'' ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို စဉ်ဆက်မပျက် ဘယ်လိုဖော်ဆောင်သင့်သလဲ? ''

လုပ်ငန်းပိုင်ရှင်များအတွက် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ခြင်းက ကုမ္ပဏီအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သို့ပေမဲ့ သင့်ဝန်ထမ်းများအတွက် လက်တွေ့ကျတဲ့ ပန်းတိုင်ချမှတ်ခြင်းက အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ် ဆိုတာ ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စိန်ခေါ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းများဟာ ရည်ရွယ်ထားတဲ့ ပန်းတိုင်များကိုရောက်ရှိဖို့ ခက်ခဲတဲ့အခါ ဒါဟာ မျှော်လင့်ချက်တွေကိုလျှော့ချဖို့ ဒါမှမဟုတ် အဲ့ဒါတွေကို စွန့်လွှတ်ဖို့ သွေးဆောင်နေပါလိမ့်မယ်။ သို့ပေမဲ့ ဒါဟာ အကောင်းဆုံးလုပ်ဆောင်မှုလမ်းကြောင်း မဟုတ်ပါဘူး။စီးပွားရေးစိန်ခေါ်မှုများ ဒါမှမဟုတ် တခြားအခြေအနေများ ဘယ်လိုပဲခက်ခဲပါစေ သင့်ကုမ္ပဏီရဲ့ ရည်မှန်းချက် များအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ်ကို ထိန်းသိမ်းခြင်းက ရေတိုနဲ့ ရေရှည်မှာ အကျိုးရှိနိုင်ပါတယ်။ ဝန်ထမ်းများရဲ့ စိတ်ဓာတ်နဲ့ ကုမ္ပဏီအပေါ် အကျိုးသက်ရောက်မှုကိုသိရှိပါက ဝန်ထမ်းများကြုံတွေ့နေရတဲ့ ဖိအားကို တွန်းလှန်နိုင်ပါတယ်။ ဝန်ထမ်းတွေရဲ့ဖိအားကို လျှော့ချပြီး တစ်ဆင့်နိမ့်တဲ့ ပန်းတိုင်တွေကို ချမှတ်ထား သင့်သလား၊ ဒါမှမဟုတ် ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေမလား၊ သင့်ရဲ့ မူလရည်ရွယ်ချက်နဲ့ ကုမ္ပဏီရဲ့အမြင်ကို ထိန်းသိမ်းထားသင့်သလား၊ စီးပွားရေး ဒါမှမဟုတ် တခြားအခြေအနေများ ဘယ်လိုပဲ စိန်ခေါ်မှုရှိနေပါစေ သင့်ကုမ္ပဏီရဲ့ ရည်မှန်းချက်များနဲ့ မျှော်မှန်းချက်များကို ဆုပ်ကိုင်ထားဖို့ ဘယ်လောက် အရေးကြီးကြောင်းကို လေ့လာကြည့်ကြပါစို့။

'' ကုမ္ပဏီရဲ့ ပန်းတိုင်တွေကို အာရုံစိုက်ပါ။ ''

ရည်မှန်းချက်ပန်းတိုင်တစ်ခု အဆင်ပြေဖို့အတွက် သင်ချဉ်းကပ်တဲ့နည်းလမ်းဟာ သင့်ဝန်ထမ်းများအတွက် စိတ်ဓာတ်နဲ့ ကုန်ထုတ်စွမ်းအားအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပြီး ၎င်းတို့အား ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ဒီပန်းတိုင်တွေကို မအောင်မြင်နိုင်ဘူးလို့ ထင်ရတဲ့အခါ သင်ဘယ်လိုကိုင်တွယ်မလဲ၊ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ပန်းတိုင်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ အဖြေရှာဖို့ ပြေးလွှားနေမယ့်အစား လက်ထဲမှာရှိတဲ့ စိန်ခေါ်မှုတွေရဲ့ ကဏ္ဍပေါင်းစုံအတွက် ကိုယ့်ကိုယ်ကိုယ် သင်ယူဖို့ အချိန်ယူသင့်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းက သင့်ရဲ့ အသိပညာအခြေခံကို တိုးမြှင့်စေပြီး ဘယ်အခြေအနေမဆို တန်ဖိုးမဖြတ်နိုင်တဲ့ အရာများကို ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။

'' မူလ ရည်ရွယ်ချက်ကို ပြန်စဉ်းစားပါ။ ''

ခက်ခဲတဲ့အချိန်တွေမှာ ဘာကြောင့် ပန်းတိုင်ကို အရင်ချမှတ်ခဲ့တာလဲဆိုတာကို ပြန်သုံးသပ်သင့်ပါတယ်။ သင်သတ်မှတ်ခဲ့တဲ့ ပန်းတိုင်များထက် ရိုးရှင်းစွာ အောင်မြင်ဖို့ လိုအပ်တာတွေကို သင်နားလည်နိုင်ပေမယ့်လည်း ရေရှည်တည်မြဲပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို တည်ဆောက်ဖို့ အချိန်လိုအပ်ပါတယ်။ လုပ်ငန်းစဉ် တစ်လျှောက် အဆင်မပြေမှုနဲ့ ကျရှုံးမှုများကို ကြည့်ရှုဖို့ အရေးကြီးပါတယ်။ သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့တဲ့ အမှားများကို အသိအမှတ်ပြုခြင်းနဲ့ သူတို့ထံမှ သင်ယူခြင်းက အနာဂါတ်စိန်ခေါ်မှုကာလများအတွင်း ပိုမို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

'' ပန်းတိုင်ကိုရောက်ရှိနိုင်ပေမယ့် စိန်ခေါ်မှုရှိတယ်ဆိုတာ သေချာပါစေ။ ''

စိန်ခေါ်မှုရှိတဲ့ ပန်းတိုင်များချမှတ်ခြင်းက အလုပ်ရှင်နဲ့ အလုပ်သမားများအတွက် အကျိုးကျေးဇူး များစွာ ရှိပါတယ်။ ဝန်ထမ်းများ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ကြိုးပမ်းရာမှာ ကျွမ်းကျင်မှုအသစ်များ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီပေးနိုင်ပြီး အနာဂတ်မှာ အလားတူအလုပ်များကို လုပ်ဆောင်တဲ့အခါ သူတို့ကို ပိုမိုအကျိုး ဖြစ်ထွန်းစေနိုင်ပါတယ်။ ဒါဟာ အလုပ်ရှင်များအား သူတို့ရဲ့ဝန်ထမ်းများဟာ မတူညီတဲ့ ပရောဂျက်များကို ဘယ်လောက်ကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း တိုင်းတာနိုင်စေပြီး သူတို့ရဲ့ လုပ်သားအင်အားများအတွက် တိုးတက်မှုရှိစေပြီး ထိုးထွင်းမြင်နိုင်တဲ့ အမြင်များကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ရည်မှန်းချက်ကြီးပြီး အောင်မြင်နိုင်တဲ့ ပန်းတိုင်များရှိခြင်းက ဝန်ထမ်းများကြား လှုံ့ဆော်မှုကို ဖန်တီးပေးနိုင်ပါတယ်။ ခက်ခဲတဲ့ ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်ခြင်းက အလွန်အကျိုးရှိစေပြီး စိတ်ဓာတ်မြှင့်တင်ပေးတဲ့အပြင် စိတ်ကျေနပ်မှုလည်း တိုးစေပါတယ်။

'' အဖွဲ့လိုက် အလုပ်လုပ်ပါ။ ''

စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာမှာ အလုပ်ရှင်နဲ့ ဝန်ထမ်းနှစ်ဦးစလုံးရဲ့ ဇွဲလုံ့လရှိမှု လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရည်မှန်းချက်တွေဟာ ပြီးမြောက်အောင်မြင်မှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဆိုလိုတာက အလုပ်ရှင်များဟာ သူတို့ရဲ့အဖွဲ့ကို လမ်းညွှန်မှုဆိုင်ရာ အခွင့်အလမ်းများ ပေးအပ်ခြင်း၊ ရည်မှန်းချက်များ ပြည့်မီခြင်း ဒါမှမဟုတ် ပန်းတိုင်များအတွက် ဆုလာဘ်စနစ်တွေလို မက်လုံးများ ပေးဆောင်ခြင်းက သူတို့ရဲ့ အဖွဲ့များကို ကူညီပေးနိုင်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ ဒီနည်းဗျူဟာများဟာ အသင်းအဖွဲ့ စိတ်ဓာတ်ကို မြှင့်တင်ရာမှာ ကူညီပေးနိုင်ပြီး လူတိုင်းက အဲ့ဒီပန်းတိုင်များကို ရောက်ရှိဖို့ အာရုံစူးစိုက်မှု အားကောင်း စေပါတယ်။

'' မိမိကိုယ်ကိုယ် ယုံကြည်ပါ။ ''

နောက်ဆုံးမှာတော့ ကုမ္ပဏီအမြင်နဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်ပန်းတိုင်များကို ဆုပ်ကိုင်ထားပြီး ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်။ ရရှိနိုင်တဲ့ ဒေတာအချက်အလက်များကို ထည့်သွင်းစဉ်းစားသင့်ပေမယ့်လည်း ကျွန်ုပ်တို့ အဖွဲ့ဝင် တွေထံမှ တုံ့ပြန်ချက် ဒါမှမဟုတ် လုပ်ငန်းခွဲခြမ်းစိတ်ဖြာမှု စတာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ နောက်ဆုံးမှာ လုပ်ငန်းပိုင်ရှင်နဲ့ စီအီးအိုတစ်ဦးချင်းစီအတွက် အောင်မြင်မှုဆီကို ဦးတည်သွားစေဖို့အတွက် တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ယုံကြည်နိုင်ခြင်းမှာ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။

Joan Ekobena, (CEO of Visiting Angels & Premiere Destiny, Author and Coach) ရဲ့ How to Stay Committed To Your Company's Goals ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါတယ်။

U Ah Zer Zar Zar

DBL.LLB.BARS

MBA ( Assumption University, Thailand)