" HR သိထားရမယ့် ဝန်ထမ်းများအား လုပ်ပိုင်ခွင့်ပေးခြင်း (Employee Empowerment ) ဆိုင်ရာ ကြောင်းအရာများ "

ဝန်ထမ်းများကို လုပ်ပိုင်ခွင့်ပေးခြင်းက အဖွဲ့အစည်းတစ်ခုရှိ ဝန်ထမ်းများကို သူတို့ဟာ လုပ်ငန်းအတွင်း ကိုယ်ပိုင် ပိုင်ဆိုင်မှုရှိတယ်လို့ ခံစားရစေခြင်း၊ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနဲ့ အကဲဖြတ်ချက်များကို လုပ်ငန်းက ယုံကြည်တယ်လို့ ခံစားမိစေခြင်းတို့ကို ဖြစ်စေပြီး လုပ်ငန်းအပေါ် ဝန်ထမ်းရဲ့ အားစိုက်ထုတ်မှုကို ပိုပြီး အားကောင်းစေနိုင်ပါတယ်။ အဖွဲ့အစည်းဟာ ဝန်ထမ်းများကို လုပ်ပိုင်ခွင့်များ ပေးအပ်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်များနဲ့ သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်တို့ကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများအား လုပ်ပိုင်ခွင့်ပေးခြင်းကို ဝန်ထမ်းများနဲ့ ထိတွေ့ဆက်ဆံခြင်းနဲ့ မရောထွေးသင့်ပါဘူး။ ဒီနှစ်ခုက ကွဲပြားပေမယ့်လည်း လုပ်ပိုင်ခွင့်ပေးထားတဲ့ ဝန်ထမ်းများက မပေးထားတဲ့သူများထက် ပိုမို ပူးပေါင်း ဆောင်ရွက်မှု၊ ထိတွေ့ဆက်ဆံမှု ရှိပါတယ်။ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်ပေးခြင်းက လုပ်ငန်းနဲ့ ဝန်ထမ်းများ နှစ်ခုစလုံးအတွက် အကျိုးရှိစေပါတယ်။ အထူးသဖြင့် ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ အလုပ်အပေါ် တက်ကြွလှုံ့ဆော်မှုရှိခြင်းတွေမှာ တိုးတက်ကောင်းမွန်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ လေ့လာမှုများအရ ဝန်ထမ်းများကို လုပ်ပိုင်ခွင့်ပေးခြင်းရဲ့ တခြား စိတ်ဝင်စားဖွယ် အကျိုးကျေးဇူးများလည်း ရှိနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့ -

၁။ ဝန်ထမ်းများရဲ့ တီထွင်ဖန်တီးမှုနဲ့ ဝေဖန်စဉ်းစားတွေးခေါ်မှု တိုးပွားလာခြင်း။

၂။ ဝန်ထမ်းများရဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းကို အားကောင်းစေပြီး customer service တိုလို့ ဝန်ဆောင်မှုပေးရာမှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာများကို နှစ်လိုဖွယ်အပြုအမူများနဲ့ လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်တဲ့အတွက် ဝန်ဆောင်မှု အရည်အသွေး တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

၃။ လုပ်ပိုင်ခွင့်ပေးခြင်းခံထားရတဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ တိုးတက်မှုနဲ့ လုပ်ငန်းရဲ့ တိုးတက်မှုတွေမှာ ပိုကောင်းတဲ့အရာတွေ လုပ်ဆောင်နိုင်ဖို့ တက်ကြွနေနိုင်ပါတယ်။

၄။ လုပ်ပိုင်ခွင့်ပေးခြင်းခံထားရတဲ့ ဝန်ထမ်းတွေဟာ စိတ်ဓာတ်ကောင်းတွေ ပြသနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်များကို ဖန်တီးနိုင်ကာ လုပ်ငန်းမှာ အချိန်အတော်ကြာ အလုပ်မြဲနေမှာပဲ ဖြစ်ပါတယ်။

HR အနေနဲ့ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်ပေးရာမှာ ဘယ်လို ပံ့ပိုးပေးနိုင်မလဲ။

လုပ်ငန်းတွေမှာဆိုရင် ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်ပေးဖို့အတွက် နည်းလမ်းမျိုးစုံ ရှိနေနိုင်ပါတယ်။ အဲဒီနေရာမှာ HR အနေနဲ့က လုပ်ပိုင်ခွင့်ပေးနိုင်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာဖို့အတွက် ဘယ်လိုပံ့ပိုးပေး နိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။

(က) ဆုံးဖြတ်ချက်များ ပြုလုပ်ရာမှာ

ဝန်ထမ်းများကို ပါဝင်ခွင့်ပေးပါ။

လုပ်ငန်းတွေရဲ့ ဌာနအသီးသီးမှာ ဝန်ထမ်းတွေ ပါဝင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေဟာ လုပ်ငန်းမှာရှိတဲ့ ဘယ်သူတွေအပေါ် သက်ရောက်မှု ရှိနိုင်ဆုံးလဲဆိုရင် သာမန်ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေပြုလုပ်တဲ့ ဖြစ်စဉ်တွေမှာ အဲ့ဒီဝန်ထမ်းတွေကို ပါဝင်ခွင့်မပေးတာ၊ ဖယ်ထုတ်ထားတာတွေဆိုရင် ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီဆုံးဖြတ်ချက်များရဲ့ သက်ရောက်မှုများကြောင့် ဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းခြင်း၊ အတွေးအမြင်များ ကန့်သတ်ခံရခြင်းနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

လုပ်ငန်းတစ်ခုဟာ ဝန်ထမ်းများအပေါ် အကျိုးဆက်အနေနဲ့ သက်ရောက်မှုဖြစ်စေမယ့် ဆုံးဖြတ်ချက်များ ပြုလုပ်တဲ့ဖြစ်စဉ်မှ ဖယ်ထုတ်ထားတဲ့အတွက် တာဝန်ရှိတယ်လို့ ခံစားရပါက ဝန်ထမ်းများကို လုပ်ပိုင်ခွင့် ပေးခြင်းကို မြှင့်တင်ဖို့အတွက် စတင်လုပ်ဆောင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။

ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲဆိုတော့

၁။ ဝန်းထမ်းတွေ အကြံပေးနိုင်ဖို့အတွက် Suggestion box များထားပေးခြင်း

၂။ ဝန်ထမ်းများကြားမှာ သတ္တိရှိရှိနဲ့ လုပ်ငန်းအပေါ် ဝန်ထမ်းတွေရဲ့အမြင်ကို survey ပြုလုပ်ခြင်း

၃။ ဝန်ထမ်းများရဲ့ တစ်ဦးချင်းရည်မှန်းချက်များနဲ့ KPI များချမှတ်ရာမှာ ဝန်ထမ်းများကိုယ်တိုင်

ပါဝင်ခွင့်ပေးခြင်း

၄။ မန်နေဂျာတွေကို ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ဖြစ်စဉ်မှာ သူတို့ရဲ့ ဝန်ထမ်းတွေ ပါဝင်ခွင့်ပေးဖို့ တွန်းအားပေးခြင်း

၅။ လုပ်ငန်းမှာ brainstorming နေ့အဖြစ် ဝန်ထမ်းအားလုံးပါဝင်ခွင့်ရအောင် နေ့တစ်ရက်ရက်အား သတ်မှတ်ပေးထားခြင်းတို့ပဲ ဖြစ်ပါတယ်။

(ခ) ဝန်ထမ်းတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေဖို့ လိုအပ်တာများ ပြင်ဆင်ပေးပါ။

မန်နေဂျာများဟာ သူတို့ရဲ့အချိန်ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်စေဖို့ တာဝန်တချို့ရဲ့ ဆုံးဖြတ်ချက်များ ပြုလုပ်ရတဲ့ ကိစ္စရပ်များကို လက်အောက်ဝန်ထမ်းများဆီ လွှဲအပ်တာဝန်ပေးထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ဆုံးဖြတ်ချက်များပြုလုပ်ခြင်းကို အောင်မြင်စွာ လွှဲအပ်နိုင်ဖို့ ဝန်ထမ်းများကို ပိုပြီး လုပ်ပိုင်ခွင့် ပေးဖို့နဲ့ အခွင့်အာဏာများ ပေးအပ်ဖို့လည်း လိုအပ်ပါတယ်။

လိုအပ်နိုင်မယ့် အကြောင်းအရာတွေကတော့ -

မန်နေဂျာများဟာ သူတို့ရဲ့ ဝန်ထမ်းတွေကို တချို့ဆုံးဖြတ်ချက်များကို ပေးအပ်နိုင်ဖို့ ဝန်ထမ်းများအပေါ် ယုံကြည်မှု ရှိနေရပါမယ်။

ဝန်ထမ်းများဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်မှာ ဘာတွေပါဝင်သလဲ၊ ဘယ်အတိုင်း အတာအထိ ဆုံးဖြတ်ခွင့်ရှိသလဲ အတိအကျသိနေရပါမယ်။ ဥပမာ ဝန်ထမ်းတွေဟာ ဘယ်လိုအချိန်အခါနဲ့ ဘယ်လိုအကြောင်းအရာတွေပေါ်မှာသာ ကိုယ်ပိုင်ဆုံးဖြတ်ချက် လွတ်လွတ်လပ်လပ် ချမှတ်ဆုံးဖြတ်ပိုင်ခွင့် ရှိနေသလဲဆိုတာ အတိအကျသိနေရပါမယ်။

(ဂ) ဝန်ထမ်းတွေကို လိုက်လျောညီထွေဖြစ်တဲ့ အလုပ်လုပ်တဲ့ ဝန်းကျင်ပုံစံ ဖန်တီးပေးပါ။

ဝန်ထမ်းများကို လုပ်ပိုင်ခွင့်ပေးဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်များနဲ့ ထိထိရောက်ရောက် စီမံခန့်ခွဲ နိုင်မယ်ဆိုရင် လိုက်လျောညီထွေရှိတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းက လုပ်ငန်းရဲ့ ကုန်ထုတ် စွမ်းအားနဲ့ ဆန်းသစ်တီထွင်မှုကို တိုးမြင့်လာကြောင်း တွေ့ရတဲ့အတွက် ကိုဗစ်အလွန် လုပ်ငန်းတွေမှာ ဝန်ထမ်းတွေအတွက် လွတ်လွတ်လပ်လပ်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ အလုပ်လုပ်တဲ့ ဝန်းကျင်ပုံစံတွေကို ယခင်ကထက်ပိုပြီး လက်ခံကျင့်သုံးလာကြပါတယ်။

ဒါပေမဲ့လည်း လိုက်လျောညီထွေရှိတဲ့ အလုပ်လုပ်တဲ့ပုံစံကို အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေဟာ ကိုယ်ပိုင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်နဲ့ မန်နေဂျာများရဲ့ ပံ့ပိုးကူညီမှုအပေါ် အခြေခံရမှာပဲ ဖြစ်ပါတယ်။ အဲ့လိုဖြစ်မြောက်ဖို့ အကြံပြုချက်တချို့ကတော့

၁။ ဝန်ထမ်းများဟာ ပူးပေါင်းဆောင်ရွက်ခွင့်ရှိတဲ့ လမ်းစဉ်များကို အသုံးပြုခွင့်ရှိကြောင်း သေချာစေရပါမယ်။ ဥပမာ - ဘယ်လိုမျိုး အစည်းအဝေးများ၊ ဘယ်လိုမျိုးအလုပ်ရဲ့ online chatting group တွေ မှာ ပါဝင်ဆွေးနွေး နိုင်ခွင့်ရှိသလဲ သေချာစေရပါမယ်။

၂။ ရုံးတွင်း၊ ရုံးပြင်ပ အလုပ်လုပ်ခြင်းလို Hybrid working တွေမှာ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လမ်းညွှန်မှုများကို ဖန်တီးပေးထားရပါမယ်။

(ဃ) အမှားတွေ လိုအပ်ချက်တွေ ရှိလာရင် နားလည်လက်ခံပေးပါ။

စွမ်းဆောင်ရည် အမြဲမြင့်မားအောင်လုပ်ဆောင်နေတဲ့ အလုပ်ပတ်ဝန်းကျင်မှာရှိတဲ့ မန်နေဂျာတွေဟာ အမှားပြုလုပ်ခြင်းကို အားပေးပြီး လက်တွေ့စမ်းသပ်မှုများပြုလုပ်ဖို့ ပံ့ပိုးပေးကြပါတယ်။ ဝန်ထမ်းတွေကိုလည်း စွန့်စားမှုများနဲ့ သူတို့ရဲ့ အမှားများမှ သင်ခန်းစာယူဖို့ တွန်းအားပေးကြပါတယ်။

ဒါပေမဲ့လည်း ဝန်ထမ်းများမှာ အမှားများ ပြလုပ်နိုင်ခြင်းနဲ့ အဲ့ဒီအမှားများမှ သင်ခန်းစာယူနိုင်စေဖို့ အထက်မန်နေဂျာများမှ လက်အောက်ဝန်ထမ်းများဆီကို ချဉ်းကပ်မှုပုံစံနဲ့ အမြင်များ ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

လေ့လာသင်ယူမှုရှိတဲ့ အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖို့ HR က အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါတယ်။

၁။ မန်နေဂျာများကို သူတို့ရဲ့အမှားများကိုဝန်ခံပြီး အဲ့ဒီအမှားများကနေ ဘယ်လိုလေ့လာသင်ယူမှုများ ပြုလုပ်နိုင်မလဲဆိုတာကို လက်အောက်ဝန်ထမ်းများနဲ့အတူ ဆွေးနွေးစေဖို့ တွန်းအားပေးပါ။

၂။ လေ့လာသင်ယူမှုများကို မျှဝေနိုင်တဲ့ တရားဝင် ပလက်ဖောင်းတစ်ခု ဖန်တီးပါ။

၃။ အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ အမှားများကို ထုတ်ဖော်ဂုဏ်ပြုပေးပါ။

၄။ မန်နေဂျာများကို သူတို့ရဲ့ ဝန်ထမ်းများကို သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်ပန်းတိုင်တစ်ခုဆီကို အတူ ဦးတည်လုပ်ဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာများအဖြစ် ဆက်ဆံဖို့ တွန်းအားပေးပါ။

အချုပ်အနေနဲ့ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်များ ပေးအပ်နိုင်ဖို့ လုပ်ငန်းဆုံးဖြတ်ချက်များမှာ ဝန်ထမ်းများရဲ့ အလုပ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ကိစ္စရပ်များအတွက် အဲ့ဒီဝန်ထမ်းတွေကို ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းဆုံးဖြတ်ခွင့်ပေးပါ။ ဝန်ထမ်းတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချနိုင်ဖို့ သူတို့ကို ယုံကြည်မှုနဲ့ လိုအပ်တဲ့ အရင်းမြစ်များ၊ အချက်အလက်များ ပံ့ပိုးပြင်ဆင်ပေးပါ။ ဝန်ထမ်းများအတွက် လိုက်လျောညီထွေရှိတဲ့ အလုပ်လုပ်တဲ့ပုံစံကို ကမ်းလှမ်းပါ။ သို့ပေမဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရှင်းလင်းတဲ့ လမ်းညွှန်ချက်များ ရှိနေရပါမယ်။ နောက်ဆုံးမှာတော့ အမှားများကို သင်ယူခွင့်များအဖြစ် မြင်တဲ့ အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် HR အနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ ရှုထောင့်များ ကနေ မိမိအဖွဲ့အစည်းရဲ့ အကျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

AIHR ရဲ့ ဆောင်းပါးရှင် Neelie Verlinden ရေးသားတဲ့ Employee Empowerment Examples To Inspire HR ဆောင်းပါးကို ထုတ်နုတ်ကာ ဆီလျော်အောင် မြန်မာပြန်ဆိုထားပါတယ်။

 

U Myo Htet Naing

B.Com (Hons), M.Com (YIE)