သုတေသနပြုလုပ်သူတိုင်းသိထားသင့်တဲ့ AI Tools (၄) မျိုး
တက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်ဖြစ်၊ MBA ကျောင်းသားတစ်ယောက်ဖြစ်ဖြစ်၊ သုတေသနစာတမ်းတွေရှာရတာ ခေါင်းကိုက်ဖူးကြမှာပါ။ စာတမ်းတစ်စောင်ရှာဖို့ နာရီပိုင်းကြာတယ်၊ ကိုယ်လိုချင်တာနဲ့ မကိုက်ညီဘူး၊ ပြီးတော့ ကိုးကားဖို့အတွက် စာရင်းဇယားတွေကလည်း ရှုပ်ထွေးနေတတ်ပါတယ်။ ဒီပြဿနာတွေကို AI နည်းပညာနဲ့ ဖြေရှင်းလို့ရနေပါပြီ။ မြန်မာနိုင်ငံကနေ အခမဲ့ (ဒါမှမဟုတ် စျေးနှုန်းချိုသာစွာ) သုံးလို့ရတဲ့ ထိရောက်တဲ့ AI ကိရိယာ (၄) မျိုးကို ဒီဆောင်းပါးမှာ မိတ်ဆက်ပေးသွားမှာပါ။
R Discovery
R Discovery ဆိုတာ သုတေသနစာတမ်း သန်း ၂၅၀ ကျော်ကို စက္ကန့်ပိုင်းအတွင်း ရှာပေးနိုင်တဲ့ AI ရှာဖွေရေးအင်ဂျင်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်က Audio Papers လို့ခေါ်တဲ့ စာတမ်းတွေကို အသံထွက်ဖတ်ပြနိုင်တဲ့စနစ် ပါပါတယ်။ ဒါ့အပြင် မြန်မာဘာသာပြန်ချက်တွေပါ ရနိုင်တာမို့ အရမ်းအဆင်ပြေပါတယ်။ ဥပမာ သင်က "ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် အင်တာနက်အသုံးပြုမှု" ဆိုတဲ့ သုတေသနခေါင်းစဉ်ကို ရိုက်ထည့်လိုက်ရုံနဲ့ ကမ္ဘာတစ်ဝှမ်းက ဆက်စပ်စာတမ်း ၁၀၀+ ကို စက္ကန့် ၃၀ အတွင်း စုစည်းပေးနိုင်ပါတယ်။ အခြေခံဗားရှင်းကို အခမဲ့သုံးလို့ရပြီး၊ မြန်မာနိုင်ငံကနေ VPN မလိုဘဲ အင်တာနက်ရှိရုံနဲ့ ဝင်သုံးလို့ရပါတယ်။
Elicit
နောက်ထပ်ထူးခြားတဲ့ AI က Elicit ပါ။ သူကတော့ သုတေသနရလဒ်တွေကို ဇယားနဲ့အလိုအလျောက် စီစဉ်ပေးနိုင်တဲ့အပြင် ကိုယ်တင်လိုက်တဲ့ PDF ဖိုင်တွေထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့လဲ မေးခွန်းတွေ ပြန်မေးလို့ရပါတယ်။ ဥပမာ သင့်မှာ "အီလက်ထရွန်းနစ်စီးပွားရေးလုပ်ငန်းတွေမှာ ဖောက်သည်စိတ်ကျေနပ်မှု" ဆိုင်ရာ PDF စာတမ်း ၁၀ စောင်ရှိတယ်ဆိုပါစို့။ Elicit ထဲမှာ ဒါတွေအားလုံးကို Upload လုပ်ပြီး "ဒီစာတမ်းတွေထဲက အဓိကပြဿနာ ၃ ချက်နဲ့ အဖြေတွေကို ဇယားနဲ့ချိတ်ပေးပါ" လို့ မေးလိုက်ရုံပါပဲ။ ၅ မိနစ်အတွင်း သင့်အတွက် ဇယားနဲ့အတူ အဖြေရသွားပါလိမ့်မယ်။ အခမဲ့ဗားရှင်းအဖြစ် လစဉ် Credit ၅,၀၀၀ (စာတမ်း ၅၀ ခန့် ရှာဖွေနိုင်ခြင်း) ကို ရရှိပါတယ်။
Consensus
Consensus ဆိုတာကတော့ သိပ္ပံနည်းကျ အထောက်အထားတွေကို အခြေခံပြီး အဖြေပေးတဲ့ AI ပါ။ Consensus ကို သုံးကြည့်မယ်ဆိုရင် သူ့ရဲ့ Evidence-Based Answers စနစ်ကို အံ့ဩသွားမှာပါ။ သူက မေးခွန်းတစ်ခုကို ဖြေရှင်းတဲ့အခါ ဆက်စပ်စာတမ်းတွေရဲ့ ကိုးကားချက်၊ ထောက်ခံမှု/ဆန့်ကျင်မှုစတာတွေနဲ့ အတူ ပြန်ရှင်းပြပါတယ်။ ဥပမာ "ကော်ဖီသောက်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေလား?" လို့မေးရင်၊ ထောက်ခံတဲ့စာတမ်း (၇၈%)၊ ဆန့်ကျင်တဲ့စာတမ်း (၂၂%) ဆိုတဲ့ အဖြေမျိုးကို စနစ်တကျထုတ်ပေးပါတယ်။ ဒါ့ပေမဲ့ Consensus က အင်္ဂလိပ်ဘာသာဖြင့်သာ မေးမြန်းလို့ရမှာဖြစ်ပါတယ်။ အခြေခံဗားရှင်းကိုတော့ အခမဲ့သုံးလို့ရပြီး၊ မြန်မာနိုင်ငံကနေလည်း ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
Paperguide
နောက်ဆုံးအနေနဲ့ Paperguide ကိုပြောပြချင်ပါတယ်။ သူကတော့ စာတမ်းတွေနဲ့ စကားပြောလို့ရတဲ့ AI လက်ထောက်တစ်ယောက်လိုပါပဲ။ Paperguide ရဲ့ အားသာချက်က သင်ဒေါင်းလုပ်ဆွဲထားတဲ့ PDF စာတမ်းတွေကို Chat Interface ကနေ သူနဲ့ Chat လုပ်လို့ရတာပါ။ ဥပမာ သင့်မှာ စီးပွားရေးဆိုင်ရာ သုတေသနစာတမ်း ၅ စောင်ရှိတယ်ဆိုရင်၊ Paperguide ထဲမှာ အားလုံးကို တင်လိုက်ပြီး "ဒီစာတမ်း ၅ စောင်ထဲက ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းချက်တွေကို နှိုင်းယှဉ်ပြပေးပါ" လို့ မေးလိုက်လို့ရပါတယ်။ ၂ မိနစ်အတွင်း သူက ဇယားတစ်ခုနဲ့ နှိုင်းယှဉ်ချက်ကို ပြန်ထုတ်ပေးသွားမှာပါ။ အခမဲ့ဗားရှင်းအနေဖြင့် တစ်လလျှင် PDF ၃ ဖိုင် အပါအဝင် မေးခွန်း ၅၀ အထိ အသုံးပြုခွင့်ရပါတယ်။
သုတေသနပြုလုပ်ခြင်းဟာ ခရီးတစ်ခုထွက်ရသလိုပါပဲ။ တစ်ခါတစ်ရံ ခရီးလမ်းဟာ ခြောက်သွေ့ ခက်ခဲတတ်သလို၊ လမ်းပျောက်တဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် AI နည်းပညာက သင့်ကို လမ်းညွှန်ပေးပြီး ပန်းတိုင်ဆီ ပိုမိုမြန်ဆန်တိကျစွာ ရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ မျှဝေခဲ့တဲ့ R Discovery, Elicit, Consensus, Paperguide ဆိုတဲ့ AI (၄) မျိုးဟာ သုတေသနအတွက် တစ်နာရီကြာမည့်အလုပ်ကို ဆယ်မိနစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာပါ။ မြန်မာနိုင်ငံကနေ အသုံးပြုဖို့အတွက် အကောင်းဆုံးက R Discovery နဲ့ Paperguide ပါ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ခုက မြန်မာလိုမေးလို့ရတယ်၊ VPN မလိုဘူး၊ PDF တွေကို ဒေါင်းလုပ်ဆွဲပြီး Chat လုပ်လို့ရပါတယ်။ တနေ့တာ အခမဲ့သုံးလို့ရတဲ့ အကန့်အသတ်တော့ ရှိပေမယ့် သာမန်သုတေသနအတွက်ဆို လုံလောက်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဒီ AI တွေက သင့်ကို လမ်းကြောင်းပြပေးတဲ့ GPS လိုပါပဲ။ လမ်းကိုသူကပြမယ်၊ ဒါပေမယ့် ခြေလှမ်းတိုင်းကိုတော့ ကိုယ်တိုင်လှမ်းရမှာပါ။ AI ပေးတဲ့အဖြေတိုင်းကို မျက်စိစုံမှိတ်မယုံဘဲ၊ ကိုယ်တိုင် ပြန်စစ်ဆေးဖို့တော့ အရေးကြီးပါတယ်။
သုတေသနဆိုတာ အတွေ့အကြုံတစ်ခုပါ။ ဒီ AI တွေက သင့်အတွက် အတွေ့အကြုံကို ပိုမိုချောမွေ့စေမှာ သေချာပါတယ်။ အားလုံးပဲ သုတေသနခရီးမှာ အခက်အခဲကင်းပြီး အောင်မြင်ကြပါစေ။
References
- R Discovery: https://www.rdiscovery.com
- Elicit: https://elicit.org
- Consensus: https://consensus.app
- Paperguide: https://paperguide.ai/
Daw Thwe Thwe Aye
B. Com (Q**), M. Com (MEUE)
Post Graduate Diploma in Research Studies (PGDRS) (MUE)
