'' Greats Leader တွေဆိုတာ ဘယ်လိုလူတွေလဲ ''

'' Greats Leader တွေဆိုတာ ဘယ်လိုလူတွေလဲ '' 
 Steve Jobs 

ခေါင်းဆောင်တွေဆိုတာ ဆင်ခြေပေးလို့မရဘူး ဆိုတဲ့အချက်အပေါ်မှာ အပြည့်အဝယုံကြည်ကြောင်း Apple ပူးတွဲ တည်ထောင်သူ Steve Jobs က တစ်ခါတုန်းက ဝန်ထမ်းတွေကို ပြောခဲ့ဖူးပါတယ်။ အောင်မြင်တဲ့ လူပုဂ္ဂိုလ်တွေဆိုတာ တစ်ခြားသူတွေအပေါ် လုံးလုံးလျားလျား မှီခိုခြင်းမရှိသူတွေ၊ အရေးပေါ်ကိစ္စတွေကို နေရာတကျ စီမံနိုင်သူတွေ၊ ရှင်းရှင်းလင်းလင်းရှိတဲ့ မျှော်မှန်းချက်တွေ ချမှတ်သူတွေ၊ အများနဲ့ ဆက်သွယ်ပြောဆိုနိုင်သူတွေ ၊အမြဲတစေ နောက်ဆုံးပိတ် အပြီးသတ် တာဝန်ခံမှု ရှိသူတွေ ဖြစ်တယ်လို့ သူ ယုံကြည်ကြောင်း Jobs ကပြောပါတယ်။
Steve Jobs ဟာ သူကိုယ်တိုင်ဆီကနေလည်း အများကြီး မျှော်လင့်ခဲ့သလို တစ်ခြားသူတွေဆီကနေလည်း အများကြီး မျှော်လင့်ခဲ့ပါတယ်။
အထူးသဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေသူတွေဆီကနေ အများကြီး သူမျှော်လင့်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ John Rossman ရဲ့ မကြာခင် ထွက်ရှိမယ့် Think Like Amazon စာအုပ်ထဲမှာ ဇာတ်လမ်းတစ်ပုဒ် ရှိပါတယ်။ ယင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
တစ်ခါတစ်တုန်းက Apple မှာ vice president အဖြစ် ရာထူးတိုးခံရတဲ့ ဝန်ထမ်းတွေကို Steve Jobs က ဇာတ်လမ်းတိုတစ်ခု ပြောပြခဲ့ပါတယ်။ Jobs က VP တွေကို ပြောတာကတော့ သူ့ရုံးက အမှိုက်ပုံးမှာ အမှိုက်တွေ ပြည့်နေပြီဆိုရင် Jobs က သူ့အနေနဲ့ ဒါနဲ့ပတ်သက်လို့ janitor (အောက်ခြေသိမ်းအလုပ်သမား) ဆီကနေ ဖြေရှင်းချက်တစ်ခု တောင်းမှာပဲလို့ ဆိုပါတယ်။ အဲဒီအချိန်မှာ janitor ကလည်း “ ဟုတ်ကဲ့ အမှိုက်ပုံး တံခါးလော့က ပြောင်းထားတယ်၊ ပြီးတော့ သော့လည်း မရှိဘူး” လို့ပဲ ပြန်ဖြေလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီလို janitor ရဲ့ ဖြေရှင်းချက်ကတော့ သဘာဝကျ သင့်တင့်လျောက်ပတ်တယ်လို့ ဆိုပါတယ်။ ဒါက လက်ခံလို့ရတဲ့ ဆင်ခြေတစ်ခုဖြစ်ပါတယ်။ Janitor တစ်ယောက်အနေနဲ့ သော့မရှိဘဲနဲ့ သူ့အလုပ်ကို လုပ်နိုင်မှာမဟုတ်ပါဘူး။ Janitor တစ်ယောက်အနေနဲ့ ဆင်ခြေဖြေရှင်းချက်တွေ ပေးခွင့်ရှိပါတယ်။ “ ခင်ဗျားသာ janitor ဆိုရင် အကြောင်းပြချက်တွေပေးလို့ ရပါတယ်၊  ဘာမှပြဿနာမရှိပါဘူး၊ အဲ ဒါပေမယ့် janitorနဲ့ စီအီးအိုအကြားက နေရာတွေမှာတော့ အကြောင်းပြချက်တွေဟာ ဘာမှအရေးမပါတော့ပါဘူး” လို့ Jobs က အသစ်စက်စက် VPs တွေကို ပြောခဲ့ပါတယ်။ “ နောက်တစ်နည်းပြောရရင် ဝန်ထမ်းတစ်ယောက်ဟာ vice president  ဖြစ်လာချိန်မှာ သူ ဒါမှမဟုတ် သူမဟာကျရှုံးမှုတိုင်းအတွက် အကြောင်းပြချက် ဆင်ခြေတွေပေးလို့ မရတော့ပါဘူး၊ Vice president တစ်ဦးဟာ ဖြစ်လာတဲ့ အမှားအယွင်းတိုင်းအတွက် တာဝန်ခံရမှာဖြစ်ပါတယ်၊ အဲဒီအချိန်မှာ ခင်ဗျားတို့ဘယ်လိုဖြေရှင်းချက်ပေးပေး အရေးမပါတော့ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ဒီလို တစ်ခုခုအမှားအယွင်းဖြစ်ချိန်မှာ တာဝန်ခံခြင်းရှိသလား၊ ဆင်ခြေပေးသလားဆိုတာကလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းရဲ့ တာဝန်ခံမှုနဲ့သက်ဆိုင်ပါတယ်။  လူအများစုကတော့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှု ဆိုတာဟာ ပြင်ပ အင်အားစုတွေနဲ့ပဲဆိုင်တယ်၊ အထူးသဖြင့် တစ်ခြားသူတွေနဲ့ပဲ ဆိုင်တယ်လို့ခံယူမိနေတတ်ကြပါတယ်။ သူတို့ အောင်မြင်ရင် ၊ ဒါတစ်ခြား သူတွေက သူတို့ကို ကူညီလို့ ၊ ပံ့ပိုးပေးလို့ ဆိုပြီး ယူဆကြပြီး သူတို့ ကျရှုံးတဲ့အခါမှာတော့ ဒါ တစ်ခြားသူတွေကြောင့် ဖြစ်တာ၊ တစ်ခြားသူတွေက  သူတို့ကို မယုံကြည်လို့၊ အကူအညီ မပေးလို့ဆိုပြီး ဆင်ခြေပေးတတ်ကြပါတယ်။
ဒါ အတိုင်းအတာတစ်ရပ်အထိတော့ မှန်ပါတယ်။ ဘယ်သူမှ တစ်ဦးတစ်ယောက်တည်းအစွမ်းနဲ့ ကြီးမားတဲ့ အလုပ်တွေကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ စုပေါင်းဝိုင်းဝန်းလုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်သူတွေကတော့ တစ်ခြားသူတွေအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေခြင်း မရှိကြပါဘူး။  အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေဟာ အရေးပေါ် ကိစ္စတွေကို နေသားတကျ စီမံနိုင်ကြပါတယ်။ အောင်မြင်သူတွေဟာ အကောင်းဆုံးအတွက် ချိန်ရွယ်ပြီး လုပ်ကြသလို အဆိုးဆုံးအတွက်လည်း ကြိုပြင်ဆင်ထားကြပါတယ်။ သူတို့ဟာ ရှင်းလင်းသေချာတဲ့ မျှော်မှန်းချက်တွေ ချမှတ်ပါတယ်။ သူတို့ဟာ အများနဲ့လည်း ကောင်းကောင်းဆက်သွယ်ပြောဆိုနိုင်ကြပါတယ်။ သူတို့ဟာ သင်ကြားပြသ၊ လမ်းညွန်  ၊ လေ့ကျင့်မှုတွေလည်း လုပ်ကြပါတယ်။ 
သူတို့ဟာ တစ်ခြားသူတွေကနေတဆင့် ဦးဆောင်လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးအပြီးသတ် တာဝန်ယူမှုကိုလည်း သူတို့ လက်ခံကြပါတယ်။ ဒါ ဘာလို့လဲ ဆိုတော့ သူတို့ ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော အရာက သူတို့ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကို သူတို့ သိကြလို့ဖြစ်ပါတယ်။ အောင်မြင်မလား ဒါမှမဟုတ်  ကျရှုံးမလား ဆိုတာကို သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ လုံးလုံးလျားလျား ရှိနေသလို သူတို့ ပြုမှုဆောင်ရွက်ကြပါတယ်။ သူတို့အောင်မြင်ရင် ဒါကိုဖြစ်အောင် သူတို့လုပ်ခဲ့တယ်၊ ကျရှုံးရင်လည်း ဒါကို ဖြစ်အောင် သူတို့လုပ်ခဲ့တယ်လို့ ခံယူကြပါတယ်။
ဒါကြောင့် ရှေ့မှာဖြစ်လာမှာတွေကိုကြိုတွေး ပူပန်နေရင်း စိတ်ခွန်အားတွေကိုဖြုန်းတီးမနေပါနဲ့တော့။ ရှေ့မှာ ကိုယ်ဖြစ်ချင်တဲ့ အရာကိစ္စတွေကို သေချာပေါက် ဖြစ်လာအောင်ပဲအားထုတ်ပါ။ တာဝန်ခံမှုရှိပါ။
“ ဆင်ခြေအကြောင်းပြချက်တွေပေးတာ ဘာမှအရေးမပါပါဘူး” လို့ Jobs က ပြောပါလိမ့်မယ်။ ဒါကြောင့် ဘယ်တော့မှ ဆင်ခြေမပေးပါနဲ့။ အကြောင်းပြချက်တွေကိုလည်း ဘယ်တော့မှ စာရင်းသွင်းမထားပါနဲ့။ ဘယ်တော့မှလည်း တစ်ခြားသူတွေကို လိုက်ပြီး လက်ညှိုးထိုးမနေနဲ့။


Steve Jobs had a simple, harsh-sounding theory about what separates great leaders from all the rest

https://www.businessinsider.com/steve-jobs-quality-sets...