော်ဂဲနစ် ဝါဂွမ်းတွေကို အသုံးပြုပြီး အဝတ်အထည်တွေကို တာရှည်ခံအောင် လုပ်ဆောင်ထားပါတယ်။ ဒီလိုလုပ်ဆောင်တာက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်တဲ့ဆိုးကျိုးတွေကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားတဲ့ သုံးစွဲသူတွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။ ဒီ “Lease A Jeans” အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါ MUD Jeans အနေနဲ့ အသုံးပြုပြီးသား ဝါဂွမ်းများကို ပြန်လည်ပြုပြင် ရောင်းချတဲ့လုပ်ငန်းတွေ၊ အော်ဂဲနစ် ဝါဂွမ်းရောင်းချသူတွေအပြင် ပြန်လည်အသုံးပြုမယ့် လုပ်ငန်းစဉ်တွေမှာ အဆင်ပြေချောမွေ့စေဖို့အတွက် နည်းပညာကုမ္ပဏီတွေနဲ့လည်း သေချာချိတ်ဆက် လုပ်ဆောင်နေတာတွေ့ရ ပါတယ်။
MUD Jeans က ပြန်လည်ပြုပြင်ထားတဲ့ ဝါဂွမ်းနဲ့ အော်ဂဲနစ် ဝါဂွမ်းတွေကို အသုံးပြုပြီး ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်တွေအပါအဝင် ဂျင်းအဝတ်အစားအမျိုးမျိုးကိုလည်း ထုတ်လုပ်ထားပါတယ်။ ဝယ်ယူသူတွေကလည်း အဲ့ဒီအ၀တ်အစားတွေကို တိုက်ရိုက်ဝယ်ယူခြင်း (သို့မဟုတ်) “Leas A Jean” ကနေတစ်ဆင့် ငှားရမ်းဝတ်ဆင်ခြင်းတွေ လုပ်လို့ရပါတယ်။ ငှားရမ်းခြင်းအစီအစဉ်မှာလည်း ငှားရမ်း ကာလအတွင်းမှာ အခမဲ့ပြုပြင်ပေးမှုတွေ ပါဝင်ပါတယ်။ ငှားရမ်းကာလပြီးဆုံးတဲ့နောက်မှာတော့ ၁၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဒုတိယအကြိမ် (သို့မဟုတ်) တတိယအကြိမ် အဝတ်အစားများကို ထပ်မံငှားရမ်း၀တ်ဆင်နိုင်ပါတယ်။ MUD Jeans က ထုတ်လုပ်မှု လုပ်ငန်းစဉ်များနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိစေပြီး သုံးစွဲသူတွေနဲ့လည်း ယုံကြည်မှု တည်ဆောက်ထားနိုင်ပါတယ်။
Circular Economy ကို လက်ခံကျင့်သုံးတာက MUD Jeans အတွက် ထုတ်လုပ်တဲ့အခါ ကုန်ကျတဲ့ ကုန်ကြမ်းကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။ ငှားရမ်းခြင်းမှတစ်ဆင့်လည်း ဖောက်သည်တွေရဲ့ ဒေတာတွေကို သေချာရယူနိုင်ပါတယ်။ ဒါ့အပြင် ရေသုံးစွဲမှု ၉၃ ရာခိုင်နှုန်း နှင့် CO₂ ထုတ်လွှတ်မှု ၇၄ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သိသာထင်ရှားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒီ “Lease A Jeans” အစီအစဉ်က သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ သုံးစွဲသူတွေအပြင် ရေရှည်အတွက်ကောင်းမွန် တဲ့ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူငယ်ပညာရှင်တွေ၊ ကျောင်းသားတွေကိုလည်း ဦးတည်ပါတယ်။
MUD Jeans မှ "Lease A Jeans" အစီအစဉ်ဟာဆိုရင် ဝယ်သူတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးပြီး သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ထိခိုက်မှုတွေကို လျှော့ချဖို့ရည်ရွယ်ကာ ရေရှည်တည်တံ့တဲ့ တစ်ပတ်လည် ပြန်လည်အသုံးပြုခြင်း (Circular Economy) ကို လုပ်ဆောင်ဖို့ ရည်ရွယ်ပါတယ်။ အရည်အသွေးမြင့် ဂျင်းအဝတ်အထည်တွေကို ဝယ်ယူသူများအား ငှားရမ်းခွင့်ပြုတာဟာ အဝတ်အထည်စွန့်ပစ်ပစ္စည်းတွေနဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို လျှော့ချပေးနိုင်ကာ တစ်ပတ်လည်အသုံးပြုမှုကို တိုးမြှင့်စေမှာပဲဖြစ်ပါတယ်။ ဒီလို ဆန်းသစ်တီထွင်တဲ့ ချဉ်းကပ်မှုဟာ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို ပံ့ပိုးပေးရုံသာမက သုံးစွဲသူတွေအတွက်လည်း ပရီမီယံဖက်ရှင်များကို ဝတ်ဆင်နိုင်ဖို့ ပံ့ပိုးပေးပါတယ်။ ဒါကြောင့် "Lease A Jean" အစီအစဉ်က ရေရှည်တည်တံ့မှု၊ တာဝန်ယူမှု၊ ဖောက်သည်ဆက်ဆံမှုကို အလေးပေးလုပ်ကိုင်ခြင်းဖြင့် အနာဂတ်ဂေဟစနစ်ဆိုင်ရာ ကောင်းမွန်တဲ့အလေ့အကျင့်များကို ဉီးစားပေးလုပ်ကိုင်နေတဲ့ ဖက်ရှင်လုပ်ငန်းတစ်ခုအနေနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
MUD Jeans ရဲ့ “ Lease A Jeans” အစီအစဉ်အကြောင်းကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကား ရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com**(MEUE)
Meiktila University of Economics
