အသေးစားလုပ်ငန်းတွေမှာ ဘက်ဂျက်ရေးဆွဲဖို့ ဘာကြောင့်လိုတာလဲ ?
ဘတ်ဂျက်ဆိုတာကတော့ လူတစ်ဦးချင်း ဒါမှမဟုတ် လုပ်ငန်းတစ်ခုအတွက် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးမှာရှိတဲ့ အရင်းအမြစ်တွေဟာ အကန့်အသတ်နဲ့ရှိတာကြောင့် အသေးစားလုပ်ငန်းများအတွက် ဘတ်ဂျက်ရေးဆွဲခြင်းဟာ အရေးကြီးတာကြောင့် သေချာအာရုံစိုက်ပြီး စီစဥ်ဖို့လိုပါတယ်။ အသေးစားလုပ်ငန်းများမှာ ဘတ်ဂျက်ရေးဆွဲထားခြင်းဟာ လုပ်ငန်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်များချမှတ်ဖို့၊ စွမ်းဆောင်ရည်ကို ခြေရာခံဖို့နဲ့ လုပ်ငန်းရဲ့ ရည်မှန်းချက်များကို အောင်မြင်စေဖို့ ကူညီပေးနိုင်ပါတယ်။
အသေးစားလုပ်ငန်း ဘတ်ဂျက်ဆိုတာဘာလဲ? ဘယ်လိုအရေးပါတာလဲ ?
ဘတ်ဂျက်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်း လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှု များအတွက် ခန့်မှန်းတွက်ချက်ထားတဲ့ ငွေစာရင်းတစ်ခုဖြစ်ပါတယ်။ သာမန်အားဖြင့် ဘတ်ဂျက်ဆိုတာ သတ်မှတ်ကာလတစ်ခုအတွင်း ဝင်ငွေနဲ့ ကုန်ကျစရိတ်များကို ကြိုတင်ခန့်မှန်းတွက်ချက်ထားခြင်း ဖြစ်ပါတယ်။ ဘတ်ဂျက်ကို မဟာဗျူဟာကျ လုပ်ငန်းအစီအစဉ်ရဲ့ အခြေခံအကျဉ်းချုပ် ဒါမှမဟုတ် လက်တွေ့အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ချက် အစီအစဉ်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင် ပါတယ်။ အသေးစားလုပ်ငန်းများဟာ အကြောင်းအမျိုးမျိုးအတွက် ဘတ်ဂျက်များ လိုအပ်ပါတယ်။ အသေးစားလုပ်ငန်းများမှာ ဘတ်ဂျက်ပြုစုတဲ့အခါ အမျိုးအစားအလိုက် လုပ်ငန်းလုပ်ကိုင်မှုများကို စနစ်တကျ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းများမှာ ငွေသားဘတ်ဂျက်များ၊ လုပ်ငန်းလည်ပတ်မှု ဘတ်ဂျက်များ၊ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်များနဲ့ အရောင်းဘတ်ဂျက်များ စတဲ့ ဘတ်ဂျက်များကို ရေးဆွဲနိုင်ပါတယ်။ လုပ်ငန်းတိုင်းမှာ မတူညီတဲ့ ဘတ်ဂျက်လိုအပ်ချက်များ ရှိတဲ့အတွက်ကြောင့် လုပ်ငန်းရဲ့လက်ရှိအခြေအနေ၊ ရည်မှန်းချက်နဲ့ ရင်းမြစ်များပေါ်မူတည်ပြီး ဘတ်ဂျက်ရေးဆွဲမှု ပုံစံဟာလည်း လုပ်ငန်းတစ်ခုနဲ့တစ်ခုကြား ကွဲပြားနိုင်ပါတယ်။ အသုံးများတဲ့ ဘတ်ဂျက်အမျိုးအစား များကတော့ -
• ပုံသေဘတ်ဂျက် (Static budgets)
• ပြောင်းလွယ်ပြင်လွယ်ဘတ်ဂျက် (Flexible budgets)
• တိုးတက်မှုအလိုက်ဘတ်ဂျက် (Incremental budgets)
• သုညမှစတင်သောဘတ်ဂျက် (Zero-based budgets)
• တန်ဖိုးအဆိုပြုချက်ဘတ်ဂျက် (Value proposition budget)
ဘတ်ဂျက်ပြုစုခြင်းဟာ အကြီးစားကုမ္ပဏီများအတွက်သာမက အသေးစားလုပ်ငန်းများအတွက်ပါ အရေးပါပါတယ်။ အနည်းဆုံးအားဖြင့် ဘတ်ဂျက်ပြုစုခြင်းက သင့်လုပ်ငန်းရဲ့ဝင်ငွေနဲ့ ကုန်ကျစရိတ် များကို မှတ်တမ်းတင်စောင့်ကြည့်နိုင်ပြီး ရိုးရှင်းတဲ့ဘတ်ဂျက်ပြုစုခြင်းက ဘဏ္ဍာရေးစီမံကိန်း ချမှတ်ခြင်း၊ ခန့်မှန်းခြင်းနဲ့ တခြားအသေးစိတ်လုပ်ငန်းစဉ်များထက် ပိုမိုမြန်ဆန်တဲ့ အကျိုးကျေးဇူး များကို ရရှိစေနိုင်ပါတယ်။
ကုမ္ပဏီရဲ့ ရည်မှန်းချက်များကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်ခြင်း
ဘတ်ဂျက်ကို စနစ်တကျလုပ်ဆောင်ခြင်းရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးကတော့ သင့်လုပ်ငန်း ရည်မှန်းချက်များကို အမြဲဂရုပြုဖို့ တွန်းအားပေးခြင်းဘဲဖြစ်ပါတယ်။ အသေးစားလုပ်ငန်းတစ်ခုအနေနဲ့ သင့်ဘတ်ဂျက်အား လုပ်ငန်းလုပ်ဆောင်မှုအစီအစဉ်ကို လမ်းညွှန်ဖို့နဲ့ ရေရှည်ရည်မှန်းချက်များ အောင်မြင်စွာရောက်ရှိဖို့ အထောက်အကူအဖြစ် အသုံးပြုနိုင်ပါတယ်။ ထိုရည်မှန်းချက်များဟာ ဘဏ္ဍာရေးဆိုင်ရာ၊နည်းဗျူဟာ သို့မဟုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရည်မှန်းချက်များ ဖြစ်နိုင်ပါတယ်။ သင့်ဘတ်ဂျက်ကို လုပ်ငန်းလုပ်ဆောင်မှုအစီအစဉ်မှာ လမ်းညွှန်မြေပုံတစ်ခုအဖြစ် အသုံးပြုပါ။
ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ရည်မှန်းချက်များကို ပြည့်မီစေခြင်း
အကျယ်ပြန့်ဆုံး အသုံးပြုလေ့ရှိတဲ့ ဘတ်ဂျက်နည်းလမ်းကတော့ ဘဏ္ဍာရေးဘတ်ဂျက် ပြုစုခြင်းပဲဖြစ်ပါတယ်။ အသေးစားစီးပွားရေး လုပ်ငန်းများအနေနဲ့ ၎င်းတို့ရဲ့ ဘဏ္ဍာရေးပန်းတိုင်များကိုရရှိဖို့ ပြည့်စုံပြီးလက်တွေ့ကျတဲ့ ဘတ်ဂျက်ပြုစုမှုတွေ လိုအပ်ပါတယ်။ သင့်ဘဏ္ဍာရေးဘတ်ဂျက်ကို နေ့စဉ်၊ အပတ်စဥ်၊ လစဉ်နဲ့ နှစ်အလိုက် အစီအစဉ်များအဖြစ် ခွဲခြားပြုစုထားခြင်းဖြင့် ကာလအလိုက်ဘဏ္ဍာရေးပန်းတိုင်များကို ထိရောက် အောင်မြင်စွာရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းဖြင့် ဘတ်ဂျက်ပြုစုခြင်းဟာ သင့်အသေးစားလုပ်ငန်းအား ရေတိုနှင့်ရေရှည် ဘဏ္ဍာရေးပန်းတိုင်များကို အောင်မြင်စွာရောက်ရှိစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ယခင်ဘဏ္ဍာရေးမှတ်တမ်းများ မရှိသေးဘဲ အသစ်တည်ထောင်ထားတဲ့ အသေးစားလုပ်ငန်းများအတွက်ပင် ဘတ်ဂျက်များဟာ အထူးကောင်းမွန်တဲ့ ဘဏ္ဍာရေးစီမံကိန်းချမှတ်ဖို့ ကိရိယာတစ်ခုအဖြစ် အသုံးဝင်ပါတယ်။
သင့်လုပ်ငန်းရဲ့ အကြွေးစီမံခန့်ခွဲမှုကို ခြေရာခံနိုင်ခြင်း
လက်တွေ့အားဖြင့် ကြွေးမြီဆိုတာကတော့ အသေးစားလုပ်ငန်းတိုင်းရဲ့ မလွဲမသွေ ရင်ဆိုင်ရမဲ့ အရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ သေချာထိန်းချုပ်ပြီး အစီအစဉ်ချမှတ်ထားတဲ့ ဘဏ္ဍာရေးလုပ်ငန်းဆောင်တာများနဲ့ ကြွေးမြီများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါတယ်။ ဘတ်ဂျက်ပြုစုခြင်းဟာ ဘဏ္ဍာရေးအရင်းအမြစ်များကို တိကျစွာ ခွဲဝေသုံးစွဲနိုင်ဖို့ အထောက်အကူပြုတဲ့ ထိရောက်တဲ့ ဘဏ္ဍာရေးကိရိယာတစ်ခုဖြစ်ပါတယ်။ ဘတ်ဂျက်နဲ့ အမှန်တကယ်ကုန်ကျငွေများရဲ့ ကွာခြားမှုများကို စောင့်ကြည့်ပြီး လိုအပ်သလို ချိန်ညှိပြင်ဆင်သွားဖို့လိုပါတယ်။ သင့်ဘဏ္ဍာရေးအခြေအနေများကို ထိန်းချုပ်နိုင်ပါက လုပ်ငန်းဆိုင်ရာကြွေးမြီများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်ဂျက်ထိန်းချုပ်မှု စနစ်များမှတစ်ဆင့် ကြွေးမြီစီမံခန့်ခွဲမှုအစီအစဉ်များကိုလည်း တိကျစွာ ချမှတ်နိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်မှုများကို အကဲဖြတ်နိုင်ခြင်း
အသေးစားလုပ်ငန်းအများစုမှာ လူအင်အား အကန့်အသတ်ရှိသော်လည်း ခေါင်းဆောင်များအနေဖြင့် ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ဘတ်ဂျက်ထိန်းချုပ်မှုစနစ်များဖြင့် အကဲဖြတ်နိုင်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဘတ်ဂျက်အမျိုးအစားများကတော့ စွမ်းဆောင်ရည်ဘတ်ဂျက် (Performance Budgets) နဲ့ လုပ်ငန်းလည်ပတ်မှုဘတ်ဂျက် (Operational Budgets) များဖြစ်ပါတယ်။ ဥပမာအားဖြင့် ထုတ်လုပ်မှုစက်ရုံများမှာ လုပ်အားဘတ်ဂျက် (Labor Budget) သို့မဟုတ် ထုတ်လုပ်မှုပမာဏဘတ်ဂျက် (Volume Budget) များ သတ်မှတ်နိုင်ပါတယ်။ အသေးစားလုပ်ငန်းများအတွက် ဘတ်ဂျက်ပြုစုခြင်းရဲ့ အခြားအရေးကြီးတဲ့ အသုံးဝင်ပုံကတော့ လုပ်ငန်းအမြတ်နဲ့ ဘတ်ဂျက်ကို နှိုင်းယှဉ်အကဲဖြတ်ခြင်းဖြစ်ပါတယ်။ ဘတ်ဂျက်ကာလအလိုက် ဝင်ငွေနှင့် ကုန်ကျစရိတ်များကို နှိုင်းယှဉ်ဆန်းစစ်ခြင်းဖြင့် လုပ်ငန်းလည်ပတ်ခြင်းရဲ့ ထိရောက်မှုနဲ့ အမြတ်အစွန်းရရှိမှုကို ပိုမိုကောင်းမွန်စွာ အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေများအတွက် ပြင်ဆင်နိုင်ခြင်း
အမှန်အတိုင်းပြောရရင် ကျွန်ုပ်တို့အများစုဟာ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ဖို့က အရေးကြီးကြောင်းကို မကြာသေးတဲ့ ကာလများမှာ လေ့လာသိရှိခဲ့ကြပြီးဖြစ်ပါတယ်။ အထူးသဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများဟာ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ကပ်ရောဂါများနဲ့ အခြားအကြောင်းအရာများကြောင့် ထိခိုက်လွယ်ကြပါတယ်။ သင့်လုပ်ငန်းရဲ့ ဝင်ငွေနဲ့ကုန်ကျစရိတ်ကို မျှတစေဖို့ ဘတ်ဂျက်ကို အသုံးပြုပါ။ လုပ်ငန်းတိုးတက်မှုအတွက် လမ်းကြောင်းဖောက်နိုင်ဖို့ ဘတ်ဂျက်ဖြင့် စီမံပါ။ အရေးပေါ်ငွေလိုချိန်မှာ ချေးငွေယူစရာမလိုအောင် ဝင်ငွေရဲ့ သတ်မှတ်ရာခိုင်နှုန်းကို ပုံမှန်ဖယ်ထားပါ။
ငွေသားစီးဆင်းမှုကို စီမံခန့်ခွဲနိုင်ခြင်း
ငွေသားဘတ်ဂျက်ဟာ သင့်လုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ငွေကြေးစီးဆင်းမှုကို ခြေရာခံနိုင်ဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့ အထောက်အကူပြုပါတယ်။ ငွေသားဘတ်ဂျက်မရှိပါက အသေးစားလုပ်ငန်းများအနေနဲ့ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများကို ထိန်းသိမ်းဖို့ အခက်တွေ့နိုင်ပါတယ်။ အသေးစားလုပ်ငန်းအများစုမှာ ငွေကြေးစီးဆင်းမှု က အကန့်အသတ်နဲ့သာ ရှိလေ့ရှိပါတယ်။ ဒါ့ကြောင့် ၎င်းတို့အနေနဲ့ မိမိတို့လုပ်ငန်းများရဲ့ ငွေကြေးအရင်းအမြစ်များ ကို ပိုမိုနည်းဗျူဟာကျကျ စီမံခန့်ခွဲအသုံးပြုဖို့ လိုအပ်ပါတယ်။ ထိရောက်သောငွေကြေးစီမံခန့်ခွဲမှုဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်များ၊ ငွေကြေးရှာဖွေရေးနည်းဗျူဟာများ၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု၊ လုပ်ငန်းလည်ပတ်ဖို့ အရင်းအနှီးစီမံခန့်ခွဲမှု စတဲ့ ကိစ္စရပ်များမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
အရင်းအမြစ်များ ခွဲဝေခြင်း
အသေးစားလုပ်ငန်းအများစုဟာ အရင်းအမြစ်များနည်းပါးလေ့ရှိပါတယ်။ စနစ်တကျချမှတ်ထားတဲ့ ဘတ်ဂျက်ကို လိုက်နာခြင်းဖြင့် သင့်လုပ်ငန်း လည်ပတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်များရှိစေဖို့ သေချာစေနိုင်ပါတယ်။ ဥပမာအားဖြင့် အသေးစားလုပ်ငန်းတစ်ခုဟာ အမြတ်ရနေသော်လည်း ငွေကြေးစီးဆင်းမှုမှာတော့ အကန့်အသတ်ရှိနိုင်ပါတယ်။ သင့်ဘတ်ဂျက်ကို ဂရုတစိုက်လေ့လာခြင်းဖြင့် ဒီလိုကန့်သတ်ချက်ရှိတဲ့ အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေအသုံးပြုနိုင်ပါတယ်။ သင့်ရဲ့အသေးစားလုပ်ငန်းရဲ့ ဌာနတိုင်းအတွက် အရင်းအမြစ်များကို ခွဲဝေရာမှာ ထိရောက်မှုရှိစေဖို့အတွက် ဘတ်ဂျက်ထိန်းချုပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။
www.forbes.com မှ Bassam Mustafa, EA ရေးသားသော Why Your Small Business Needs A Budget ဆောင်းပါးကို သင့်လျော်အောင်ဘာသာပြန်ဆိုထားပါတယ်။
Htet Pann Wai
B.Com (Q**), M.Com
Meiktila University of Economics
