သင် အောင်မြင်ချင်ပါသလား? သင်ကိုယ်တိုင်လုပ်ရမှာပါ။

အထူးသဖြင့် လူငယ်များအတွက် အောက်ပါအချက် ၈ ချက်ကို ဖြည့်ဆည်းထားဖို့ပြောချင်ပါတယ်။

၁။ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ပါ။အနာဂါတ်ကို ဘယ်သူမှ အသေအချာမပြောနိုင်ပေမယ့် ခန့်မှန်းမှုတော့လုပ်ဆောင်ရမှာပါ။ ပြီးရင် ကြိုတင် ပြင်ဆင်ပါ။ Victory loves preparation လို့ပြောတာမို့ အမြဲတမ်းအသင့်ဖြစ်နေပါစေ။ အိမ်မှာ၊ ရုံးမှာ၊ လုပ်ငန်းခွင်မှာ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်အလုပ်ကို သူများပြောမှ၊ ခိုင်းမှလုပ်တာမဟုတ်ဘဲ တာဝန်သိ၊ စေတနာရှိရှိနဲ့ လုပ်ဆောင်ပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ သူများခိုင်းတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ခိုင်းတာဖြစ်လို့ inner drive ကြောင့် စိတ်ပါလက်ပါ လုပ်ဖြစ်ပါလိမ့်မယ်။ ဒီတော့ အလုပ်မှာ commitment ရှိလာပါလိမ့်မယ်။ အဲဒီအခါမှာ Accountability ဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိလာမှာဖြစ်ပြီးတော့ အလုပ်နဲ့လူက တစ်သားတည်းကျလာပြီး အလုပ်လုပ်ရတာ ပိုပြီးလမိုင်းကပ်လာမယ်၊ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်လာပါတော့မယ်။

၂။ ဘာပဲလုပ်လုပ် ရေရှည်အတွက်စဉ်းစားပါ။ဘ၀မှာ ဘာကို ရချင်ဖြစ်ချင်တလဲ? တချို့က ခုထိ ကိုယ်ဘာဖြစ်ချင်မှန်းကို မသိသေး၊ မစဉ်းရသေးတဲ့ လူတွေရှိရင် သေချာစဉ်းစားကြပါ။ ဖြစ်ချင်တာတစ်ခုခုရှိမှ အလုပ်လုပ်ရတာ အင်အားရှိပါလိမ့်မယ်။ မဟုတ်ရင် အလုပ်ကို စား၀တ်နေရေးအတွက်အဖြစ်ပဲ လုပ်နေတာမျိုး ဖြစ်နေပါလိမ့်မယ်။

၃။ ဘ၀မှာ ပန်းတိုင်ကဘာလဲ? ပန်းတိုင်ကိုသိမှ ခရီးစဉ်ကိုဆွဲလို့ရမှာပေါ့။ ဒီပန်းတိုင်ကိုရောက်ဖို့ ဖြတ်သန်းရမယ့် ခရီးတိုလေးတွေမှာတော့ အလုပ်ခရီးတွေအပြင် အပျော်ခရီးတွေလည်း တစ်ခါတလေ ပါရမယ်နော်။ ဒါက ခရီးရှည်အတွက် အားဖြည့်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ တစ်ချိန်လုံး အားဖြည့်နေလို့တော့ မဖြစ်သေးဘူးနော်။

၄။ လုပ်ရမယ့်အလုပ်တွေကို သေချာ အစီအစဉ်ဆွဲပြီး စနစ်တကျလုပ်ပါ။ အရေးကြီးတဲ့အလုပ်၊ အမြန်လုပ်ရမယ့်အလုပ်၊ လူမှုရေးအလုပ်၊ မိသားစုရေးအလုပ်၊ မိမိတိုးတက်ရေး အလုပ်၊ စိတ်အပန်းဖြေတဲ့အလုပ်တွေကို သေချာအစီအစဉ်ဆွဲပြီး စနစ်တကျလုပ်ပါ။ အချိန်နဲ့ သေချာ တွက်ချက်ပြီး ပြင်ဆင်ထားပါ။ အချိန်ကို အများကြီး မဖြုန်းပစ်ပါနဲ့။ တစ်ခုခုလုပ်မယ်ဆိုရင် ‘ဒါကို ဘာဖြစ်လို့ ဒီအချိန်မှာလုပ်ရတာလဲ’ ဆိုတာကို အကျိုးအကြောင်းနဲ့ ပြောနိုင်ဖို့လိုပါတယ်။

၅။ ဆင်ခြေဆင်လက်တွေ လျှော့ပါ။လူတစ်ယောက်ကို ညံ့ဖျင်းသွားစေတာဟာ ဆင်ခြေတွေများလို့ပါ။ ဆင်ခြေပေးတာတွေလျှော့ပါ။

၆။ မှားရင်ဝန်ခံပြီးပြင်ပါ။တောင်းပန်ခြင်းကိုမကျော်ပစ်ပါနဲ့။ သိုပေမဲ့ ဒါကို လိုသလိုသုံးတဲ့ ကိရိယာတစ်ခုလိုတော့ ထည်လဲမသုံးပါနဲ့။ မလိုအပ်ဘဲမတောင်းပန်ပါနဲ့။ တောင်းပန်ပြီးရင် နောက်တစ်ခါ ဒီလိုအမှားမျိုးထပ်မဖြစ်အောင် ဂရုစိုက်ပါ။ အဓိပ္ပါယ်ရှိတဲ့တောင်းပန်တာမျိုးပဲ ဖြစ်ပါစေ။

၇။ ဘာပဲလုပ်လုပ် မျှမျှတတတွေးပြီးလုပ်ပါ။ တစ်ကိုယ်ကောင်းဆန်တာတွေ၊ တစ်ဖက်စောင်းနင်းလုပ်တာတွေ မဖြစ်ရပါဘူး။ လူဆိုတာ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာ ရှိတတ်တာမို့ ဘယ်သူ့ကိုမှ ကိုယ်ချင်းမစာမနာ မလုပ်ရပါဘူး။ ‘ငါ့ကိုဒီလို လုပ်ရင်ငါမကြိုက်ဘူး’ ‘ဒီလိုလုပ်တာ ငါဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် သူက ငါမှမဟုတ်တာ’ ဆိုတာ မျိုးတွေ သေချာစဉ်းစားပြီးမှလုပ်ပါ။

၈။ စာနာစိတ်ထားပါ။ သူများကို စာနာစိတ်ထားလို့ ကိုယ်မပျက်စီးသွားပါဘူး။ စာနာစိတ်ကို အားနာလိုက်လျောစိတ်လို့ အမြဲတမ်း မမှတ်ယူဖို့တော့ သေချာသတိပေးလိုက်ပါရစေ။

Daw Aye Aye Win

B. Com (Hons, YIE) , M.Com, Diploma in English, M.A (International Business Studies), (Sophia University, Japan)