'' Uniqlo အမှတ်တံဆိပ်ရဲ့ အောင်မြင်မှုသမိုင်းကြောင်း တစ်စိတ်တစ်ပိုင်း ''

Uniqlo အမှတ်တံဆိပ်ကတော့ ဂျပန်နိုင်ငံက ကုန်အမှတ်တံဆိပ်တွေထဲမှာ အကြီးဆုံး လက်လီလုပ်ငန်း တစ်ခုဖြစ်ပြီးတော့ စစချင်းအချိန်မှာ ဂျပန်နိုင်ငံကသူတွေတောင်မသိကြတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပေမယ့် ယနေ့အချိန်မှာဆိုရင် တစ်ကမ္ဘာလုံးက သိကြတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။သူ့အနေနဲ့ ဘယ်လိုပစ္စည်းမျိုးကို ရောင်းတာလဲဆိုရင်တော့ နေ့စဉ် သက်သောင့်သက်သာ ဝတ်ဆင်လို့ရပြီး ဖက်ရှင်ကျတဲ့ ပေါ့ပါးတဲ့အဝတ်အစားတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချတာ ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ တာတရှိ ရနိုင်(အိ) (Tadashi Yanai) က တည်ထောင်ခဲ့တာဖြစ်ပြီး Fast Retailing Co., Ltd အောက်မှာ လုပ်ကိုင်ခဲ့ကာ ယခုဆိုရင် Zara Brand ပိုင်တဲ့ Inditex နဲ့ H&M ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး အဝတ်အထည် လက်လီလုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်လောက်က Uniqlo ရဲ့ ပထမဆိုင်လို့ ပြောလို့ရမယ့် ဆိုင်လေးကို ငှားခသက်သာတဲ့ ဆင်ခြေဖုံးဒေသမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Uniqlo က ရောင်းချတဲ့ အဝတ်အထည်တွေရဲ့စျေးက အမေရိကန် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ GAP ရဲ့ စျေးနှုန်းထက် တစ်ဝက်နီးပါးသက်သာ နေတဲ့အတွက် လူတိုင်းဝယ်ယူနိုင်တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဈေးသက်သာတဲ့အပြင် ဒီဇိုင်းကို ကောင်းကောင်းလုပ်ထားပြီး ကောင်းမွန်တဲ့ ချုပ်ရိုးချုပ်သား အရည်အသွေးတွေကြောင့် သူ့ရဲ့ ရောင်စုံ သားမွေးဂျက်ကတ်တွေ၊ တီရှပ်နဲ့ တခြားအဝတ်အထည်တွေက ရောင်းမလောက်အောင်ထိ ဖြစ်ခဲ့ပါတယ်။

လက်လီအရောင်းဆိုင်အများစု စီးပွားရေး ကျဆင်းမှုကပ်နဲ့ ကြာရှည်စွာ ရင်ဆိုင်နေရချိန်မှာတောင် Uniqlo အနေနဲ့ မှန်ကန်တဲ့ niche segment ကို ရွေးချယ်ထားတဲ့အတွက် ကောင်းစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ဆိုင်ခွဲအသစ်ပေါင်း (၂၀၀) ကျော်ကို ဖွင့်လှစ် နိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ဂျပန်နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၆၀၀) နီးပါးဖွင့်လှစ်ခဲ့ကာ နိုင်ငံရဲ့ ထိပ်တန်း ဖက်ရှင်လက်လီလုပ်ငန်းကြီး ဖြစ်လာခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေတာတောင် Uniqlo ရဲ့ ဈေးနှုန်းသက်သာမှုတွေကြောင့် အောင်မြင်မှုရရှိခဲ့ပါတယ်။

'' Uniqlo နောက်ကြောင်း ''

Uniqlo စတင်ဖြစ်ပေါ်လာပုံကို လေ့လာကြည့်မယ်ဆိုရင် တာတရှိ ရနိုင်(အိ) (Tadashi Yanai) က ၁၉၇၁ ခုနှစ်မှာ ဝါဆဲဒ တက္ကသိုလ်ကနေ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး စူပါမားကတ်ကြီး တစ်ခုမှာ အလုပ်လုပ်နေရာကနေ ဥဘေ (Ube) မှာရှိတဲ့ သူ့အဖေရဲ့ အမျိုးသား အနောက်တိုင်း ဝတ်စုံဆိုင် လေးကို စီမံအုပ်ချုပ်ဖို့ ပြန်လာခဲ့ပါတယ်။ သူ့အဖေဆိုင်ကို ဦးစီးဖို့ဆိုတာ သူ့ရဲ့ အိပ်မက် မဟုတ်ပေမယ့် ရနိုင်(အိ) က စိတ်ဝင်တစား၊ ဇွဲရှိရှိနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၀ မှာတော့ သူက သက်သောင့်သက်သာ ဝတ်ဆင်နိုင်မယ့် အဝတ်အထည်မျိုးကိုသာ ရောင်းချတော့မယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဟီရိုရှီးမားကို ပြောင်းရွှေ့ခဲ့ကာ ၁၉၈၄ ခုနှစ်မှာ Uniqlo (သို့) Unique Clothing ရဲ့ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

'' တာတရှိ ရနိုင်(အိ) (Tadashi Yanai) ရဲ့ မဟာဗျူဟာများ ''

သူ့အနေနဲ့ ဆိုင်ပေါင်းများစွာကို အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့တာရဲ့ နောက်ကွယ်က မဟာဗျူဟာတွေ ကတော့ overheads ကုန်ကျစရိတ်တွေကို အနည်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်၊ ငှားခသက်သာတဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဆိုင်တွေကို စဖွင့်ခဲ့တယ်၊ လက်ကမ်းစာစောင်တွေကို လိုက်ဝေခဲ့တာတွေပဲ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဟောင်ကောင်က supplier တွေဆီကို သွားရင်း ရနိုင်အိ က အကြံ တစ်ခုရခဲ့တယ်။ အဲ့ဒါကတော့ ကိုယ်ပိုင် အမှတ်တံဆိပ်ဒီဇိုင်းလုပ်ပြီး in house အဖွဲ့တွေနဲ့ ထုတ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူ့ဆိုင်မှာရောင်းနေတဲ့ တခြားအမှတ်တံဆိပ်တွေကို ဖြုတ်ချလိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်လုပ်မှုပိုင်းကိုသာ အာရုံစိုက်ကာ နေ့စဉ်တွဲစပ် ဝတ်ဆင်နိုင်မယ့် အခြေခံအဝတ်အထည်တွေကို စတင်လိုက်ပါတော့တယ်။

ဆိုင်ခွဲပေါင်းများစွာနဲ့ တိုးပွားလာတဲ့အချိန်မှာတော့ ရနိုင်(အိ) အနေနဲ့ ကုမ္ပဏီရဲ့ တိုးတက်ရေးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ကုန်စည်ထုတ်လုပ်မှု လမ်းကြောင်းကို ကိုယ်တိုင်ဖန်တီးနိုင်မှ လျင်မြန်စွာ တိုးချဲ့နိုင်မယ်လို့ စဉ်းစားခဲ့ပါတယ်။ သူ့အနေနဲ့ တစ်ဆင့်ခံဖြစ်တဲ့ ကျောထောက်နောက်ခံ ဂျပန်အဝယ်တော်တွေနဲ့ လက်တွဲဖြုတ်ခဲ့ပြီး တရုတ်နိုင်ငံက စက်ရုံတွေနဲ့ကိုယ်တိုင်ချိတ်ဆက်ကာ သူလိုချင်တဲ့ သတ်မှတ်ချက်တွေအတိုင်း ပိတ်စများကို မှာယူအသုံးပြုလာခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာလမှာတော့ ရနိုင် (အိ) အတွက် အရေးကြီးတဲ့အချိန်ကို ရောက်လာပါပြီ။ တိုကျိုမြို့ရဲ့ စျေးအကြီးဆုံး ခရိုင်ဖြစ်တဲ့ ဟရဂျူ့ခု မှာ လှပတဲ့ ၃ ထပ်တိုက် အဆောက်အဦတစ်ခုလုံးကို Uniqlo ဆိုင်အဖြစ် သေချာပြင်ဆင်ကာ ဖွင့်လှစ်လိုက်ပြီး နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ လက်တွဲခဲ့ကာ TV ကြော်ငြာတစ်ခုပါ ထွက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ ကြော်ငြာက အလုပ်ဖြစ်ခဲ့ပြီး ချက်ချင်းဆိုသလို Uniqlo အမှတ်တံဆိပ်က ဖက်ရှင်ကျရုံတင်မက ဈေးလည်းသက်သာတာတဲ့အတွက် လူတိုင်း လက်လှမ်းမီတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာပင် အဝတ်အထည် အမျိုးအစား စုစုပေါင်း သန်း (၃၀၀) ကို ဂျပန်နိုင်ငံအတွင်း ရောင်းချမှုရှိခဲ့ပြီး အဲ့ဒီအရေအတွက်က ဂျပန်နိုင်ငံရဲ့ လူဦးရေနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်ယောက်ကို Uniqlo အင်္ကျီပျမ်းမျှ (၃) ထည် ဝယ်ယူထားတာနဲ့ ညီမျှနေပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာပဲ Uniqlo က သူတို့ရဲ့ e-commerce ဝက်ဘ်ဆိုဒ်ကို စတင်ခဲ့ပြီး (၂) လအတွင်းမှာပဲ ဂျပန်နိုင်ငံမှာ အသုံးပြုသူအများဆုံး တတိယဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

တရုတ်ပြည်မှာ သူတို့ရဲ့ စက်ရုံပေါင်း ၁၂ ခုခန့်ရှိပြီး Uniqlo အနေနဲ့ စီးပွားရေးအတိုင်းအတာ အမြင့်ဆုံးအထိ ရရှိအောင် သူတို့ရဲ့ ပိတ်စအမျိုးအစားကို အမျိုးအစားကွဲ အမျိုး (၂၀) အထိသာ ကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ရနိုင် (အိ) က ရိုးရှင်းတဲ့ စီမံခန့်ခွဲမှုပုံစံကိုလည်း ပိုမိုယုံကြည် ပြီးတော့ သူ့ဝန်ထမ်းတွေထဲမှာ “Super Star” မန်နေဂျာတွေကို ရွေးချယ်ခန့်ထားတာမျိုးလည်း ပြုလုပ်ထားပါတယ်။ “Super Star” မန်နေဂျာဆိုတာကတော့ သူတို့တာဝန်ယူထားတဲ့ Uniqlo store တစ်ခုစီတိုင်းကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီးတော့ သာမန်မန်နေဂျာတွေထက် လစာ လည်း (၄) ဆ ပိုမိုရရှိမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအတွင်း အောင်မြင်မှုတွေ ရရှိနေချိန်မှာ ရနိုင် (အိ) က နိုင်ငံတကာဈေးကွက်ကို သွားဖို့အတွက် ဆုံးဖြတ်လိုက်ပြီး အင်္ဂလန် (UK) နိုင်ငံကို စတင်ဈေးကွက်ချဲ့ထွင်ခဲ့ပါတယ်။ နာမည်ကျော်ကြားတဲ့ Life Style ဂုရုကြီးဖြစ်တဲ့ Sir Terence Conran ကို သူ့ဆိုင်ရဲ့ ဒီဇိုင်းကိုဆွဲဖို့ ငှားရမ်းခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ အထင်ကရ ကုန်တိုက်တစ်ခုဖြစ်တဲ့ Harrods ကုန်တိုက် အနီးမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်က မီဒီယာတွေအနေနဲ့လည်း Uniqlo ရဲ့ ဂျပန်နိုင်ငံမှာ အောင်မြင်ခဲ့တာတွေကို သတိထားမိနေပြီးတော့ ဒီကုန်အမှတ်တံဆိပ်ကြောင့် Marks & Spencer လိုမျိုး အင်္ဂလန်နိုင်ငံရဲ့ အဝတ်အထည်လက်လီလုပ်ငန်းတွေအတွက် အကြီးမားဆုံး အခက်အခဲတွေ ဖြစ်ပေါ်တော့မယ်လို့ ခန့်မှန်းပြောဆိုနေတာ တွေလည်း ရှိခဲ့ပါတယ်။

Uniqlo က အင်္ဂလန်နိုင်ငံအတွင်းမှာ ၂၀၀၄ ခုနှစ်အပြီး ဆိုင်ခွဲပေါင်း (၅၀) ဖွင့်လှစ်မယ်ဆိုပြီး မဟာဗျူဟာ ချမှတ်ထားကာ ဆိုင်ခွဲပေါင်း (၂၁) ဆိုင်ကို မတူညီတဲ့ နေရာတွေမှာ အလျင်အမြန် ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနည်းလမ်းက မအောင်မြင်ခဲ့ဘဲ ငွေကြေးများဆုံးရှုံးခဲ့ရပါတယ်။ မတ်လ ၂၀၀၃ ခုနှစ်မှာတော့ Uniqlo က ဆိုင်ခွဲ (၁၆) ဆိုင်ကို ပြန်လည်ပိတ်ခဲ့ရပြီး လန်ဒန်မြို့ဧရိယာအနီးမှာ ဆိုင် (၅) ဆိုင်သာ ဆက်လက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲ့လိုဆိုင်တွေပိတ်ခဲ့ရတာက ကြီးမားတဲ့ ကျရှုံးမှုတစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ Uniqlo ရဲ့ Sales တွေကလည်း ၄၃ ရာခိုင်နှုန်းခန့် လတိုင်းနီးပါး ကျဆင်းခဲ့ပါတယ်။ အမျိုးအစားတူတဲ့ အထည်တွေနဲ့ ဂျပန်နိုင်ငံရဲ့ ဈေးကွက်အတွင်းမှာ ပြည့်နေပြီဖြစ်တဲ့အတွက် ဈေးကွက် ကလည်း တန့်နေတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်အတွင်း Uniqlo က ၈.၅ သန်း ဖလိဂျက်ကတ်တွေ ရောင်းချခဲ့ရတဲ့အတွက် လမ်းသွားရင်းနဲ့တောင် အင်္ကျီဆင်တူနဲ့ လူ အယောက် (၅၀) လောက် တွေ့နိုင်တယ်လို့ တင်စားပြောဆိုခဲ့ကြပါတယ်။

Uniqlo က ဖက်ရှင်ပြောင်းလဲမှုတွေကနေ အကျိုးကျေးဇူး ရရှိခဲ့ပါတယ်။ အဲ့ဒါကလည်း ကုမ္ပဏီရဲ့ အရည်အသွေးတစ်ခုဖြစ်တဲ့ လိုက်လျောညီထွေဖြစ်အောင် တီထွင်ဆန်းသစ်နိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ၈၀ ရာခိုင်နှုန်းသော Uniqlo ရဲ့ ထုတ်ကုန်တွေက သက်သောင့် သက်သာဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ဘက်ကိုသွားပြီး contract basis နဲ့သာ ထုတ်လုပ်မှုတွေကို လုပ်ဆောင် လျက်ရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ Uniqlo ရဲ့ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့ကာ ခေတ်ရေစီးကြောင်းကိုမီစေဖို့ နာမည်ကျော်တဲ့ ဖက်ရှင်ဒီဇိုင်နာတွေကို ငှားရမ်းကာ သူရဲ့ ထုတ်ကုန် အရည်အသွေးတွေကို တိုးမြှင့်လေ့ရှိပါတယ်။ လုပ်ငန်းကြီးတစ်ခုအနေနဲ့ အမြဲတမ်း အောင်မြင်မှုရရှိနေတာမဟုတ်ဘဲ တချို့ မဟာဗျူဟာတွေကလည်း မှားယွင်းနိုင်တယ်ဆိုတာကို ဒီ Uniqlo case ကနေ ရရှိခဲ့မယ်လို့ ထင်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်တမ်းပါ အချက်အလက်တွေအရ ကမ္ဘာ့နိုင်ငံပေါင်း (၂၅) ခုမှာ Uniqlo ဆိုင်ပေါင်း 2,200 ကျော် ဖွင့်လှစ်ထားရှိပြီး သူ့ရဲ့ အကြီးမားဆုံး စျေးကွက်တွေကတော့ ဂျပန်၊ တရုတ်နဲ့ အမေရိကန် နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က တွက်ချက်ထားတဲ့ data များအရ Uniqlo ရဲ့ brand value (အမှတ်တံဆိပ် တန်ဖိုး) ဟာ ၁၂.၂ ဘီလီယံဒေါ်လာ တန်ဖိုးရှိပြီး ၉၁ ခုမြောက် ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်လို့လည်း Interbrand ရဲ့ နှစ်အလိုက် အဆင့်သတ်မှတ်ချက်ကနေပြီးတော့ လေ့လာ သိရှိရပါတယ်။

ယခုနောက်ပိုင်းမှာတော့ ရေရှည်ရပ်တည်နိုင်ရေးအကျိုးအတွက် ထည့်သွင်းစဉ်းစားကာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးအောင် လုပ်ဆောင်ခြင်း၊ ရေရှည်ပြန်လည်အသုံးပြုလို့ရမယ့် ကုန်ကြမ်းများအသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်း (recycling) အစီအစဉ်များ ပြုလုပ်တာတွေကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ Uniqlo အနေနဲ့ မတူညီတဲ့ Designer တွေ၊ အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ ဒီဇိုင်းအသစ်များကို ထုတ်လုပ်ခြင်းများ ပြုလုပ်လာခဲ့ပါတယ်။ Uniqlo ရဲ့ နာမည်ကျော်ကြားတဲ့ Heattech နည်းပညာကတော့ တီထွင်ဆန်းသစ်မှုနဲ့ ဒီဇိုင်းပိုင်းမှာ စုပေါင်းများစွာ ရရှိခဲ့ပါတယ်။ Uniqlo ကိုထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အောက်မှာ Uniqlo အပြင် GU, Theory, Helmut Lang, Comptoir des Cotonniers, and J Brand အစရှိတဲ့ မတူညီတဲ့ အမှတ်တံဆိပ်များလည်း ရှိပါတယ်။

Ref: 100 Great Business and the Minds Behind them, Emily Ross and Gngus holland

Ref: YouTube https://www.youtube.com/watch?v=pI9Nn9MYZWU

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Daw May Thet Hnin

MBA (Heriot-Watt University)