'' လွှမ်းမိုးနိုင်စွမ်းအားနဲ့ နည်းပရိယာယ် (Power) ''

ပါဝါလို့ပြောရင် အားလုံးဟာ အာဏာကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ မတူပါဘူး။ ပါဝါဆိုတာ တခြားသူများရဲ့ အပြုအမူအပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းရည်ပါ။ ဒီနေရာမှာ ပါဝါအမျိုးကွဲတွေ ရှိပါသေးတယ်။ (လာမယ့်ဆောင်းပါးများမှာ တင်ပြပါဦးမယ်)။ ပါဝါကို လူတစ်ဦးချင်း၊ အဖွဲ့များ၊ ဌာနများ၊ အဖွဲ့အစည်းများနဲ့ နိုင်ငံအဆင့်ထိပါ ကောင်းမွန်ထိရောက်စွာ အသုံးချနိုင်၊ အသုံးပြုနိုင်ပါတယ်။နောက်ပြီး လူတွေဟာလည်း နေ့စဉ် နေထိုင်မှုပုံစံမှာ တခြားသူတွေရဲ့ အပြုအမူကို လွှမ်းမိုးဖို့ အမြဲကြိုးစားနေကြပါတယ်။ ဥပမာ- လူတွေဟာ မိသားစု ဝင်များနဲ့ သူငယ်ချင်းများဆီမှ မိမိအပေါ် နှစ်သက်ဖွယ်၊ ကျေနပ်ဖွယ်ဖြစ်အောင် ပြုလုပ်ချင်ကြသလို မိမိ မနှစ်သက်တဲ့ အပြုအမူတွေကို တစ်ဖက်လူက မလုပ်လာအောင်လည်း ပြုလုပ်ချင်တတ်ကြပါတယ်။ ကျွန်တော်တို့ လုပ်ငန်းခွင်မှာလည်း ထိုနည်းတူပါပဲ။ လူအများနဲ့အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် တခြားသူအပေါ် လွှမ်းမိုးချင်၊ ဩဇာရှိချင်ကြပါတယ်။ ဒါကြောင့် ပါဝါရှိအောင် ဘယ်လိုလုပ်ရမလဲ တစ်နည်းအားဖြင့် လွှမ်းမိုးနိုင်တဲ့ စွမ်းရည် ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတချို့ပြောပြချင်ပါတယ်။

Rational persuasion: တစ်ဖက်လူကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြကာ ဆွဲဆောင်ပါ။ လူတွေဟာ တစ်ခုခုကို မလုပ်ချင်သည့်တိုင်အောင် ကိုယ့်ကို ယုတ္တိရှိရှိပြောနိုင်တဲ့အခါနဲ့ အထောက်ထားနဲ့ သင့်တင့်ကြောင်း ပြသပြောဆိုနို င်တဲ့အခါ လက်ခံတတ်ကြပါတယ်။ သင်ဟာ ဒီနည်းလမ်းကိုသုံးမယ်ဆိုရင် သင့်ရဲ့ အထက်လူကြီးကိုတောင် လွှမ်းမိုးနိုင်ပါတယ်။Inspirational appeal: အားကျအတုယူပြီး စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးပါ။ သင်ဟာ ရှေ့ကနေ အကောင်းဆုံးလုပ်ပြပါ၊ အားကျလာအောင်ထိ လုပ်ပြပါ၊ ကောင်းမွန်တဲ့ ခေါင်းဆောင်အပြုအမူတွေကို လုပ်ပြပါ၊ တစ်ဖက်လူရဲ့ အတွေးထဲမှာထိ နေရာယူနိုင်အောင် ကြိုးစားပြပါ။ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် ကိုယ်တိုင်လည်း အမြဲတက်ကြွနေစေသလို တခြားသူတွေအားလုံးကိုလည်း အမြဲတက်ကြွနေစေပါတယ်။

Consultation: ဆွေးနွေးအကြံပြု တိုင်ပင်ပါ။ လူတွေဟာ တစ်ခုခုလုပ်ဆောင်ကြတဲ့အခါ ကိုယ့်ကို ဆွေးနွေး အကြံပြုခြင်း၊ လုပ်ငန်းစဉ်မှာ ပါဝင်စေခြင်းကို နှစ်သက်ကြပါတယ်။ သင်သာ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် လူတွေဟာ သင့်ကို ယုံကြည်လာပါလိမ့်မယ်၊ သင့်အဖွဲ့ဝင်အဖြစ် (သို့) သင့်နောက်လိုက်ဖြစ်ဖို့ ဆန္ဒရှိလာ စေပါတယ်။ Ingratiation: ချီးမွမ်းမြှောက်ပင့်ပြောဆိုပါ (သို့) နှစ်လိုဖွယ်ဖြစ်အောင် ချီးကျူးစကားဆိုပါ။ သင်ဟာ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် လူတွေက သင့်ကို နှစ်သက်လာပါလိမ့်မယ်။ (သူဟာ ငါနဲ့ရင်ဘတ်ချင်းနီးတယ်၊ အတွေးတူတယ် ဆိုတဲ့ ခံစားချက်မျိုးပါ) အလွန်အကျွံ မသုံးမိဖို့ကိုတော့ သတိထားဖို့ လိုပါတယ်။

Exchange: အသွားအပြန်ရှိပါ။ သူ့ဆီက ကိုယ်လိုချင်တာရတဲ့အခါ သူ့ကိုလည်း ညီမျှတဲ့တစ်စုံတစ်ခု ပြန်လည်ပေးပါ။ ဥပမာ - ကိုယ်ခိုင်းထားတဲ့အလုပ်တွေကို အချိန်မီပြီးအောင်လုပ်ပေးတဲ့အခါ တစ်ခုခုချီးမြှင့်ပါ။ အနည်းဆုံးတော့ စကားလေးနဲ့ဖြစ်ဖြစ် ချီးကျူးပေးပါ။ မင်း ဒါလုပ်ပေးရင် ငါက ဒါချီးမြှင့်မယ်ကွာ ဆိုတာမျိုးပါပဲ။ ဒီနည်းလမ်းကို သုံးမယ်ဆိုရင်လည်း လွှမ်းမိုးနိုင်စွမ်းအားကို ရစေပါတယ်။ (အထက်အောက် အုပ်ချုပ်မှုပုံစံမှာ ပိုအသုံးဝင်ပါတယ်။) Personal appeal: ခင်မင်ရင်းနှီးချစ်ခင်မှု ကောင်းကောင်းတည်ဆောက်ပါ။ (သို့) ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်တည်ဆောက်ပါ။ ဒီနည်းလမ်းဟာလည်း လုပ်ငန်းခွင်မှာ ကိုယ့်အောင်မြင်မှု၊ ကိုယ့်အဖွဲ့အစည်း အောင်မြင်မှုအထိပါ ရအောင်လုပ်နိုင်ပါတယ်။ လူမှုဆက်ဆံရေးကောင်းရှိတဲ့သူတွေရဲ့ စကားတစ်ခွန်းဟာလည်း ဘယ်လောက်ထိ ထိရောက်လဲဆိုတာ အားလုံးသိကြမှာပါ။

Coalition: မဟာမိတ်ဖွဲ့ပါ။ လူတိုင်းက ပြည့်စုံနေတာ မဟုတ်ပါဘူး၊ တချို့သော အလုပ်ကိစ္စတွေအတွက် အကူညီရယူတာမျိုး၊ အထောက်အပံ့ယူတာမျိုးတွေ လိုအပ်ပါတယ်၊ ဒီလိုရယူဖို့အတွက် ပါဝါရှိတဲ့သူ (သို့) ကိုယ့်ကို ကူညီပေးနိုင်တဲ့သူနဲ့ မဟာမိတ်ဖွဲ့ထားဖို့လိုပါတယ်။

Legitimating: ရာထူးအာဏာကို အသုံးပြုပါ။ ဥပမာ - စနေ တနင်္ဂနွေရုံးပိတ်ရက်မှာ အလုပ်ဆင်းစေချင်တယ် ဆိုပါစို့၊ ဝန်ထမ်းတွေကလည်း မလာချင်ကြဘူး၊ ဒီလိုအခြေအနေမှာ ရာထူးအာဏာကို သုံးပြီး လွှမ်းမိုးမှပဲ ရပါ လိမ့်မယ်၊ ဒီနည်းလမ်းကို သုံးမယ်ဆိုရင်တော့ သတိထားပါ၊ မဖြစ်မနေနဲ့ အရေးကြီးမှသာလျှင် သုံးသင့်ပါတယ်။

Pressure: ဖိအားပေးပါ။ မကောင်းတဲ့အကျိုးဆက်တွေကို ပြောပြပြီး တွန်းအားပေးတာမျိုးပါ။ ခြိမ်းခြောက်ခြင်း တစ်မျိုးပါပဲ၊ ဥပမာ - မင်း အလုပ်မပြီးသေးဘူးလား ခုထိမပြီးသေးဘူးလား လုပ်လုပ်။ အချိန်မီမပြီးရင်တော့ ဘာဖြစ်မှာနော် ဆိုတာမျိုးပါ။ ဒီနည်းလမ်းနဲ့ ပါဝါရှာရင်တော့ လွှမ်းမိုးမှုရဖို့ သိပ်တော့ထိရောက်မှာမဟုတ်ပါဘူး။

ဒီတော့ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုးစိတ်အထွေထွေဖြစ်တာကြောင့် အထက်ကဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို ပုံသေသတ်မှတ်ပြီး သုံးလို့တော့ မရပါဘူး။ မန်နေဂျာတွေ၊ ဝန်ထမ်းတွေ ဒါမှမဟုတ် အဖွဲ့အစည်း တွေအနေနဲ့ တခြားသူများရဲ့ အပြုအမူများကို လွှမ်းမိုးလိုတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ၊ နည်းလမ်းဗျူဟာ တစ်ခုခုကို ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။

Yukl, Guinan, and Sottolano ပြုစုထားတဲ့ Power and Political Behavior အခန်းရဲ့ Influencing strategies များမှ ကောက်နှုတ်ရေးသားထားပါတယ်။

U Zin Lwin Thant , M.Act, B.Act (MUE)