အသေးစား၊ အလတ်စားလုပ်ငန်းများအပေါ် AI ရဲ့သက်ရောက်မှုများ
ဉာဏ်ရည်တု (AI) ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေး နိုင်တယ်ဆိုပေမယ့် အောင်မြင်စွာ ပေါင်းစည်းလုပ်ဆောင်နိုင်ဖို့ ဖြည်းဖြည်းချင်း စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါတယ်။ AI ကို အလျင်စလို အကောင်အထည်ဖော်ပါက လုပ်ငန်းရဲ့ မူလရည်မှန်းချက်နဲ့ လူသားဆန်တဲ့ အတွေ့အကြုံများ ပျောက်ဆုံးနိုင်ပါတယ်။ ဆိုလိုတာက ဖောက်သည်များဟာ စက်တစ်ခုနဲ့ ဆက်သွယ်ရတာထက် လူသားနဲ့ ထိတွေ့ဆက်သွယ်လိုကြပါတယ်။ ဒါကြောင့် AI ကို လုပ်ငန်းရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ နေရာများမှစတင်ပြီး ဖြည်းဖြည်းချင်း မိတ်ဆက်သင့်ပါတယ်။
ဒီနေ့ခေတ်အရပြောရမယ်ဆိုရင် AI ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်လာတာတွေ့ရပါတယ်။ ဒါ့အပြင် အလုပ်ခွင်မှာ AI ရဲ့အကျိုးအမြတ်တွေကို ရယူနိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်အများစုက အလုပ်ခွင်မှာ ပိုမိုစွမ်းဆောင်ရည် မြင့်မားဖို့ရန် အတွက်နဲ့ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တိုးတတ်ဖို့အတွက် AI ကို နေ့စဉ်အလုပ်တာဝန်မှာ အသုံးပြုဖို့ လုပ်ဆောင်လာကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း AI နည်းပညာများဟာ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်၊ ဖောက်သည်တွေနဲ့ ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန်အပြင် ဈေးကွက်မှာ ပြိုင်ဆိုင်မှုအလားအလာများ ရရှိစေရန် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် AI ကို စီးပွားရေးလုပ်ငန်းတွေမှာ ပုံမှန်လုပ်ဆောင်နေတဲ့ အလုပ်တာဝန်တွေနဲ့ ပေါင်းစည်းရာမှာ စိန်ခေါ်မှုတွေများစွာ ရှိနေဆဲဖြစ်ပါတယ်။ စရိတ်မြင့်မားမှုတွေ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုမရှိတာတွေနဲ့ လုပ်ငန်းခွင်ပြောင်းလဲဖို့မလွယ်ကူတဲ့ ယခင်က လက်ခံကျင့်သုံးခဲ့တဲ့ လုပ်ငန်းယဉ်ကျေးမှုတွေ စတဲ့ အကြောင်းရင်းတွေကြောင့် လုပ်ငန်းရှင်များစွာဟာ AI နည်းပညာကို ထဲထဲဝင်ဝင်သုံးဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ (SME) ရဲ့ AI နည်းပညာနဲ့ပေါင်းစည်းလုပ်ကိုင်ရာမှာ ရင်ဆိုင်ရတဲ့အဓိက စိန်ခေါ်မှုသုံးရပ်ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
၁။စရိတ်မြင့်မားမှုနှင့်အရင်းအမြစ်လိုအပ်ချက်
AI နည်းပညာကို စတင်အသုံးပြုရာမှာတွေ့ရတတ်တဲ့ အကြီးမားဆုံးသော အဟန့်အတားကတော့ စတင်အကောင်အထည်ဖော်ရန် လိုအပ်တဲ့ ကုန်ကျစရိတ်များ ဖြစ်ပါတယ်။ AI စနစ်များ (ဥပမာ- ဆော့ဖ်ဝဲ အသုံးပြုပုံစနစ်များ၊ ဒေတာစီစစ်တဲ့ ပလက်ဖောင်းများ၊ အလိုအလျောက်လုပ်ဆောင်တဲ့ ကိရိယာများ) ကို ဝယ်ယူရန်၊ အသုံးပြုရန်အတွက် ငွေကြေးအမြောက်အမြား လိုအပ်ပြီး အသေးစား၊ အလတ်စား လုပ်ငန်းအများစုအတွက် မတတ်နိုင်တဲ့ ပမာဏဖြစ်နေတတ်ပါတယ်။ ဒီကုန်ကျစရိတ်များထဲမှာ ဆော့ဖ်ဝဲနှင့် စက်ပစ္စည်းများ ဝယ်ယူခြင်းအပြင် ဝန်ထမ်းတွေကို လေ့ကျင့်ပေးရမယ့် (သို့) ပညာရှင်တွေကို ငှားရမ်းရမယ့် ကုန်ကျစရိတ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် AI စနစ်တွေကို ထိန်းသိမ်းဖို့ရန်အတွက် နောက်ထပ်ကုန်ကျစရိတ်တွေ (ဥပမာ- ပြုပြင်ရာမှာအသုံးပြုမယ့် အထူးကိရိယာများ၊ ထိန်းသိမ်း စောင့်ကြည့်ခြင်းများ) လည်း ရှိနိုင်တာကြောင့် အသေးစား၊အလတ်စား လုပ်ငန်းတွေအတွက် ဘတ်ဂျက်နဲ့ မျှမျှတတ ညှိဖို့တော်တော်ခက်ခဲပါတယ်။
၂။လုပ်ငန်းအတွင်းကျွမ်းကျင်မှုနဲ့နည်းပညာအသိအားနည်းခြင်း
AI ဆိုတာက နည်းပညာဆိုင်ရာ အသိပညာ၊ ဒေတာသိပ္ပံကျွမ်းကျင်မှုနဲ့ ဆော့ဖ်ဝဲစနစ် အယ်လဂိုရီသမ်များကို ပေါင်းစပ်အသုံးပြုရတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသေးစား၊အလတ်စား လုပ်ငန်းအများစုအနေနဲ့ AI စနစ်များကို ဖန်တီးရန်၊ အကောင်အထည်ဖော်ရန်နဲ့ စီမံခန့်ခွဲရန် လိုအပ်တဲ့ ပညာရှင်တွေ မရှိကြပါဘူး။ ဒါ့ကြောင့် လုပ်ငန်းအတွင်း ကျွမ်းကျင်မှုမရှိခြင်းက AI ကို လက်ရှိလုပ်ငန်းစဉ်များနဲ့ မည်သို့ပေါင်းစပ်ရမည်ကို နားမလည်တဲ့ လုပ်ငန်းရှင်များအတွက် ကြီးမားသော အဟန့်အတားဖြစ်စေပါတယ်။ AI ပညာရှင်များ (ဒေတာသိပ္ပံပညာရှင်၊ ဆော့ဖ်ဝဲအင်ဂျင်နီယာ) ကို ငှားရမ်းရန်မှာလည်း ကုန်ကျစရိတ်မြင့်မားပါတယ်။ ဒါ့အပြင် AI ပညာရှင်များကို လုပ်ငန်းအများအစုက အပြိုင်အဆိုင် လိုအပ်လာတာကြောင့် အသေးစား၊အလတ်စား လုပ်ငန်းများအနေနဲ့ ငှားရမ်းဖို့ မတတ်နိုင်တာတွေ့ရပါတယ်။ ဒါ့ကြောင့် AI ကို မှန်ကန်စွာအသုံးပြုနိုင်မယ့် အခွင့်အလမ်းများ ဆုံးရှုံးနိုင်ပြီးရင်းနှီးမြှုပ်နှံမှုများ အကျိုးမရှိ ဖြစ်တတ်ပါတယ်။
၃။ပြောင်းလဲမှုကိုခုခံတဲ့လုပ်ငန်းယဉ်ကျေးမှု
AI ကိုလက်ခံအသုံးပြုရန်အတွက် နည်းပညာထက် လုပ်ငန်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုများ လုပ်ဖို့လည်းလိုအပ်ပါတယ်။ အသေးစား၊အလတ်စား လုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ လုပ်ငန်းစဉ်များရှိနေပြီး ဝန်ထမ်းများအနေနဲ့ ပြောင်းလဲမှုကို စိုးရိမ်ကြောင့်ကြမှုဖြင့် ခုခံတတ်ကြပါတယ်။ အထူးသဖြင့် အလိုအလျောက်စနစ်များကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုကို စိုးရိမ်တဲ့ ဝန်ထမ်းတွေက ပြောင်းလဲမှုကို မလိုလားကြပါဘူး။ ဒီယဉ်ကျေးမှုဆိုင်ရာ အဟန့်အတားများက AI ကို လက်ခံအသုံးပြုရာတွင် နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်များကိုယ်တိုင်ကလည်း AI စနစ်များအပေါ် အပြည့်အဝ ယုံကြည်မှုမရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှားယွင်းမည်စိုးရိမ်ခြင်း၊ နည်းပညာရှုပ်ထွေးမှုကြောင့် စိတ်ပျက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဖောက်သည်နဲ့ လူသားဆန်သော ဆက်ဆံရေးကို အလေးထားတဲ့ လုပ်ငန်းများမှာ AI ရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်တတ်ကြပါတယ်။
AI ကအသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲနိုင်တဲ့ အလားအလာရှိပေမယ့် အောင်မြင်စွာပေါင်းစည်းလုပ်ဆောင်ရန် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါတယ်။ အစပျိုးစရိတ်မြင့်မားမှု၊ လုပ်ငန်းတွင်း ကျွမ်းကျင်မှုနည်းပါးမှု၊ ပြောင်းလဲမှုကို ခုခံတဲ့ ယဉ်ကျေးမှုတို့က အဖြစ်များတဲ့ အခက်အခဲတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို သိရှိထားခြင်းက ဒီအခက်အခဲတွေကို ဖြေရှင်းရာမှာ ပထမဆုံးသော အဆင့်ဖြစ်ပါတယ်။ AI နည်းပညာများ ပိုမိုလွယ်ကူစွာ အသုံးပြုလာနိုင်သည်နှင့်အမျှ အခက်အခဲများကို ကျော်လွှားနိုင်ကာ အသေးစား၊အလတ်စား လုပ်ငန်းများအနေနဲ့ AI ရဲ့အစွမ်းကို ရေရှည်အောင်မြင်မှုအတွက် အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။
Aircall ရဲ့ “3 Challenges of Integrating AI into Your Small Business” ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကား ရေးသားထားပါတယ်။
Daw Thwet Shwe Yee Htun
B. Com, M.com**(MEUE)
Meiktila University of Economics
