“ စီးပွားရေးလုပ်ငန်းမှာ Branding ရဲ့ အရေးပါမှု “

လုပ်ငန်းတစ်ခုရဲ့ အမှတ်တံဆိပ်ဟာ သင်ထင်ထားတာထက် ပိုပြီးအရေးကြီးပါတယ်။ သင့်ရဲ့ အမှတ်တံဆိပ်က လိုဂိုများ၊ အရောင်များကဲ့သို့ အစိတ်အပိုင်းများသာ ပါဝင်တယ်လို့ ထင်ရပေမယ့် သင့်အမှတ်တံဆိပ်က သင့်လုပ်ငန်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ သင့်အမှတ်တံဆိပ်က သင့်ကိုယ်ရည်ကိုယ်သွေးကို ပေးစွမ်းနိုင်ပါတယ်။  Branding က လုပ်ငန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။  ၎င်းဟာ အရင်ကထက် ယခုချိန်မှာ ပိုပြီးအရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်လာပါတယ်။ ဆိုရှယ်မီဒီယာ သုံးစွဲသူများက အမှတ်တံဆိပ် အသစ်များကို နေ့စဉ်နဲ့အမျှ ထိတွေ့ခွင့် ရနေကြပါတယ်။ စားသုံးသူများအတွက် ရွေးချယ်စရာများစွာရှိနေခြင်းက ကောင်းမွန်ပေမယ့်လည်း ဒါဟာ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုခက်ခဲစေပါတယ်။ ယနေ့ခေတ်မှာ စီးပွားရေးပြိုင်ဆိုင်မှု အားကောင်းလာတာကြောင့် မိမိရဲ့အမှတ်တံဆိပ်ကို စားသုံးသူများ သိရှိနိုင်ဖို့အတွက် သူများထက်ပိုမိုပြီး လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိစေရန်အတွက် ခိုင်မာတဲ့အမှတ်တံဆိပ်တစ်ခုကို ဖန်တီးဖို့ သင့်အနေနဲ့ ရင်းနှီးမြှပ်နှံမှု ပြုလုပ်သင့်ပါတယ်။

 

 

“ သင့်လုပ်ငန်းကို လူအများက အသိအမှတ်ပြုလာကြပါလိမ့်မယ်။ “

 

စီးပွားရေးလုပ်ငန်းများမှာ ကုန်အမှတ်တံဆိပ်ပြုလုပ်ဖို့ လိုအပ်တဲ့ အထင်ရှားဆုံး အကြောင်းအရင်းတစ်ခုမှာ ၎င်းတို့အား မကြာခဏ အသိအမှတ်ပြုခံရစေရန် ကူညီပေးခြင်းဖြစ်ပါတယ်။ သင့်မှာ သင့်လုပ်ငန်းအတွက် ခိုင်မာတဲ့  အမှတ်တံဆိပ်တစ်ခုရှိလျှင် လူများက အမှတ်တံဆိပ်မရှိတဲ့ လုပ်ငန်းတစ်ခုထက် များစွာပိုပြီး သတိပြုမိကြပါလိမ့်မယ်။ အမှတ်တံဆိပ် မရှိတဲ့ လုပ်ငန်းတစ်ခုက တစ်စုံတစ်ဦးရဲ့ စိတ်ထဲမှာ ကြာရှည်စွဲနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထင်ရှားတဲ့ လိုဂို၊ ဆွဲဆောင်မှု ရှိတဲ့အရောင်များနဲ့ တခြားရုပ်ပုံဆိုင်ရာ အစိတ်အပိုင်းများပါရှိတဲ့ လုပ်ငန်းတစ်ခုက ပိုပြီးမှတ်မိနိုင်မှာ ဖြစ်ပါတယ်။ တစ်စုံတစ်ဦးက သင့်အမှတ်တံဆိပ်ကို ခဏတာမြင်ပြီး သူက သင့်ထုတ်ကုန် (ဒါမှမဟုတ်) ဝန်ဆောင်မှုများကို အသုံးပြုဖို့ အဆင်သင့်မဖြစ်သေးတဲ့အခါ ၎င်းတို့ဟာ သင့်အမှတ်တံဆိပ်ကို မေ့သွားနိုင်ပါတယ်။ ၎င်းတို့က နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်မဖြစ်သေးသော်လည်း သင်ရဲ့အမှတ်တံဆိပ်က ၎င်းတို့အတွက် ဆွဲဆောင်မှုရှိပါက၊ ၎င်းတို့က သင့်ထံလာမှာ ဖြစ်ပါတယ်။

 

“ Branding  က ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ”

 

 

သင့်ရဲ့ ထုတ်ကုန်များကို ဝယ်ယူသူများထံမှ ယုံကြည်မှု ရရှိခြင်းက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သင်ပိုင်ဆိုင်နိုင်တဲ့ အရေးကြီးဆုံး အရာများထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းယုံကြည်မှုကို ရရှိဖို့က အမြဲတမ်း မလွယ်ကူပါဘူး။ Branding ရဲ့ အဓိကအချက်များ လွဲမှားနေတဲ့ လုပ်ငန်းတစ်ခုက လူများကို ၎င်းတို့အား ယုံကြည်လာစေဖို့ ပိုပြီး ခက်ခဲစေမှာ ဖြစ်ပါတယ်။ Branding က မည်သည့် လုပ်ငန်းနယ်ပယ်တွင်မဆို အမြဲ မြင်တွေ့ရမယ့်အရာဖြစ်ပြီး တချို့သောသူများအတွက် Branding မပါဘဲ ကြော်ငြာလုပ်ဆောင်ပါက လုပ်ငန်းအတွက် ချပြစရာ ဘာမှမရှိပါဘူး။ ရှင်းရှင်းလင်းလင်း တံဆိပ်တပ်ထားခြင်း၊ အားထုတ်မှု မလုပ်ထားတဲ့ လုပ်ငန်းတစ်ခုကို သင်ရွေးချယ်ရမယ်ဆိုပါက သင် ပိုပြီးယုံကြည်ရတဲ့ လုပ်ငန်းကို ရွေးချယ်မယ်ဆိုတာ သိနိုင်ပါတယ်။ Branding က သင့်ကို အလားအလာရှိတဲ့ ဝယ်ယူသူများအား ယုံကြည်ရလောက်တဲ့ လုပ်ငန်းဖြစ်ကြောင်း ကူညီပေးပါတယ်။ ဝယ်ယူသူများအနေနဲ့ သင့်လုပ်ငန်းမှ မျှော်လင့်ထားတဲ့အရာများကို ဝယ်ယူသူများအား ချပြနိုင်ဖို့ Branding ကို သင်အသုံးပြုနိုင်ပါတယ်။ Branding က သင့်လုပ်ငန်းကို တိုးတက်အောင်လုပ်ဖို့ ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်ပြီး အလားအလာရှိတဲ့ ဝယ်ယူသူများအတွက် သင်ဖန်တီးလုပ်ဆောင်ခဲ့တဲ့ အမှတ်တံဆိပ်အတွက် သင့်ကို အသိအမှတ်ပြုပါလိမ့်မယ်။

 

“ သင့်ရဲ့ကြော်ငြာတွေကို မြှင့်တင်နိုင်ပါတယ်”

ကြော်ငြာမပါဘဲ သင့်လုပ်ငန်းက မအောင်မြင်နိုင်ပါ။ Branding နဲ့ Advertising ဟာ အဓိပ္ပာယ်သက်ရောက်ပုံခြင်းအတူတူပဲလို့ ယူဆလို့ရပါတယ်။ သင့်လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့ ကြော်ငြာကို အောင်မြင်လိုပါက၊ အမှတ်တံဆိပ်တစ်ခု ဖန်တီးဖို့ ဦးစွာ လုပ်ဆောင်နိုင်ရန် လိုအပ်ပါတယ်။ သင့်လုပ်ငန်းကို ကြော်ငြာဖို့အတွက် သင့်ရဲ့အမှတ်တံဆိပ်ကို အချိန်ယူ တည်ဆောက်ရပါမယ်။ ခိုင်မာတဲ့ အမှတ်တံဆိပ်မပါဘဲ ကြော်ငြာနေပါက ထိရောက်တဲ့ ကမ်ပိန်းတစ်ခု ဖန်တီးဖို့ အခွင့်အလမ်းကောင်းများစွာကို သင်လက်လွတ်ဆုံးရှုံးရပါမယ်။ သင့်ကြော်ငြာမှာ အမှတ်တံဆိပ်ထည့်သွင်း လိုက်တဲ့အခါ သင့်အမှတ်တံဆိပ်ကို ဝယ်ယူသူများမှ အသိအမှတ်ပြုမှုကို တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။

 

“ Branding က ဝန်ထမ်းတွေအတွက်လည်း ပိုကောင်းစေပါတယ် “

Branding က  သင့် Company အတွင်းမှာလည်း တန်ဖိုးရှိစေပါတယ်။  သင့်ဝန်ထမ်းများက သင့် Company အတွက် အလုပ်လုပ်ရခြင်းကို နှစ်သက်စေပြီး အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုလို ခံစားစေပါတယ်။ Branding ကြီးကြီးမားမားရှိတဲ့ Company တစ်ခုက ဝန်ထမ်းများကို အလုပ်တစ်ခုထက်ပိုပြီး တစ်ခုခုနှင့် ပတ်သက်ဆက်နွယ်နေသကဲ့သို့ ခံစားလာစေခြင်းက ဝန်ထမ်းများကို ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ Branding ဟာ စည်းလုံးညီညွတ်မှုရှိစေပြီး ကောင်းမွန်တဲ့ ခံစားချက်များကို သင့်ဝန်ထမ်းများအတွက် ဖန်တီးနိုင်ပါက  ရလဒ်ကောင်းများ ရရှိစေနိုင်ခြင်းကို တွေ့မြင်နိုင်ပါတယ်။

 

 

“ Branding ဟာ သစ္စာရှိတဲ့ ဝယ်ယူသူများကို ဖန်တီးနိုင်ပါတယ်”

 

သင့်အမှတ်တံဆိပ်ကို အသိအမှတ်ပြုပြီး သင့်လုပ်ငန်းကို တစ်ကြိမ်သာ အသုံးပြုတဲ့ ဝယ်ယူသူများကို သင်လိုချင်မှာ မဟုတ်ပါဘူး။ သင့်ဆီကိုပြန်လာမယ့် ဝယ်ယူသူများကိုသာ သင်ဖန်တီးလိုမှာ ဖြစ်ပါတယ်။ Branding က လူများရဲ့ စိတ်ခံစားမှုများကို ဆွဲဆောင်နိုင်ပြီး ၎င်းတို့ကို သင့် Company နဲ့ ပိုမိုချိတ်ဆက်ခံစားရစေပါတယ်။ Branding က ဝယ်ယူသူများနဲ့ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်နိုင်စေပြီး ၎င်းတို့အား သစ္စာရှိတဲ့ ဝယ်ယူသူများအဖြစ် ပြောင်းလဲနိုင်ပါတယ်။

 

Kristopher Jones (Forbes Councils Member) ၏  ဆောင်းပါးကို Ah Zer Zar Sar (Assistant Lecturer at Strategy First University) မှ ဆီလျော်စွာ ပြန်ဆိုထားပါသည်။

Photo - Internet