Engineering Sector တွေမှာ AI နည်းပညာကိုဘယ်လိုအသုံးချနေကြသလဲ ?

တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို အမီလိုက်နိုင်စေဖို့ ဆန်းသစ်တဲ့နည်းပညာတွေကို အရှိန်အဟုန်နဲ့ ရှာဖွေ အသုံးချလာကြပြီဖြစ်ပါတယ်။ နည်းပညာအသစ်တွေကို ရှာဖွေတွေ့ရှိလာခြင်း၊ ဖန်တီးပြီးသား နည်းပညာတွေအပေါ်မှာ အခြေပြုပြီး အဆင့်မြှင့်တင်ခြင်းတို့ကြောင့် လွယ်ကူမြန်ဆန်စေသလို အလေအလွင့်နည်းပြီး ဆန်းသစ်တဲ့ အကျိုးကျေးဇူး ကောင်းတွေကို ရရှိစေမှာဖြစ်ပါတယ်။ လူသားတွေရဲ့လုပ်ဆောင်နိုင်စွမ်းရည်နဲ့ မှတ်ဥာဏ်တွေဟာ အကန့်အသတ်နဲ့သာ ရှိပါတယ်။ ဒီလိုကန့်သတ်ချက်တွေကို အဆင့်မြှင့်တင်ပေးဖို့အတွက် Artificial Intelligence (AI) က ယနေ့ခေတ် တဟုန်ထိုး ခေတ်စားလာတဲ့ နည်းပညာတစ်ရပ် ဖြစ်ပါတယ်။ယနေ့ခေတ်မှာ AI နည်းပညာကို ပညာရေးနယ်ပယ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ၊ Automobile များ၊ ဒီဇိုင်းဖန်တီးခြင်း၊ အင်ဂျင်နီယာနဲ့သက်ဆိုင်တဲ့ နယ်ပယ်များမှာလည်း စတင်အသုံးပြုနေကြပါပြီ။ Chat GPT နဲ့ AI Generated Art အစရှိတဲ့၊ AI ကို အခြေခံထားတဲ့ နည်းပညာတွေက ပညာရေးနဲ့ ဒီဇိုင်းနယ်ပယ်တွေမှာ လတ်တလော ခေတ်စားနေတဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အံ့မခမ်းရလဒ်တွေပေးနိုင်တဲ့ AI နည်းပညာကို အင်ဂျင်နီယာနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ ဘယ်လိုပုံစံနဲ့ အသုံးချနိုင်မလဲ?

AI က အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးကဏ္ဍကို သာလွန်ကောင်းမွန်အောင် အထောက်အပံ့ကောင်းတွေ ပေးနိုင်မယ့် အလားအလာရှိနေပြီး ဒီဇိုင်း၊ ဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဥ်တွေမှာ အသုံးချလို့ရပါတယ်။

'' ဆန်းသစ်တဲ့ဒီဇိုင်းတွေဖန်တီးရာမှာ ပံ့ပိုးကူညီပေးနိုင်ခြင်း ''

လတ်တလော ခေတ်စားနေတဲ့ AI Generated Art တွေကို အသုံးပြုမယ်ဆိုရင် စိတ်ကူးထဲမှာရှိတဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးကို ပုံကြမ်းအဖြစ် ရုပ်လုံးပေါ်လာစေဖို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ AI နည်းပညာများနဲ့ ဒီဇိုင်းပညာရှင်များရဲ့ပေါင်းစပ်လုပ်ဆောင်မှုကြောင့် အနာဂတ်မှာ ဆန်းသစ်တီထွင်အားကောင်းတဲ့ ဗိသုကာဒီဇိုင်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် Al နဲ့ Building Information Modelling (BIM) ပေါင်းစပ်နိုင်မှုကြောင့် Project မှာပါဝင်သူများအတွက် ကောင်းမွန်ထိရောက်တဲ့ ရလဒ်တွေကို ရရှိစေမှာဖြစ်တယ်။ BIM က အချက်အလက်ဒေတာများစွာ သိမ်းဆည်းထားပေးနိုင်ပြီး 3D Model များ အဆောက်အအုံ အစိတ်အပိုင်းများနဲ့ ပစ္စည်းလိုအပ်ချက် စတာတွေကိုထိန်းသိမ်းပေးထားပါတယ်။ AI က ထိုဒေတာတွေကိုခွဲခြမ်းစိတ်ဖြာပြီး ဖြစ်နိုင်ချေရှိတဲ့ ဒီဇိုင်းချို့ယွင်းချက်တွေကို ဖော်ထုတ်ခြင်း၊ project timeline ကိုခန့်မှန်းခြင်း၊ အဆောက်အဦးဒီဇိုင်းနဲ့လုပ်ငန်းစဥ်တွေကို သိမြင်သုံးသပ်ပံ့ပိုးရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် AI ကိုအခြေပြုပြီး ဒီဇိုင်း Model များနဲ့ ယခင် project တွေကနေ စုဆောင်းထားတဲ့ အချက်အလက်တွေကို အသုံးပြုကာ လက်ရှိဒီဇိုင်းကို အဆင့်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ အနာဂတ်မှာ BIM, AI နဲ့ Digital Twin တို့ ပေါင်းစပ်ကာ အကျိုးရှိပြီး ကုန်ကျစရိတ်သက်သာတဲ့ Sustainable Building များ Smart Project များကို ဖန်တီးနိုင်လာမှာ ဖြစ်ပါတယ်။

'' Cost/Schedule Overrun ကို ထိန်းချုပ်ပေးနိုင်ခြင်း ''

အကြီးစားဆောက်လုပ်ရေးလုပ်ငန်းကြီးတွေမှာ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထက် ပိုပြီးကုန်ကျခြင်း၊ အချိန်အလုံ အလောက်မရရှိခြင်း၊ project နဲ့သက်ဆိုင်တဲ့ အချက်အလက်များ အကန့်အသတ်ဖြစ်နေခြင်းတို့လို အခက်အခဲတွေကို ကြုံတွေ့ရတတ်ပါတယ်။ ကုန်ကျစရိတ်ကျော်လွန်သွားခြင်းကို ရှောင်လွှဲလို့မရပေမယ့် AI ကိုအသုံးပြုကာ ယခင် project တွေမှ ကုန်ကျစရိတ် ခန့်မှန်းချက်တွေနဲ့ ရလဒ်တွေကို ရှင်းရှင်းလင်းလင်းသိမြင်စေကာ လက်တွေ့ဆန်တဲ့ ကုန်ကျစရိတ် တွက်ချက်မှုတွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

''မလိုလားအပ်တဲ့ Risk တွေကို လျှော့ချနိုင်ခြင်း ''

ဆောက်လုပ်ရေးလုပ်ငန်းတွေက Risk များတတ်တဲ့သဘောသဘာဝ ရှိပါတယ်။ အဲ့ဒီ Risk တွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ Information နဲ့ Resource တွေ အကန့်အသတ်ဖြစ်နေတဲ့ ပြဿနာနဲ့ တခြားလိုအပ်ချက်တွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ AI ဆီက တိကျတဲ့ အချက်အလက်တွေကို ရရှိထားပြီး ဖြစ်နိုင်ခြေရှိတဲ့ Risk တွေကို အချိန်တိုအတွင်း လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် AI စနစ်သုံး ကင်မရာများနဲ့ ကွန်ရက်များဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံးကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ပြီး လုပ်ငန်းဆောင်ရွက်မှုများမှ ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာများ၊ ဆုံးရှုံးနိုင်ခြေတွေကို စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်ပါတယ်။

'' Off-Site Construction မှာ ပါဝင်လာခြင်း ''

ရိုးရှင်းတဲ့အလုပ်တွေနဲ့ ထပ်ခါတလဲလဲ လုပ်ကိုင်ရတဲ့အလုပ်တွေမှာ AI နည်းပညာကို အစားထိုးလာတာကြောင့် လူသားတွေက ပိုမိုရှုပ်ထွေးပြီး စဥ်းစားဆင်ခြင်ဖို့လိုအပ်တဲ့ အလုပ်တွေမှာ ပိုပြီးအာရုံစိုက်လုပ်ကိုင်နိုင်လာတယ်။ အင်ဂျင်နီယာ နယ်ပယ်မှာလည်း အဆောက်အအုံရဲ့အစိတ်အပိုင်းတစ်ခုချင်းကို Site ပြင်ပရှိ အလုပ်ရုံတွေမှာ တသီးတသန့် ထိန်းချုပ်စရာ မလိုတဲ့ Robotic Machine များကို အသုံးပြုကာ ထုတ်လုပ်လာကြပါတယ်။ အဲ့ဒီအစိတ်အပိုင်းတွေကို Site ဆီသယ်ယူလာပြီးမှ လုပ်သားတွေက ပေါင်းစပ်တပ်ဆင်ကြပါတယ်။ သမားရိုးကျဖြစ်တဲ့ အလုပ်များ (ဥပမာ wall panel ထုတ်လုပ်တပ်ဆင်ခြင်း) တွေမှာ နည်းပညာတွေရဲ့ အကူအညီကိုသုံးပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းများ (ဥပမာ ရေလိုင်းနဲ့ လျှပ်စစ်စနစ်များ) အတွက် လူသားတွေက သီးသန့်တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။

'' ဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်လဲ? ''

နည်းပညာတွေ တိုးတက်လာတာကြောင့် လူနေမှုဘဝ လွယ်ကူအဆင်ပြေစေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာနယ်ပယ်မှာလည်း နည်းပညာနဲ့ ဆန်းသစ်တဲ့ဆော့ဖ်ဝဲလ်တွေ ထိုးဖောက် ဝင်ရောက်လာမှုကို တားဆီးနိုင်ခြင်း မရှိပါဘူး။ နောင်လာမယ့် နှစ်တွေမှာ AI က အရှိန်အဟုန်တစ်ခုနဲ့ ဆက်ပြီး တိုးတက်နေဦးမှာ ဖြစ်တယ်။ နည်းပညာတွေ တိုးတက်လာမှုရဲ့နောက်မှာ ကုန်ကျစရိတ်တစ်ခုက ပါလာမြဲပဲ ဖြစ်ပါတယ်။ AI က အချိန်အပိုင်းအခြားအလိုက် အသုံးချမယ့် နယ်ပယ်အလိုက် အဆင့်မြှင့်တင်မှုတွေ လိုအပ်နေပါတယ်။ ဒီလို အဆင်မြှင့်တင်မှု တွေအတွက် ကုန်ကျစရိတ်ကတော့ အနည်းနဲ့အများ ရှိနေဦးမှာပါပဲ။

AI က Robotic Function တွေနဲ့ လုပ်သားအင်အားကို တဖြည်းဖြည်း အစားထိုးလာခဲ့ပါပြီ။ ဒါပေမဲ့ အလုပ်အကိုင် ရှားပါးမှုပြသနာကတော့ တွေးထင်ထားသလောက် ဆိုးရွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ AI က လေ့ကျင့်ထည့်သွင်း ထားတဲ့ လုပ်ငန်းဆောင်တာတွေကိုသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါတယ်။ လူသားတွေ ကိုယ်တိုင်ဖန်တီးထားတဲ့ AI နည်းပညာကို ထိန်းချုပ်ဖို့အတွက် ကျွမ်းကျင်ပညာရှင် လိုအပ်ပါတယ်။ AI အသုံးပြုမှု တွင်ကျယ်ခေတ်စားသလောက် အဲ့ဒီနယ်ပယ်မှာ ကျွမ်းကျင်ဦးဆောင်နိုင်တဲ့လုပ်သားတွေ မဖြစ်မနေ လိုအပ်လာပါလိမ့်မယ်။ လေ့ကျင့်ထားတဲ့ နည်းပညာကျွမ်းကျင်လုပ်သားများရဲ့ တွေးတောဆင်ခြင်နိုင်မှု၊ ဆန်းသစ်ဖန်တီးနိုင်မှုများနဲ့ ပေါင်းစပ်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေဆီကို ခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။

References

Use of Artificial Intelligence (AI) in Civil Engineering (no date) Civil Engineering Portal. Kanwarjot Singh. Available at: https://www.engineeringcivil.com/use-of-artificial... (Accessed: March 24, 2023).

Gullion, S. (2020) Uses of Artificial Intelligence in Civil Engineering, Keck + Wood Collaboration by Design. Available at: https://keckwood.com/.../uses-of-artificial-intelligence.../ (Accessed: March 24, 2023).

Daw Theint Thinzar

BE (Civil-West Yangon Technological University) M.Sc (Construction Project Mgt), Heriot-Watt University