'' အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဖို့ အကြံပြုချက် (၅) ချက် ''

ယနေ့ခေတ်မှာ လုပ်ငန်းကြီးများထက် အသေးစားစီးပွားရေးလုပ်ငန်းများစွာ ထွက်ပေါ်လာတာကို တွေ့မြင်နိုင်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းရှင်များဟာ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်း၊ ငွေကြေးဆိုင်ရာ ဆုံးဖြတ် ချက်ချခြင်း၊ ဝန်ထမ်းများကို ကြီးကြပ်ခြင်းနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များချမှတ်တဲ့အထိ လုပ်ဆောင်ကြရပါတယ်။ တစ်နည်းဆိုရရင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များဟာ လုပ်ငန်းထဲမှာ သူတို့ရဲ့ အချိန်၊ လူအင်အား အစရှိတာတွေကို ရင်းနှီမြှုပ်နှံထားရပါတယ်။ ဒါကြောင့် အသေးစားစီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်များက ယနေ့ထိတိုင် စိန်ခေါ်မှုများကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ သို့ပေမဲ့ ကုန်ထုတ်စွမ်းအားမြှင့်တင်ပြီး စီမံခန့်ခွဲမှုတွေကို သေချာလုပ်ဆောင် ပါက အသေးစားလုပ်ငန်းများက ရေရှည်မှာ အကျိုးရှိစေမယ့် ခရီးတစ်ခုဖြစ်ပါတယ်။ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ လုပ်ငန်းများ အခြေအနေအမျိုးမျိုးအပေါ်မှာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်နေရတာမှာ အံ့သြစရာမဟုတ်ပါဘူး။ သို့ပေမဲ့ အရှိန်အဟုန်နဲ့ အပြိုင်အဆိုင်များတဲ့ စီးပွားရေးလောကမှာ အောင်မြင်မှုရရှိပြီး ရှင်သန် ရပ်တည်နိုင်ဖို့ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာ အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဖို့အတွက် အသုံးပြုနိုင်တဲ့ စီမံခန့်ခွဲမှုနည်းလမ်းများနဲ့ ခေတ်မီနည်းပညာများကို မျှဝေပါမယ်။ အသေးစားစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပတ်သက်ပြီး အခက်အခဲများ၊ အတွေ့အကြုံများကို လေ့လာကြည့်ရာမှာ ကုန်ထုတ်စွမ်းအားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖန်တီးနိုင်စွမ်းရှိခြင်းမှာ အလွန်အရေးကြီးကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အောက်မှာဖော်ပြထားတဲ့ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန် အကြံပြုချက် (၅) ချက်ကို အသေးစား စီးပွားရေးလုပ်ငန်းရှင်များအတွက် တင်ပြပေးလိုက်ပါတယ်။

၁။ အချိန်ခွဲဝေမှု

ကုန်ထုတ်စွမ်းအားရဲ့ အရေးအကြီးဆုံး ရှုထောင့်များထဲမှတစ်ခုမှာ အချိန်ခွဲဝေခြင်း ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်နေ့တာကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် အလုပ်နဲ့မသက်ဆိုင်တဲ့ အနှောင့်အယှက်များကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ တစ်နေ့တာ (ဒါမှမဟုတ်) ရက်သတ္တပတ် မစတင်မီ လုပ်ဆောင်ရမယ့်စာရင်းကို သေချာရေးဆွဲပြီး အရေးကြီးဆုံးအလုပ်များကို အာရုံစိုက်ပါ။ တစ်ရက်အတွင်း (ဒါမှမဟုတ်) တစ်ပတ်အတွင်း ပြီးမြောက်အောင်လုပ်ဆောင်နိုင်တဲ့ အလုပ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အဲ့ဒီအလုပ်များထဲမှ အရေးကြီးတဲ့အလုပ်များ ပြီးမြောက်ဖို့အတွက် အချိန်သီးသန့်ထားရှိဖို့ လိုအပ်ပါတယ်။

အဲ့ဒီလို အချိန်တွေကို စီမံခန့်ခွဲထားခြင်းက အလုပ်ခွင်မှာ အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပြီးသား ဖြစ်ပါမယ်။ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်း (ဒါမှမဟုတ်) အဆင်ပြေသလို ချိန်ညှိလုပ်ဆောင်ခြင်းများက အမှား အယွင်းများ ဖြစ်ပေါ်လာနိုင်ပြီး အရေးကြီးတဲ့ အလုပ်တွေကိုလည်း အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အချိန်ဇယားဆွဲကာ လုပ်ဆောင်ခြင်းက ကုန်ထုတ်စွမ်းအား မြှင့်တင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လုပ်ဆောင်ရမယ့် အလုပ်အပေါ် အာရုံစူးစိုက်မှုရရှိနိုင်ပြီး ကုန်ထုတ်စွမ်းအားတက်စေကာ လုပ်ငန်းခွင်မှာ ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ အလုပ်တစ်ခုစီအတွက် ဦးစားပေးသတ်မှတ်ထားခြင်းက လုပ်ငန်းခွင်မှာ တွေ့ရှိရတတ်တဲ့ အနှောင့်အယှက်များနဲ့ အချိန်ဆွဲခြင်းကို ဖယ်ရှားပေးပါတယ်။ ဒါဟာ လိုအပ်သလို ချိန်ညှိနိုင်တဲ့၊ လိုက်လျောမှုညီထွေရှိတဲ့ ချဉ်းကပ်မှုဖြစ်ပြီး လုပ်ငန်းပုံစံအမျိုးမျိုးအတွက် သင့်လျော်ပါတယ်။ နောက်ဆုံးအနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာ ဝန်ထမ်း များကို သက်ဆိုင်ရာတာဝန်တွေ လွှဲအပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသေးစားစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းအတွက် အရေးကြီးဆုံးအလုပ်များကို အာရုံစိုက်နိုင်မှာဖြစ်ပြီး ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ နောက်ဆုံးပေါ်နည်းပညာ အသုံးပြုခြင်း။

ခေတ်မီနည်းပညာတွေ အသုံးပြုခြင်းဟာ ကုန်ထုတ်စွမ်းအားကို မြှင့်တင်လိုတဲ့ အသေးစားလုပ်ငန်းရှင်တွေအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ Artificial intelligence (ဉာဏ်ရည်တု) ကိုအသုံးပြုပြီး ကုန်ထုတ်စွမ်းအား တိုးမြှင့်ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ ချောမွေ့စေဖို့ ကြီးကြပ်ခြင်း၊ ထပ်ခါတလဲလဲလုပ်ဆောင်ရမယ့် အလုပ်တွေကို အလိုအလျောက် လုပ်ဆောင်နိုင်ခြင်းက တန်ဖိုးရှိတဲ့အချိန်များကို သက်သာစေနိုင်ပါတယ်။ လုပ်ငန်းများ တိုးချဲ့လာတာနဲ့အမျှ နေရာ၊ဒေသ အကွာအဝေးတွေကြောင့် ပူးပေါင်းလုပ်ဆောင်ဖို့ ခက်ခဲလာကြပါတယ်။ ဒီပြဿနာတွေကို နောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြုပြီး ဖြေရှင်းလာကြပါတယ်။ နည်းပညာတွေကို အသုံးပြုခြင်းကလည်း ကုန်ထုတ်စွမ်းအားကို တိုးမြင့် လာစေနိုင်ပါတယ်။ ဒါ့အပြင် ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ထိုးထွင်းသိမြင်မှုပေးတဲ့ Application များအသုံးပြုခြင်းက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကာ ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် သာလွန်နေစေဖို့ ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။  ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကို စီမံခန့်ခွဲဖို့ (ဒါမှမဟုတ်) လုပ်ငန်းအတွင်းအပြင် ဆက်သွယ်ရေးမြှင့်တင်ဖို့ စတဲ့လုပ်ငန်း ဆောင်ရွက်မှုတွေကို လုပ်‌ဆောင်ဖို့ ကိုက်ညီတဲ့နည်းပညာတွေ အသုံးပြုဖို့ အကြံပြုပါတယ်။ ဒါမှသာ အသေးစား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်မှာပဲ ဖြစ်ပါတယ်။

၃။ စနစ်တကျ ဖွဲ့စည်းထားတဲ့ အလုပ်ခွင်ထားရှိခြင်း။

ကုန်ထုတ်စွမ်းအားကို မြှင့်တင်ခြင်းရဲ့ နောက်ထပ်အရေးကြီးတဲ့အချက်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ အလုပ်ခွင်တစ်ခု ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ဧရိယာရှိခြင်းမှာ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အလုပ်ခွင်မှာ ပစ္စည်းများရှုပ်ပွခြင်းနဲ့ ဆူညံမှုများရှိနေခြင်းက နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေပြီး အလုပ်အပေါ်မှာ အာရုံစူးစိုက်မှုကို လျော့စေပါတယ်။ အချက်အလက်များ၊ စာရွက်စာတမ်းများကို စုစည်းခြင်းနဲ့ စီမံခန့်ခွဲခြင်းအတွက် စနစ်တစ်ခုရှိဖို့လည်း အရေးကြီးပါတယ်။ အသုံးပြုရလွယ်ကူပြီး လိုအပ်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ဝင်ရောက်နိုင်စေမယ့် ဖိုင်စနစ်တစ်ခုကို အကောင် အထည်ဖော်ပါ။ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အဲ့ဒီလိုစနစ်ထားရှိပြီး တိကျတဲ့လုပ်ငန်းစဉ်တွေကို အလို အလျောက် လုပ်ဆောင်ဖို့အတွက် ကိုက်ညီတဲ့နည်းပညာကို အသုံးပြုဖို့လည်း စဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာ Google Tasks မှာ တစ်နေ့တာလုပ်ဆောင်စရာတွေကို မှတ်သားထားခြင်းက မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကို အာရုံစိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

၄။ ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်း။

အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဝန်ထမ်းတွေရဲ့ အောင်မြင်မှုဟာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒါကြောင့် အလုပ်အတွက် မှန်ကန်တဲ့လူများကို ခန့်အပ်ပြီး ရှင်းလင်းတဲ့တာဝန်နဲ့ မျှော်လင့်ချက်တွေကို ပေးဆောင်ဖို့မှာ အရေးကြီးပါတယ်။ အဖွဲ့သားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်းကလည်း အရေးကြီးပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အတွင်း အခက်အခဲများ၊ အဆင်မပြေမှုများ စတဲ့ ဝန်ထမ်းရေးရာတွေကို သိရှိစေဖို့ အစည်းအဝေးများနဲ့ စစ်ဆေးမှုတွေကို တစ်သမတ်တည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့လူများကို ခန့်အပ်တာအပြင် ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွစေဖို့ လှုံ့ဆော်ခြင်းနဲ့ လုပ်ငန်းမှ ထွက်မသွားအောင် ထိန်းသိမ်းခြင်းတို့ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီလိုပြုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းများထဲမှတစ်ခုမှာ ဝန်ထမ်းများအတွက် ကိုယ်ပိုင်အချိန်ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးတဲ့ ကျေးဇူးတင်စကားပြောပေးခြင်းကလည်း ရေရှည်အတွက် ပိုပြီးသက်ရောက်မှုရှိပါတယ်။ အဲ့ဒီအသိအမှတ်ပြု ကျေးဇူးတင်စကားပြောပေးခြင်းက စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ လုပ်ငန်းရှင်နဲ့ဝန်ထမ်းများကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ အထောက်အကူပြုပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

၅။ အားလပ်ချိန်ပေးခြင်း။

တစ်နေ့တာလုံး အားလပ်ချိန်ယူပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက အာရုံစူးစိုက်မှုကိုတိုးစေပြီး စိတ်ဖိစီးမှုကို လျှော့ချ ပေးနိုင်ပါတယ်။ ကျန်းမာစွာစားသောက်ခြင်း၊ ရေဓာတ်ပြည့်ဝနေခြင်းနဲ့ လုံလောက်တဲ့ အိပ်စက်ခြင်းတို့က အလုပ်ခွင်မှာ ပိုပြီး အာရုံစူးစိုက်နိုင်ပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဖို့ ကူညီပေးပါတယ်။

နိဂုံးချုပ်အနေနဲ့ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ခြင်းဟာ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် အလွန်အရေးကြီးပါတယ်။ အထက်ပါအချက်များက အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင်ကို စီမံဆောင်ရွက်ခြင်းနဲ့ ဝန်ထမ်းတွေကို ထိရောက်စွာ စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေရုံသာမက ကုန်ထုတ်စွမ်းအားကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။

Jason Miller ရဲ့ Five Tips for maximizing Productivity as A Small-Business Owner ကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Tun

B.Com ,M.Com (MEUE)

Meiktila University of Economics