ပိုမိုမြင့်မားသော ထုတ်လုပ်မှုစွမ်းအားအတွက် အသင်းအဖွဲ့ရဲ့ စွမ်းအားကို အသုံးချခြင်း

 

"တစ်ဦးချင်းလုပ်ဆောင်သူများဟာ ဆုတံဆိပ်များကို ရရှိနိုင်သော်လည်း၊ အသင်းအဖွဲ့ကောင်းများကမှ ချန်ပီယံဆုများကို ရရှိကြတယ်" ဆိုတဲ့ ကိုးကားချက်တစ်ခု အားကစားနယ်ပယ်မှာ ရှိပါတယ်။ ဤအချက်ဟာ အဖွဲ့အစည်းတွေအတွင်းမှာ များစွာသော ဉာဏ်ပညာတွေကို ပေါင်းစပ်ထားပြီး၊ ထုတ်လုပ်မှုစွမ်းအားကို အဆများစွာ တိုးမြှင့်လိုပါက အသင်းအဖွဲ့များရဲ့ စွမ်းဆောင်ရည်ကို အသုံးချဖို့ အလေးထားသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

လုပ်ငန်းများမှာ တစ်ဦးချင်းစွမ်းရည်ရှိသူများကို စုစည်းခန့်ထားခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအား တိုးတက်လာမယ်လို့ ယုံကြည်နေကြသော်လည်း၊ ထိုကျွမ်းကျင်သူများကို အသင်းအဖွဲ့အဖြစ် ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိရှိ အားထုတ်မှုမရှိပါက၊ သူတို့ရဲ့ စုပေါင်းလုပ်ဆောင်ခြင်းကနေတစ်ဆင့် မျှော်မှန်းထားတဲ့ ရလဒ်များကို ရရှိမှာ မဟုတ်ပါဘူး။ အသင်းအဖွဲ့များရဲ့ လုပ်ဆောင်နိုင်စွမ်းကို မလေ့လာခင် အသင်းအဖွဲ့ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အရင်ကြည့်ကြပါစို့။ ဒါကို လေ့လာထားခြင်းဖြင့် အသင်းအဖွဲ့ဖွဲ့စည်းရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်များကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

အသင်းအဖွဲ့ဆိုတာ ဘာလဲ။

အရိုးရှင်းဆုံး ပြောရရင်တော့ အသင်းအဖွဲ့ဆိုတာ လူအုပ်စုတစ်ခုအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ရည်မှန်းချက်တစ်ခု ဒါမှမဟုတ် တာဝန်တစ်ခုကို အထိရောက်ဆုံးနည်းလမ်းဖြင့် အောင်မြင်အောင် စုပေါင်း ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ အသင်းအဖွဲ့တစ်ခုဟာ ကွဲပြားတဲ့ အားသာချက်တွေရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ထိုပုဂ္ဂိုလ်ရေး အားသာချက်များကို ပေါင်းစပ်ခြင်းဖြင့် လုပ်နိုင်စွမ်းအားကို မြှင့်တင်နိုင်ပြီး၊ တစ်ဦးရဲ့ အားသာချက်က အခြားတစ်ဦးရဲ့ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ အသင်းအဖွဲ့ တွေမှာ ထူးချွန်သူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်မှုထက် ပိုမိုသာလွန်တဲ့ စုပေါင်းအားသာချက်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

Dave Ramsey ရဲ့ ပြောပြချက်အရ မြင်းများနှင့် ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုဟာ အသင်းအဖွဲ့ရဲ့ အရေးကြီးတဲ့ အချက်များကို ထင်ဟပ်စေပါတယ်။ အရွယ်ရောက်ပြီးသား မြင်းတစ်ကောင်ဟာ ဝန်အား ပေါင် ၈,၀၀၀ အထိ ဆွဲနိုင်စွမ်းရှိပြီး၊ မြင်းနှစ်ကောင် ပေါင်းစပ်လိုက်ပါက ၁၆,၀၀၀ ပေါင်ထက် ပိုမိုပြီး ၂၄,၀၀၀ ပေါင်အထိ လုပ်နိုင်စွမ်း ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင်၊ သူတို့ရဲ့ ခွန်အားများကို ပေါင်းစပ်ကာ အတူတကွ လေ့ကျင့်ပေးခြင်းဖြင့်၊ တစ်နေ့တာလုပ်ဆောင်မှုမှာ ဝန်အား ၃၂,၀၀၀ ပေါင်အထိ လုပ်နိုင်စွမ်း ရှိတာကို တွေ့ခဲ့ရပါတယ်။

အသင်းအဖွဲ့ဖွဲ့စည်းဖို့ လိုအပ်တဲ့ အချက်များ

အသင်းအဖွဲ့ရဲ့ စွမ်းအားကို အသုံးချနိုင်ဖို့အတွက် လိုအပ်တဲ့ အချက်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။

-  ဆက်သွယ်ပြောဆိုမှု (Communication)

ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုဟာ အသင်းအဖွဲ့ကို ဆီကောင်းကောင်းသုံးထားတဲ့ စက်တစ်ခုကဲ့သို့ ချောမွေ့စွာ အလုပ်လုပ်ဆောင်စေဖို့ အားဖြည့်ပေးပါတယ်။ အသင်းအဖွဲ့အတွင်း ထိရောက်စွာ ဆက်သွယ်ပြောဆိုမှု မရှိပါက၊ ထုတ်လုပ်မှုစွမ်းအား နှေးကွေးသွားနိုင်ပါတယ်။ လုပ်ငန်းဆောင်ရွက်ချက်များ အဆင်ပြေ ချောမွေ့စေဖို့အတွက် အဖွဲ့ဝင်များဟာ တစ်ဦးနှင့်တစ်ဦး ထိရောက်စွာနဲ့ မြန်ဆန်စွာ အချိန်နှင့်တပြေးညီ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

-  ကတိကဝတ် (Commitment)

အသင်းအဖွဲ့ဖွဲ့စည်းရာမှာ ရည်မှန်းချက်တစ်ခုအတွက် အတူတကွ ကတိကဝတ်ပြုဖို့ လိုအပ်ပါတယ်။ "မြန်မြန်သွားချင်ရင် တစ်ယောက်တည်း သွားပါ၊ ဝေးဝေးသွားချင်ရင် အခြားသူများနဲ့ အတူသွားပါ" ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ အခြားသူများနှင့် စုပေါင်းလုပ်ဆောင်ရာမှာ အချိန်အနည်းငယ် ကြာနိုင်သော်လည်း၊ အဓိကအချက်ကတော့ စိတ်နှလုံးသားမှ ရည်မှန်းချက်ကို ရရှိအောင်မြင်သည်အထိ ကတိကဝတ်ပြုဖို့ ဖြစ်ပါတယ်။ အသင်းအဖွဲ့တစ်ခု စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်ဖို့ဆိုရင် ဒီအဖွဲ့ ထဲမှာပါတဲ့ လူတိုင်းဟာ ပန်းတိုင်ကို ‌ရောက်တဲ့ အထိ စိတ်ရောကိုယ်ပါ နှစ်မြှပ်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

-  တာဝန်ခံမှု (Accountability)

အသင်းအဖွဲ့အတွင်းမှာ မိမိကိုယ်ကို ပွင့်လင်းစွာဖော်ပြခြင်းနဲ့ အားနည်းချက်များကို ဝန်ခံခြင်းဟာ ဟန်ဆောင်ပြသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ အဖွဲ့ဝင်များဟာ တစ်ဦးနဲ့တစ်ဦးရဲ့ အားနည်းချက်များကို မသိပါက၊ ဒီအဖွဲ့ဟာ ၎င်းရဲ့ အားအနည်းဆုံးအဖွဲ့ဝင်ကဲ့သို့ပင် အားနည်းနေမှာြဖစ်ပါတယ်။ သို့သော် မှန်ကန်တဲ့ တာဝန်ခံမှုစနစ်ရှိပါက အသင်းအဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို အကောင်းဆုံး အသုံးချနိုင်ပြီး၊ ထုတ်လုပ်မှုစွမ်းအားလည်း တိုးတက်လာမှာဖြစ်ပါတယ်။

-  လေးစားမှု (Respect)

ဆက်သွယ်ပြောဆိုမှုဟာ အသင်းအဖွဲ့ကို ချောမွေ့စွာ အလုပ်လုပ်ဆောင်စေတဲ့ ဆီဖြစ်မယ်ဆိုရင်၊ အပြန်အလှန်လေးစားမှုဟာ အဖွဲ့ဝင်များကို အတူတကွ စည်းနှောင်ထားသော ကော်ဖြစ်ပါတယ်။ လေးစားမှုရှိမယ်ဆိုရင် လူတွေဟာ ၎င်းတို့ရဲ့ ဆောင်ရွက်နိုင်တာထက်တောင် ပိုမိုလုပ်ဆောင် ပေးလိုကြပါတယ်။

-  တာဝန်ခွဲဝေမှု (Delegation)

အသင်းအဖွဲ့အတွင်းမှာ တာဝန်ခွဲဝေထားမှု ကောင်းကောင်းမရှိပါက၊ ထိုအသင်းအဖွဲ့ဟာ ထိရောက်စွာ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဖွဲ့အတွင်းရှိ ခေါင်းဆောင်များဟာ အခြားသူများမှတစ်ဆင့် အလုပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သူတို့ကိုယ်တိုင်အသိနဲ့ လုပ်တာမျိုးမဟုတ်ဘဲ၊ အထက်လူကြီးက စောင့်ကြည့်စစ်ဆေးတဲ့ အလုပ်ကိုသာ လုပ်ဆောင်လေ့ရှိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ တာဝန်ခွဲဝေမှုဟာ အလုပ်ကို အခြားသူထံ အပြီးလွှဲအပ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီအလုပ်နဲ့ ပတ်သတ်တဲ့ တာဝန်ခံမှုတွေကိုတော့ ခေါင်းဆောင်များကပါ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်ကတော့ တစ်ဦးတည်းက အလုပ်လုပ်ခြင်းထက် အဖွဲ့ဝင် ၁၀ ဦး အလုပ်လုပ်ခြင်းက ပိုမိုကောင်းမွန်တယ်လို့ ယုံကြည်ပါတယ်။

ထုတ်လုပ်မှုစွမ်းအားကို ပိုမိုမြင့်မားစွာ ဖန်တီးလိုတဲ့ အဖွဲ့အစည်းများဟာ အသင်းအဖွဲ့ရဲ့ စွမ်းအားကို ဘယ်လို အသုံးချမလဲဆိုတာ လေ့လာဖို့လိုအပ်ပါတယ်။ ယင်းသို့လေ့လာခြင်းဖြင့် လူတစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုများကို အသုံးချကာ၊ အသင်းအဖွဲ့အတွင်း စုပေါင်းထုတ်လုပ်မှုစွမ်းအားကို မြင့်မားစွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

www.forbes.com မှ Akin Akinpelu ‌ရေးသားသော Harnessing Teamwork For Greater Productivity ဆောင်းပါးကို ဘာသာပြန်ဆိုထားပါတယ်။

Htet Pann Wai

B.Com (Q**), M.Com

Meiktila University of Economics