ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေမှာ အခြေခံအားဖြင့် ရှိနေကြတဲ့ အလေ့အကျင့်ကောင်းများ

အကယ်၍ ဒီကနေ့မှာ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုကို ဦးဆောင်မောင်းနှင်ဖို့ သင့် လက်ထဲ လွှဲပေးလိုက်တယ်ဆိုပါစို့၊ ဒီလိုဆိုရင် သင် ဘာလုပ်မှာလဲ၊ လုပ်ငန်းကို အောင်မြင်စွာ ဆက်လက် ဦးစီးသွားမှာလား ၊ ဒါမှမဟုတ် ကမောက်ကမဖြစ်အောင် လုပ်ပစ်မှာလား။

လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေချည်းပါပဲ၊ ဒါပေမယ့် လူအများအပြားကတော့ လက်တွေ့ ဖြစ်အောင် မလုပ်နိုင်ကြပါဘူး။ အဓိကကတော့ အကြောက်တရား ၊ အလွယ်တကူ လက်လျှော့ခြင်းတို့ကြောင့်ပါ၊

အောင်မြင်မှု ရအောင် သင်ဘယ်လို အလေ့အကျင့်တွေကို လုပ်ဆောင်သွားနိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ လူအများအပြားထံက အကြံပြုချက်တွေလည်း သင်ကြားဖူးထားပြီးသား ဖြစ်ပါလိမ့်မယ်။ ယခုဖော်ပြမှာကတော့ ကမ္ဘာပေါ်က ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာကြီးတွေမှာ ယေဘုယျအားဖြင့် တွေ့ရနိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။

၁။ သူတို့ဟာ စောစော စလုပ်ကြပါတယ်။

သင်ဟာ အင်မတန် ချမ်းသာတဲ့ သူဌေးကြီးတစ်ဦး ဖြစ်လာဖို့ ကြံရွယ်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ သင့်ခရီးလမ်းကို အချိန်ဆိုင်းမနေဘဲ ခပ်စောစောကတည်းက စလျှောက်ရမှာဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် သင့်အနေနဲ့ လူချမ်းသာတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခပ်စောစော စတာက ပိုကောင်းပါတယ်။ တစ်ဆင့်ချင်း တစ်ဆင့်တက်သွားပြီး သင်လိုချင်တဲ့ လူချမ်းသာပုဂ္ဂိုလ်အဆင့်ကို ရောက်အောင် သွားရမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သင့်အနေနဲ့ ငွေကို စ စုပြီး တတ်နိုင်သမျှ ခပ်စောစော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရပါမယ်။ ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတွေကတော့ compound interest နှစ်ထပ်တိုး ဆိုတာရဲ့ အနှစ်သာရကို ကောင်းကောင်း သိကြပါတယ်။

ဒါ့အပြင် လက်ရှိကမ္ဘာပေါ်က အကျော်ကြားဆုံး ကုမ္ပဏီတွေအနက်က တချို့ကို စီမံခန့်ခွဲနေတဲ့ ပုဂ္ဂိုလ်တွေကတော့ အသက် ၄၀ တောင် မပြည့်သေးတဲ့ ဘီလျံနာတွေဖြစ်ပါတယ်။ ဥပမာအားဖြင့် Mark Zuckerberg ဆိုရင် အသက် ၃၅ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ၎င်းဟာ Facebook ကို စတင်ချိန်က အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ ကုမ္ပဏီက ဘီလီယံ များစွာ တန်ကြေးရှိတဲ့ လုပ်ငန်းဖြစ်လာတော့ သူ့အသက်ဟာ ၂၄ နှစ်ပဲ ရှိပါသေးတယ်။

၂။ သူတို့ဟာ သူများနဲ့ မတူကွဲပြားစွာ လုပ်ကြပါတယ်။

လက်တွေ့ စဉ်းစားကြည့်ရင်တော့ သင့်အနေနဲ့ တခြားသူတွေ လုပ်နေတာတွေကို ပုံတူကူးချဖို့ ကြိုးစားတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလို လုပ်နေသမျှ ထိုးဖောက်အောင်မြင်နိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒီတော့ ဘောင်ထဲကနေ ဖောက်ထွက် စဉ်းစားရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ချလက်ချ အနေအထားမှာ ရှိချင်တယ်ဆိုရင်တောင်မှ ကြိုးစားပြီး တီထွင်ဆန်းသစ်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ Mark Zuckerberg ဆိုရင် မတူကွဲပြားစွာ လုပ်ဆောင်ခဲ့တဲ့အတွက် ယခုလို Facebook ဖြစ်လာခဲ့တာဖြစ်ပါတယ်။

၃။ သူတို့ဟာ အဖြေတစ်ခုအတွက် နိုး ဆိုတာကို လက်မခံကြပါဘူး။

ဘီလျံနာ အားလုံးနီးပါးတိုင်း အချိန်တစ်ခုခုမှာတော့ နိုး ဆိုတာကို အဖြေတစ်ခုအဖြစ် လက်ခံရရှိခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်တော့မှ လက်မလျှော့ကြပါဘူး။ သူတို့ဟာ ရက်စ် ဆိုတာကို မရမချင်း ဆက်လက်တိုက်ပွဲဝင်ကြပါတယ်။ ဒါကြောင့်လည်း ဘီလျံနာ အများစုဟာ သူတို့ ငြင်းပယ်ခံရတိုင်း ဘယ်တော့မှ အလွယ်တကူ လက်မလျှော့တတ်ကြတာဖြစ်ပါတယ်။ အဆုံးမှာ ရက်စ် ဆိုတာ လာကို လာမယ်ဆိုတာကို သူတို့ သိနေခဲ့ကြပါတယ်။

၄။ သူတို့ဟာ တိုးတက်မှုအတွက် အာရုံစိုက်ထားကြတယ်။

သင့်အနေနဲ့ brand တစ်ခုကို စလုပ်ချိန်မှာ သင့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီကနေတဆင့် ငွေတွေ ရလာဖို့နဲ့ သင့်ရင်းနှီးမြှုပ်နှံမှုကနေ အကောင်းဆုံးတွေ ရဖို့ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဘီလျံနာတစ်ချို့မှာတော့ မတူညီတဲ့ ချဉ်းကပ်မှုတစ်ခု ရှိပါတယ်။ Mark Zuckerberg ဆိုရင် Facebook အစောပိုင်းကာလက လုပ်ငန်းကနေ ငွေရှာဖို့ ဆိုတာထက် လုပ်ငန်း ကြီးထွားတိုးတက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တာဖြစ်ပါတယ်။

၅။ သူတို့ ခြိုးခြံ ချွေတာတတ်ကြပါတယ်။

ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အများစုကို သင့် လေ့လာကြည့်မယ်ဆိုရင်တော့ သူတို့ဟာ တန်ဖိုးကြီး ကားတွေ၊ ဈေးကြီးလွန်းတဲ့ အရာတွေအတွက် ငွေမဖြုန်းတတ်ကြဘူးဆိုတာကို သင်တွေ့ရှိပါလိမ့်မယ်။ ဥပမာအားဖြင့် နာမည်ကျော် အမေရိကန်ရင်းနှီးမြှုပ်နှံမှု သူဌေးကြီး Warren Buffett ဆိုရင် မနက်စာအတွက် ဘယ်တော့မှ ၃ ဒသမ ၁၇ ဒေါ်လာထက် ပိုသုံးလေ့ မရှိသလို သူ ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁,၅၀၀ နဲ့ ဝယ်ထားခဲ့တဲ့ အိမ်မှာပဲ ဆက်လက်နေထိုင်နေဆဲဖြစ်ပါတယ်။

၆။ သူတို့ဟာ ဘဝတစ်လျှောက်လုံး လေ့လာသင်ယူမှုတွေ အဆက်မပြတ် လုပ်ကြပါတယ်။

တကယ်တမ်းမှာတော့ ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာအများစုဟာ သူတို့ရဲ့ အားလပ်ရက် တချို့မှာ အတွေးအမြင် အသစ်တွေ ရဖို့ လေ့လာမှုတွေ လုပ်ကြပါတယ်။ အဲဒီလို ရလာတဲ့ အသိပညာ အတွေးအမြင်တွေကို သူတို့လုပ်ငန်းတွေ ယှဉ်ပြိုင်အသာရဖို့အတွက် ပြန်အသုံးချကြပါတယ်။ ဥပမာအနေနဲ့ Warren Buffett ဆိုရင် သူ့အချိန်ရဲ့ ၈၀ ရာခိုင်နှုန်းကို စာဖတ်ခြင်းနဲ့ ကုန်ဆုံးပြီး စာဖတ်ခြင်းကနေ သူရလာတဲ့ အသိပညာတွေက နှစ်ထပ်တိုးလိုပါပဲလို့ ဝန်ခံသွားခဲ့ပါတယ်။

၇။ သူတို့ဟာ ကိုယ်လက် လေ့ကျင့်ခန်းတွေလည်း လိုက်စားကြပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကတော့ ကိုယ်ခန္ဓာအလေးချိန် များနေသူတွေ၊ ဒါမှမဟုတ် ဝိတ်ချချင်သူတွေသာ လုပ်ရမယ့် ကိစ္စလို့ သင်တွေးကောင်း တွေးနိုင်ပါတယ်။ ဒါမဟုတ်ပါဘူး။ ဒီကနေ့ခေတ်မှာတော့ လူတိုင်း ကျန်းမာကြံ့ခိုင်ချင်ကြပါတယ်။ ဥပမာအနေနဲ့ ဘီလျံနာ Richard Branson ကိုပဲ ကြည့်ပါ။ သူဆိုရင် ကိုယ်လက် လေ့ကျင့်ခန်းလုပ်ရတာကို တန်ဖိုးထားသူဖြစ်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သင့်အနေနဲ့ နေ့စဉ်နေ့တိုင်း အလုပ်လုပ်နိုင်စွမ်းအား နောက်ထပ် အပို လေးနာရီစာ ထပ်ရနိုင်တယ်လို့

၎င်းက ပြောသွားခဲ့ဖူးပါတယ်။

Live Learn Better

Here Are 8 Habits The World’s Top Billionaires Have In Common!

https://livelearnbetter.com/8-habits-the-worlds-top.../