"ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း

သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ဆောက်လုပ် ရေးလုပ်ငန်းများဟာ ချန်လှပ်ထား၍မရနိုင်အောင် အဓိကအနေနဲ့ပါဝင်ပါတယ်။ ပတ်ဝန်း ကျင်ညစ်ညမ်းမှုမှာ အမျိုးအစားများစွာကွဲပြားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ ကြောင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် အသံညစ်ညမ်းမှုတို့ အဓိက ဖြစ်စေ ပါတယ်။ ထိုညစ်ညမ်းမှုများကို လိုအပ်တဲ့ ထိန်းသိမ်းမှုများ မပြုလုပ်ရင် လုပ်ငန်းခွင်မှ အလုပ်သမားများသာမကပဲ အနီးနားတစ်ဝိုက် နေထိုင်သူများနဲ့ တခြား ဆက်စပ်သူများကိုပါ ဆိုးရွားတဲ့ ကျန်းမာရေးထိခိုက်မှုများ (ကင်ဆာရောဂါ) ဖြစ်စေနိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းစဥ်များအလိုက် မတူညီတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေနိုင်ခြင်းနဲ့ ကာကွယ် နိုင်မယ့် လိုအပ်တဲ့ထိန်းသိမ်းမှုများအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

လေထုညစ်ညမ်းခြင်း

လေထုညစ်ညမ်းခြင်းဆိုသည်မှာ လူသားတို့ဆီမှ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့များ လေထုထဲကို ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ လေထုရဲ့ သန့်စင်မှု အရည်အသွေးညံ့ဖျင်းလေ ကျန်းမာရေးနဲ့ပက်သက်ပြီးထိခိုက်မှုများလေဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိလူဦးရေရဲ့  ၄.၂ မီလီယံမှာ အရွယ်မတိုင်ခင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ညစ်ညမ်းသောလေထုကြောင့်ပဲဖြစ်ပါတယ်။ လေထုညစ်ညမ်းခြင်းက ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ ရာသီဥတုပြောင်းလဲခြင်းနဲ့ ကမ္ဘာကြီးပူနွေးလာရခြင်းရဲ့ အဓိက ကျတဲ့ အကြောင်းအချက်ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းစဥ်များက ဆိုးရွားတဲ့ လေထုညစ်ညမ်းခြင်းကို ဦးတည်စေတဲ့ အကြောင်းအချက်တစ်ခု ဖြစ်တဲ့အလျောက် ထိုကဏ္ဍများမှာ ပါဝင်လုပ်ကိုင်သောသူများက ညစ်ညမ်းခြင်းနဲ့ ပက်သက်တဲ့ အသိပညာများ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ထိုအသိပညာများနဲ့အတူ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှ ညစ်ညမ်းခြင်းကို ဦးတည်စေတဲ့ လုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ စနစ်တကျလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

 

လေထုညစ်ညမ်းမှုကို အဓိကဖြစ်စေတဲ့လုပ်ငန်းများမှာ

၁. အကြီးစား စက်ယန္တရားကြီးများကို အသုံးပြုခြင်း

၂. လုပ်ငန်းခွင်နေရာအတွက်ရှင်းလင်းခြင်းနှင့် ဖြိုဖျက်ခြင်းလုပ်ငန်းများ

၃. ဓာတုပစ္စည်းများအသုံးပြုခြင်း

 

PM10

သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အချင်း (Diameter) အားဖြင့် ၁၀ မိုက်ခရိုမီတာထက် ပို၍ သေးငယ်တဲ့ အမှုန်များကို PM10 လို့ ခေါ်ပါတယ်။ သေးငယ်လွန်းတဲ့ အမှုန်လေးများက အဆုတ်ရဲ့ အတွင်းပိုင်းအထိ ဖောက်ထွင်းဝင်ရောက်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း များမှ ကျန်းမာရေးထိခိုက်စေတဲ့ ဘိလပ်မြေ, ကွန်ကရစ်, ဆီလီကာနဲ့ သစ် အမှုန်အမွှား များစွာတို့ဟာ PM10 ထဲမှာ ပါဝင်ပါတယ်။ ထို့အတူ ဒီဇယ်အင်ဂျင်များကိုအသုံးပြုတဲ့ စက်ယန္တရားများနဲ့ စက်ပစ္စည်များမှ ထုတ်လွှတ်လိုက်တဲ့ PM10 များဖြစ်ကြတဲ့ ဆီလီကိတ် (silicate) များ၊ ဆာလဖိတ် (sulphate) များက လေထုထဲသို့ရောက်သွားတဲ့အခါ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

လေထုညစ်ညမ်းမှုရဲ့ အကျိုးဆက်များ

ဆောက်လုပ်ရေးလုပ်သားများ ညစ်ညမ်းသောလေထုကို ရှူရှိုက်မိတဲ့အခါ လေထုထဲမှ သေးငယ်လှတဲ့ အမှုန်အမွှားလေးများက အဆုတ်ရဲ့ အတွင်းပိုင်းထဲအထိ ထိုးဖောက် ဝင်ရောက်သွားပါတယ်။ ထိုအခါ ဆောက်လုပ်ရေးဆိုက်များမှာ အလုပ်လုပ်တဲ့ လုပ်သားများ အနေနဲ့ ကျန်းမာရေးနဲ့ပက်သက်တဲ့ အောက်ပါရောဂါများ ခံစားလာရမှာ ဖြစ်ပါတယ်။

၁. ချောင်းဆိုးခြင်းနဲ့ အသက်ရှူမဝခြင်း

၂. နှလုံးသွေးကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

၃. အဆုတ်ကင်ဆာ

၄. လေဖြတ်ခြင်းနှင့်

၅. ပန်းနာရင်ကြပ်ရောဂါများ

လုပ်ငန်းခွင်အမျိုးမျိုးမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အမျိုးသားများထဲမှ ကင်ဆာရောဂါ ခံစားနေရတဲ့သူများ ရှိပါတယ်။ ထိုရောဂါခံစားနေရတဲ့ အမျိုးသားများထဲမှ ၅၆ ရာခိုင်နှုန်းက ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြပါတယ်။ Mesothelioma ကဲ့သို့ ကင်ဆာရောဂါအမျိုးအစားမှာ အဖြစ်များပြီး ကျောက်ဂွမ်း (asbestos) နဲ့ အထိအတွေ့ များခြင်းတို့ကြောင့် အဆုတ်ကို ထိခိုက်စေတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဆီလီကာ၊ ကျောက်ဂွမ်းနဲ့ ဖုန်မှုန့်များကို မကြာခဏထိတွေ့ရခြင်းအပြင် စက်ယန္တရားများမှ ထုတ်လွှတ် လိုက်တဲ့ အခိုးအငွေ့များဓာတ်ငွေ့များကြောင့် ရေရှည်မှာ ဆောက်လုပ်ရေးလုပ်သားများဟာ

အဆုတ်ကင်ဆာရောဂါကို ခံစားရနိုင်ချေ များပါတယ်။ တခြားလုပ်ငန်းခွင်များမှ လုပ်သား များထက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများဟာ ကင်ဆာရောဂါဖြစ်နိုင်ချေ ၁၅-၂၀ ရာခိုင်နှုန်းအထိ ပိုများပါတယ်။ ဆိုက်အနီးနားနေထိုင်သူများ ဆောက်လုပ်ရေးဆိုက် အနီးနားတစ်ဝိုက်မှာ နေထိုင်သောသူများသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာတဲ့လေထုညစ်ညမ်းခြင်းအန္တရာယ်ကိုထိတွေ့ခံစားရသူများထဲတွင်ပါဝင်ပါတယ်။အနီးအနားတစ်ဝိုက်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိပါက ထိုလုပ်ငန်းခွင်မပြီးမချင်း ညစ်ညမ်းတဲ့ လေထုဒဏ်ကို ခံစားကြရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းများမှထွက်ပေါ် လာတဲ့ အန္တရာယ်ဖြစ်စေတဲ့ အမှုန်အမွှားများက လေနဲ့အတူပါသွားပြီး အနီးအနားမှာနေထို င်သူ/သွားလာသူများက ၎င်းတို့ကို ရှူရှိုက်မိတဲ့အခါ ချောင်းဆိုးခြင်းနဲ့ အသက်ရှူ မဝခြင်း ကဲ့သို့ ပြဿနာများကို စတင်ခံစားရပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှု လေထုညစ်ညမ်းမှုက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဖြစ်စေပြီး လူ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း သတိပြုဖို့လိုအပ်ပါတယ်‌။ ဆောက်လုပ်ရေးလုပ်ငန်းများက PM2.5 (14.5%) နဲ့ PM10 (8%) ထုတ်လွှင့်မှုများအတွက် တာဝန်ယူဖို့ လိုအပ်ပါတယ်။ ညစ်ညမ်းမှုအများစုမှာ ဒီဇယ်အသုံးပြုရတဲ့ ဆောက်လုပ်ရေးစက်ပစ္စည်းများမှဖြစ်ပြီး ၁ ရာခိုင်နှုန်းမှာ ဖြိုဖျက်ခြင်း လုပ်ငန်းများမှသာ ဖြစ်ပါတယ်။ ထိုညစ်ညမ်းမှုများကြောင့် အပင်နဲ့သတ္တဝါများ ရှင်သန်နိုင်ဖို့ အတွက် ရုန်းကန်နေကြရပါတယ်။ ထို့အတူ အစာကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေ တာကြောင့် ဇီဝမျိုးကွဲများစွာကို ဆုံးရှုံးရခြင်းအန္တရာယ်ကို ရင်ဆိုင်ရပါတယ်။

 

ရေထုညစ်ညမ်းခြင်း

အန္တရာယ်ရှိတဲ့၊ အဆိပ်အတောက် ဖြစ်စေတဲ့ အရာများက မြစ်၊ ကန်၊ ပင်လယ်နဲ့ သမုဒ္ဒရာ များထဲသို့ ရောက်သွားတဲ့အခါမှာ ရေထုညစ်ညမ်းခြင်းကို ဖြစ်စေပါတယ်။ ရေထုညစ်ညမ်းမှု ဟာ လူတို့မြင်တွေ့နိုင်တဲ့ ရေပြင်ပေါ်နဲ့ ရေအောက်မျက်နှာပြင်မှ စွန့်ပစ်ပစ္စည်းများ စုပုံ လာခြင်းပုံစံမျိုးနဲ့ တွေ့နိုင်သလို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ရေမှာ ပျော်ဝင်နေတဲ့ ပုံစံဖြင့်လည်း တွေ့နိုင်ပါတယ်။ ဆောက်လုပ်ရေးဆိုက်များမှ ထွက်လာတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်ပါက ရေထုညစ်ညမ်း မှုကို ဖြစ်စေမှာဖြစ်ပါတယ်။ ရေထုညစ်ညမ်းမှုကိုအဓိကဖြစ်စေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများမှာ ဒီဇယ်နဲ့ ဆီများ၊ ဘိလပ်မြေ၊ ကော်၊ အိမ်သုတ်ဆေးနဲ့ တခြားသော အဆိပ် အတောက်ဖြစ်စေတဲ့ ပစ္စည်းများပါဝင်ပါတယ်။ ၎င်းညစ်ညမ်းမှု ဖြစ်စေတဲ့ အရာများဟာ မြစ်နဲ့ ပင်လယ်များထဲကို စီးဆင်းသွားခြင်း၊ မြေကြီးထဲသို့ စိမ့်ဝင်သွားခြင်းဖြင့် အဆုံးသတ် ကြပါတယ်။ ဤနည်းနဲ့ ညစ်ညမ်းမှုကို ဦးတည်သွားစေပါတယ်။

 

ရေထုညစ်ညမ်းခြင်း၏အကျိုးဆက်များ

လူသားများ မြေကြီးထဲသို့ စိမ့်ဝင်သွားတဲ့ အဆိပ်အတောက်များဟာ မြေအောက်ရေအရင်း အမြစ်ဆီသို့ ရောက်ရှိသွားသောအခါ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ မြေအောက်ရေမှာ ပြုပြင်ဖို့ခက်ခဲတာကြောင့် သောက်သုံးရေအဖြစ် အသုံးပြုတဲ့အခါ ထိုအဆိပ်အတောက် တွေကို စားသုံးမိသလို ဖြစ်သွားပါတယ်။  အာစင်းနစ်(arsenic) နဲ့ မာကျူရီ (mercury) တို့လို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်များ ပါလာတဲ့အခါ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပြီး ကင်ဆာကဲ့သို့ ရောဂါများဖြစ်စေပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အဆိပ် အတောက်များပါဝင်တဲ့ရေများဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါ တယ်။ ရေထုညစ်ညမ်းမှုဖြစ်ရင် ထိုရေထဲမှာ နေထိုင်တဲ့သတ္တဝါများနဲ့ သောက်သုံးအမှီပြု နေရတဲ့သူများပါ ထိခိုက်မှုများ ဖြစ်စေပါတယ်။ ဤသို့ဖြင့်ဂေဟစနစ်တစ်ခုလုံးကို ထိခိုက် စေမှာ ဖြစ်ပါတယ်။

 

အသံညစ်ညမ်းခြင်း

ပတ်ဝန်းကျင်ညစ်ညမ်းမှုများထဲမှာ အကျိုးဆက်ကို ချက်ချင်းခံစားရနိုင်သည်မှာ အသံ ညစ်ညမ်းခြင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ စက်ယန္တရားကြီးများရဲ့ အသံ များကြောင့် အနီးနားရှိ နေထိုင်သူများဟာ စိတ်ဖိစီးမှုဒဏ်ကို ခံရခြင်း၊ စိတ်အနှောင့် အယှက်ဖြစ်ခြင်းနဲ့ သွေးတိုးရောဂါများကို ခံစားလာရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လုပ်သားများအနေနဲ့လည်း အကြားအာရုံချို့ယွင်းခြင်းတို့လို ပြသနာများကို ခံစားလာရပါတယ်။

 

ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချနိုင်တဲ့နည်းလမ်းများ

အဖွဲ့အစည်းတစ်ခုအနေနဲ့ရော တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ပါ မိမိတို့ဖန်တီးလိုက်တဲ့ ညစ်ညမ်းမှုပမာဏကို သိနားလည်ပြီး သေချာစွာ စီမံခန့်ခွဲနိုင်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။ မကောင်းတဲ့သက်ရောက်မှုတွေကို ထိန်းသိမ်းခြင်းအပြင် ညစ်ညမ်းမှု ကာကွယ် ရေးနည်းစနစ်များကို တစ်ဦးတစ်ယောက်ချင်းစီက လိုက်နာစေဖို့ တိုက်တွန်းခြင်းအားဖြင့် ကောင်းမွန်တဲ့ အကျိုးရလဒ်များကို ရရှိစေပါလိမ့်မယ်။ ပတ်ဝန်းကျင်အပေါ်သက်ရောက်နိုင် တဲ့ အဆိုးအပြစ်များကို ကန့်သတ်လုပ်ဆောင်နိုင်ခြင်းအားဖြင့် ပြိုင်ဘက်အဖွဲ့အစည်းများနှင့် နှိုင်းယှဥ်ရင် အမြဲတမ်း ခြေတစ်လှမ်း အသာရနေမှာ ဖြစ်ပါတယ်။ Environmental damage (Prevention & Remediation) England ၏ ၂၀၁၅ မှာ ချမှတ်လိုက်တဲ့ စည်းမျဥ်းအရ စီးပွားရေးလုပ်ငန်းများအားလုံးက ၎င်းတို့ကြောင့် ရေ၊ လေ၊ မြေ စတဲ့ ပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှုများရှိပါက ငွေကြေးအနေနဲ့ အလျော်အစား ပေးရမှာ ဖြစ်ပါတယ်။ ထိုစည်းမျဥ်း ကို “polluters pays” ဥပဒေလို့ ခေါ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ၎င်းတို့ လုပ်ငန်းခွင်မှ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေတဲ့အရာများကို တတ်နိုင်သမျှ ထိန်းသိမ်း ကန့်သတ်နိုင်ဖို့အတွက် ငွေကြေးမက်လုံးများနဲ့ ချုပ်ကိုင်ထားတဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းများဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ကြောင့် တရားစွဲဆိုခံရခြင်း၊ ဒဏ်ရိုက်ခံရခြင်းဖြင့် အရေးယူခံရမှာ ဖြစ်ပါတယ်။ အဆိုပါ ဒဏ်ငွေများထဲမှ တချို့ကို တောရိုင်းတိရစ္ဆာန်များအား ကာကွယ်သည့် ပရောဂျက်များသို့ လှူဒါန်းပေးတယ်။ ထို့ကြောင့်ဆောက်လုပ်ရေးလုပ်ငန်းများမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေတဲ့အရာများကို ကောင်းမွန်စွာ ကိုင်တွယ်ခြင်းမရှိဘဲ ညစ်ညမ်းမှုများကို ဖန်တီးမိပါက ဒဏ်ကြေးများစွာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းကို လျော့ချနိုင်မယ့် နည်းလမ်းများကို အကြံပြုလိုပါတယ်။ လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ဖို့

၁. စွန့်ပစ်ပစ္စည်းများကို မီးမရှို့ခြင်း- ဆောက်လုပ်ရေးသုံး စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်း ကြောင့် အဆိပ်အတောက် ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုက် အငွေ့များ လေထုထဲသို့ ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။ ထိုအခါ UK မှ ချမှတ်ထားတဲ့ Clean Air Act 1993 အရ သတ်မှတ်ထားတဲ့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

၂. Hybrid နည်းပညာသုံးခြင်း - ဒီဇယ်အင်ဂျင်သုံး မြေတူးစက်ယန္တရားကြီးများအစား Hybrid နည်းပညာသုံး စက်ပစ္စည်းများကို အသုံးပြုနိုင်ပါတယ်။ စမ်းသပ်အသုံးပြုနေတဲ့ Volvo ကဲ့သို့ Boom လက်တံရှည်မှ ထုတ်ပေးတဲ့ လျှပ်စစ်စွမ်းအင်သုံးမြေတူးစက်များကို တွင်ကျယ်စွာ အသုံးပြုသင့်ပါတယ်။

၃. ဆာလဖာပါဝင်မှုနည်းတဲ့ ဒီဇယ်ကိုအသုံးပြုခြင်း - ဓာတ်အားပေးစက်များ၊ ယာဥ်များ အတွက် ဆာလဖာ ပါဝင်မှုနှုန်းနည်းတဲ့ ဒီဇယ်ကို အသုံးပြုသင့်ပါတယ်။

၄. လက်ရှိအသုံးပြုနေတဲ့ စက်ပစ္စည်းများကို အဆင့်မြှင့်တင်အသုံးပြုခြင်း။

၅. ရေဖြန်းခြင်း ရေပန်းများထားခြင်း - ဖုန်မှုန့်များနဲ့ တချို့သော အမှုန်အမွှားများကို ပတ်ဝန်းကျင်ဆီာလွင့်ထွက်မသွားစေဖို့ ရေဖြန်းခြင်းအားဖြင့် အထိုက်အလျောက်ကာကွယ် နိုင်ပါတယ်။ ဤနည်းလမ်းကို ကွန်ကရစ် အစိတ်အပိုင်းများ ဖြိုခွဲခြင်းနဲ့ စွန့်ပစ်ပစ္စည်းများ စုစည်းသိမ်းဆည်းရာတွင်လည်း အသုံးပြုနိုင်ပါတယ်။

၆. ကိရိယာများပေါ်တွင် Exhaust ကိုတပ်ဆင်ထားပြီးထွက်လာမည့်ဖုန်မှုန့်များကို စုပ်ယူ ခြင်း။

၇. ပြည်တွင်းမှရနိုင်သောပစ္စည်းများကိုအသုံးပြုခြင်း - ပြည်တွင်းတွင်ရနိုင်သောပစ္စည်းများ ကို ဦးစားပေးအသုံး ပြုခြင်းဖြင့် မိုင်ပေါင်းများစွာသယ်ယူပို့ဆောင်စရိတ်နှင့် စွမ်းအင်များကို ချွေတာပြီးသားဖြစ်နိုင်သည်။

၈. ပြန်လည်အသစ်ဖြစ်သောပစ္စည်းများ ရေရှည်အသုံးပြုနိုင်သောပစ္စည်းများကိုအသုံးပြု ခြင်း - သစ်ကဲ့သို့သော ပြန်လည်အသစ်ဖြစ်နိုင်သော ဆောက်လုပ်ရေးပစ္စည်းကိုအသုံးပြု သင့်သည်။

၉. သင့်တော်တဲ့ PPE ကို ဝတ်ဆင်ခြင်း - မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး သင့်တော်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်ရေးပစ္စည်းများကို ဝတ်ဆင်လုပ်ကိုင်သင့်ပါတယ်။

 

ရေထုညစ်ညမ်းခြင်းကို လျှော့ချနိုင်ရန်

၁. ဆိုက်မှ စွန့်ပစ်ရေဆိုးများကို သေချာစီမံပြီးမှစွန့်ပစ်ခြင်း - တခြားသောနေရာများသို့ ပြန့်ပွားခြင်းမဖြစ်စေဖို့ စွန့်ပစ်ရေဆိုးများကို သေချာစွာ ကိုင်တွယ်စီမံသင့်ပါတယ်။

၂. ဘိလပ်မြေကဲ့သို့ပစ္စည်းများကို စိတ်ချရသောနေရာတွင်ထားခြင်း -  လုပ်ငန်းသုံးပစ္စည်း များကို ရေစီးနဲ့ မျောပါသွားနိုင်ခြင်းမရှိတဲ့ နေရာမှာ ထားရပါမယ်။ ရေစီးမှ မြစ်များထဲသို့ ရောက်သွားတဲ့အခါ ရေထု ညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

၃. ရေထွက်ပေါက်များကို ပိတ်ထားခြင်း - ဆိုက်ထဲမှ စွန့်ပစ်ရေဆိုးများ အပြင်ကို စီးဆင်း သွားနိုင်တဲ့ ရေထွက်ပေါက်နဲ့ မြောင်းများကို အကာအရံများ လုပ်ထားသင့်ပါတယ်။ ဒါမှမဟုတ်ပါက ထိုနေရာများမှတစ်ဆင့် မြစ်များထဲသို့ ရေစီးနဲ့အတူ အန္တရာယ်ရှိတဲ့ စွန့်ပစ် ရေဆိုးများ မျောပါသွားမှာဖြစ်ပါတယ်။

၄. ဆိုက်လမ်းကြောင်းတစ်လျှောက်ကို သန့်ရှင်းအောင်ထားခြင်း - ဆိုက်အတွင်းအပြင် လမ်းကြောင်းတစ်လျှောက်မှာ နုန်းနဲ့ တခြားအညစ်အကြေးများမရှိအောင်ထားခြင်းဖြင့် အန္တရာယ်ဖြစ်စေတဲ့ အရာများ ရေစီးဖြင့် မျောပါသွားခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါတယ်။

၅. ဆိုက်တွင်းမှ စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးများကို သေချာစနစ်တကျ စွန့်ပစ်ခြင်း။

 

အသံ ညစ်ညမ်းခြင်းအန္တရာယ်ကို လျော့ချနိုင်ဖို့

၁. အသံထွက်နည်းသော စက်ပစ္စည်းများကိုသုံးခြင်း - ဆူညံသံနည်းစေဖို့ အထူးထုတ်လုပ် ထားတဲ့ ခေတ်မီ ဆောက်လုပ်ရေးသုံးစက်ပစ္စည်းနဲ့ ယန္တရားများကို အသုံးပြုသင့်ပါတယ်။

၂. နေထိုင်သူများရဲ့ အလုပ်ချိန်ကို ထည့်သွင်းစဥ်းစားခြင်း - နေထိုင်သူများ အနားယူနေချိန် များထက် အလုပ်သွားနေချိန်ကို ဦးစားပေးရွေးပြီး လုပ်ငန်းကို လုပ်ကိုင်သင့်ပါတယ်။ (ဥပမာ မနက် ၈ နာရီမှ ညနေ ၅ နာရီ) ဆောက်လုပ်ရေးပရောဂျက်ရဲ့ယန္တရားကြီးများ လည်ပတ် လုပ်ကိုင်မယ့်အချိန်ကိုလည်း အနီးနားနေထိုင်သူများကို ကြိုတင်အကြောင်းကြားထားနိုင်ပါ တယ်။

၃. အသံကို တားပေးနိုင်တဲ့ ပစ္စည်းများကိုအသုံးပြုခြင်း -အသံကို လုံအောင်တားဆီးပေး နိုင်တဲ့ အသံထိန်း ပစ္စည်းများကို  သုံးပြုခြင်းဖြင့် လုပ်ငန်းခွင် ဆူညံခြင်းကို အထိုက် အလျောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၄. စက်ပစ္စည်းယန္တရားများကို စနစ်တကျအသုံးပြုခြင်း - ဆူညံမှုကိုဖြစ်စေတဲ့ စက်ယန္တရား များကို စနစ်တကျ အသုံးပြုသင့်ပြီး အသုံးမလိုတဲ့ အချိန်များမှာ ရပ်နားထားသင့်ပါတယ်။

၅. PPE များ အသုံးပြုခြင်း - အလွန်အမင်း ဆူညံတဲ့အသံများကို ခံစားရသောနေရာများတွင် အလုပ်လုပ်ရတဲ့ အလုပ်သမားများ အကြား အာရုံထိခိုက်ခြင်းမှ ကာကွယ်နိုင်ဖို့ သင့်တော်တဲ့ ကာကွယ်ရေးပစ္စည်းများကို အသုံးပြုသင့်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းများဟာ ၎င်းတို့မှဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကန့်သတ် ထိန်းသိမ်းဖို့ စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိပါတယ်။ ထိန်းသိမ်းဖို့ အရိုးရှင်းဆုံးသော နည်းလမ်းတစ်ခုမှာ မိမိတို့လုပ်ကိုင်နေတဲ့ လုပ်ငန်းအဆင့်တစ်ခုခြင်းစီတိုင်းမှ ပတ်ဝန်းကျင် ထိခိုက်မှုကိုဖြစ်စေတဲ့ ကိစ္စရပ်တိုင်းအပေါ် အမြဲတမ်းသတိပြုနေခြင်းဖြစ်ပါတယ်။ သင်က လုပ်ငန်းခွင်အတွင်းမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ဖြစ်စေ လက်တွေ့အကောင် အထည်ဖော်လုပ်ကိုင်နေတဲ့ အလုပ်သမားဖြစ်စေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင် တဲ့ နည်းစနစ်များကို မဖြစ်မနေ ကျင့်သုံးလိုက်နာရမှာ ဖြစ်ပါတယ်။ ထို့အတူ မိမိနဲ့  ဆက်စပ်လုပ်ကိုင်သူနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သက်ဆိုင်တဲ့ အသိပညာများကိုလက်ဆင့်ကမ်းပေးသင့်ပါတယ်။  ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်းက တစ်ဦးတစ်ယောက်တည်းရဲ့ အင်အားဖြင့် အကောင်အထည် ဖော်ခြင်း ထက် လူတိုင်းလူတိုင်း ပါဝင်ပေးမှသာ ထိရောက်မယ့်အရာတစ်ခု ဖြစ်ပါတယ်။

Kristin Guzder မှ ၂၀၁၉ ခုနှစ်တွင် ရေးသားခဲ့သော “Pollution from Construction: What Are the Types & How Can We Prevent It?” ဆောင်းပါးကို ဘာသာပြန်ဆိုထား ခြင်းဖြစ်သည်။

Photo: magicbricks

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University