'' 2023 ခုနှစ် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးအတွက် ခန့်မှန်းချက် 5 ခု ''

ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေရေးနယ်ပယ်ဟာ ဈေးကွက်ရှာဖွေရေးနည်းလမ်းများ၊ စားသုံးသူအပြောင်း အရွှေ့များနဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုများကြောင့် အဆက်မပြတ် မွမ်းမံမှုများနဲ့အတူ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ အဲ့ဒီလို လျင်မြန်စွာပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေးရေးကို လေ့လာတဲ့အခါ အောက်ပါကဏ္ဍငါးခုကို 2023 ခုနှစ်မှာ တွေ့နိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဉာဏ်ရည်တုနဲ့ အလိုအလျောက် လုပ်ဆောင်မှုစနစ်များ (Artificial Intelligence) ရဲ့ အခန်းကဏ္ဍများ တိုးတတ်လာခြင်းဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ဈေးကွက်ရှာဖွေရေး လုပ်ဆောင်နေတဲ့ လုပ်ငန်းများကိုလည်း အထောက်အကူ ပြုစေပါတယ်။ ဒီခေတ်ရေစီးကြောင်းများက ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေး လုပ်ဆောင်ရာမှာ အနာဂတ်ကို ပုံဖော်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

၁။ ဈေးကွက်ရှာဖွေသူများက ပိုမိုဆန်းသစ်တဲ့နည်းလမ်းများ (Artificial Intelligence နဲ့ Automation) ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဉာဏ်ရည်တု (Artificial Intelligence) နဲ့ အလိုအလျောက်စနစ် (Automation) တို့ဟာ ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေရေး လောကမှာ ကြီးမားတဲ့သက်ရောက်မှု ရှိနေပြီဖြစ်ပါတယ်။ ၎င်းတို့ဟာ လုပ်ငန်းများရဲ့ အချိန်နဲ့ တခြား အရင်းအနှီးများကို သက်သာစေပါတယ်။ ဥပမာ- chatbots နဲ့ အလိုအလျောက်ပို့တဲ့ အီးမေးလ်ကမ်ပိန်းများ ကဲ့သို့ ကိရိယာများမှတစ်ဆင့် ပေးပို့ခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ အချိန်နဲ့ အရင်းအမြစ်များကို သက်သာစေပါတယ်။ အဲ့လို အလိုအလျောက်စနစ်များ အသုံးပြုခြင်းက လုပ်ငန်းများရဲ့ဈေးကွက် ပစ်မှတ်ထားခြင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ဝယ်သူများနဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း စတဲ့ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ဖို့ ကူညီပေးနေပါတယ်။ ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေး လုပ်ဆောင်ရာမှာလည်း ဝယ်သူများရဲ့ စိတ်ဝင်စားမှု၊ အပြုအမူနဲ့ နှစ်သက်မှုများ စတာတွေကို နားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဉာဏ်ရည်တု (Artificial Intelligence) နဲ့ အလိုအလျောက်စနစ် (Automation) မှ ရယူထားတဲ့ အချက်အလက်များကို အခြေခံပြီး ဝယ်သူများနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ထောက်ပံ့ပေးပါတယ်။AI နဲ့ automation တို့ဟာ ပိုမိုအဆင့်မြင့်လာပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလာတာနဲ့အမျှ ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးမှာ ဒီနည်းပညာများကို အသုံးပြုပြီး ပိုမိုဆန်းသစ်ခေတ်မီတဲ့ လုပ်ဆောင်ချက် များကို မြင်တွေ့လာနိုင်တယ်လို့ မျှော်လင့်နိုင်ပါတယ်။ ယခုခေတ်ဟာ ဝယ်သူများရဲ့ အာရုံစူးစိုက်မှုကို အလွန်တန်ဖိုးထားတဲ့အတွက် လုပ်ငန်းရဲ့ကြော်ငြာများကို ဝယ်သူများ အာရုံစိုက်မှုရှိ၊ မရှိကို တိုင်းတာတဲ့ AI ကိရိယာများကို အသုံးပြုကာ စီမံခန့်ခွဲမှုများ လုပ်ဆောင်လာကြပါတယ်။ အဲ့ဒီ AI ကိရိယာများကို အသုံးပြုကာ ဝယ်သူများရဲ့ အာရုံစိုက်မှုကိုလည်း ရယူဖို့ ကြိုးစားလာကြတယ်။

၂။ ကြော်ငြာများ ပြန်လည်ဆန်းသစ်လာမယ်။

လုပ်ငန်းများအနေနဲ့ သူတို့ရဲ့ထုတ်ကုန်များ ဈေးကွက်ထဲ အချိန်တစ်ခုအကြာမှာ အရောင်းများ ကျဆင်းလာခြင်းက စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့လာရပါတယ်။ ဒါ့ကြောင့် ဈေးကွက်ရှာဖွေသူများက ယခုနှစ်မှာ သူတို့ရဲ့ ဗျူဟာများကို ဘယ်လိုပြန်လည်ပုံဖော်ရမယ်ဆိုတာကို ပိုမိုစဉ်းစားလာကြောင်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းအများစုက အသုံးပြုသူရဲ့ ရှာဖွေမှုမှတ်တမ်းများနဲ့ ကြည့်ရှုတဲ့ လူဦးရေအပေါ်အခြေခံကာ ကြော်ငြာ များကို web စာမျက်နှာ (ဒါမှမဟုတ်) App ပေါ်မှာ ပြသလာကြပါတယ်။ ဥပမာ- ခရီးသွားအေဂျင်စီတစ်ခုအတွက် ကြော်ငြာတစ်ခုပြသရာမှာ အဲ့ဒီခရီးသွားလုပ်ငန်းမှပေးတဲ့ ဝန်ဆောင်မှုတွေကို တိုက်ရိုက်ဖော်ပြခြင်းထက် ခရီးသွားတဲ့ ဘလော့ဂ်တစ်ခုထဲမှာ ထိုဝန်ဆောင်မှုများ မြင်သာအောင် ပြသပြီး ကြော်ငြာခြင်းက ပိုမိုထိရောက်မှု ရှိနိုင်ပါတယ်။ အဲ့လို ချဉ်းကပ်မှုက မှန်ကန်တဲ့ အသုံးပြုသူထံ ရောက်နိုင်မှာ ဖြစ်ပါတယ်။

၃။ ဈေးကွက်ရှာဖွေသူများက Visual Search နည်းပညာများကို အသုံးပြုမှာ ဖြစ်ပါတယ်။

Visual search က ခေတ်မီတဲ့ နည်းပညာအဖြစ် ဈေးကွက်ရှာဖွေသူများကြားမှာ ခေတ်စားလာပါတယ်။ ၎င်းဟာ ပိုမိုအဆင့်မြင့်လာပြီး ဈေးကွက်ရှာဖွေသူများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလာကြပါတယ်။ Visual Search ဟာ အသုံးပြုသူများအား စာသားထက် ရုပ်ပုံများကို အသုံးပြုပြီး ထုတ်ကုန်များကို ရှာဖွေနိုင်စေပါသည်။ တယ်။ ၎င်းက စကားလုံးများနဲ့ ဖော်ပြရခက်ခဲတဲ့ ထုတ်ကုန်များအတွက် ဒါမှမဟုတ် ထုတ်ကုန်က ဘာလဲဆိုတာ မသိတဲ့ အသုံးပြုသူများအတွက် အထူးအသုံးဝင်ပါတယ်။ ဥပမာအနေနဲ့ ပရိဘောဂ အရောင်းဆိုင်ဟာ ထုတ်ကုန်များကို ပုံဖော်ပြသထားခြင်းမရှိပါက အသုံးပြုများက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အသုံးပြုသူ တစ်ဦးအနေနဲ့လည်း ပရိဘောဂ ရှာဖွေမယ်ဆိုပါက ရုပ်ပုံထည့်သွင်းဖော်ပြထားတဲ့ လုပ်ငန်းကိုပိုပြီး အာရုံစိုက်မှာ ဖြစ်ပါတယ်။ ဈေးကွက်ရှာဖွေသူများဟာ သူတို့ရဲ့ဝက်ဘ်ဆိုက်များရှိ ထုတ်ကုန်များ မှန်ကန်စွာ လမ်းညွှန်ထားကြောင်း သေချာစေဖို့ အမှတ်တံဆိပ်များကို ထုတ်ကုန်များအပေါ်မှာ မတူညီတဲ့ ရှုထောင့်များမှ ထည့်သွင်းဖို့၊ ရုပ်ပုံစာသားအရည်အသွေးများ ကောင်းမွန်စေဖို့နဲ့ သရုပ်ဖော်အချက်အလက်များ မြင်သာစေဖို့ လုပ်ဆောင်လာကြပါတယ်။

၄။ ဈေးကွက်ရှာဖွေသူများဟာ ထုတ်ကုန်များကို influencers များနဲ့ ချိတ်ဆက်ကာ ကြော်ငြာမှုများ ပြုလုပ်လာမှာ ဖြစ်ပါတယ်။

Social media ပေါ်မှာ သြဇာလွှမ်းမိုးမှုရှိသူများ (Influencers) က ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှု များရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ လုပ်ငန်းများဟာ သူတို့နဲ့ ရေရှည်လက်တွဲ အလုပ်လုပ်ဖို့ ကြိုးစားလာကြပြီး ထုတ်ကုန်များကို အသုံးပြုသူများ ပိုမိုမှတ်မိစေဖို့နဲ့ ယုံကြည်မှုရှိစေဖို့ လုပ်ဆောင် လာကြပါတယ်။ ယနေ့ခေတ်မှာ လုပ်ငန်းထုတ်ကုန် အမှတ်တံဆိပ်အများစုဟာ influencers များနဲ့ ချိတ်ဆက်ကာ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်တဲ့ တင်ဆက်မှုများ လုပ်ဆောင်လာကြပါတယ်။ ဥပမာ- ခရီးသွား လုပ်ငန်းဟာ မိမိလုပ်ငန်းအကြောင်းနဲ့ လုပ်ငန်းမှပေးတဲ့ ဝန်ဆောင်မှုများအကြောင်းကို အသုံးပြုသူများ ပိုမိုသိစေဖို့ influencer နဲ့ ချိတ်ဆက်ပြီး travel vlog များရိုက်ကူးကာ ကြော်ငြာမှုများ လုပ်ဆောင် လာကြပါတယ်။

၅။ ဈေးကွက်ရှာဖွေသူများဟာ ပေါင်းစည်းထားတဲ့ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာများကို ပိုပြီး အသုံးပြုလာမှာ ဖြစ်ပါတယ်။

ယခင်က ဈေးကွက်ရှာဖွေသူများက အီးမေးလ်နဲ့ ဈေးကွက်ရှာဖွေခြင်း၊ ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး ဈေးကွက်ရှာဖွေခြင်းနဲ့ အခကြေးငွေပေးပြီး ကြော်ငြာခြင်း စတဲ့ ကွဲပြားတဲ့ နည်းဗျူဟာများကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ဈေးကွက်ကို ချဉ်းကပ်ခဲ့ကြပါတယ်။ ယခုနောက်ပိုင်းမှာ ပေါင်းစည်းထားတဲ့ ဈေးကွက် ရှာဖွေရေးဗျူဟာများ အသုံးပြုတဲ့ ဈေးကွက်ရှာဖွေသူများကို ပိုမိုတွေ့မြင်နိုင်ပါလိမ့်မယ်။ အဲ့လို နည်းဗျူဟာတွေကို ပေါင်းစပ်အသုံးပြုခြင်းက အသုံးပြုသူများထံ ကြော်ငြာရောက်ရှိမှုနှုန်းများပြီး လုပ်ငန်းထု တ်ကုန်အမှတ်တံဆိပ်နဲ့ ပိုပြီးရင်းနှီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်ရှာဖွေသူများက ပေါင်းစည်းအသုံးပြုမယ့် နည်းဗျူဟာများကို စဉ်းစားတဲ့အခါ အသုံးပြုသူများထံ အမှန်တကယ် ရောက်ရှိနိုင်တဲ့ နည်းဗျူဟာ ဟုတ်၊မဟုတ်ကို သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ဈေးကွက်ရှာဖွေသူများအနေနဲ့ ပေါင်းစည်းထားတဲ့ နည်းဗျူဟာများကို အသုံးပြုကာ ဝယ်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာကြတာကို တွေ့မြင်နိုင်ပါတယ်။

Michael Eslamboli ရဲ့ 5 Predictions for Digital Marketing in 2023 ကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုကိုးကား ရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B.ComM.Com, (MEUE), Meiktila University of Economics