လုပ်ငန်းခွင်မှာ မတူကွဲပြားမှုများရှိခြင်းရဲ့ ကောင်းကျိုး (၅) မျိုး

လုပ်ငန်းခွင်အတွင်း မတူကွဲပြားမှုဆိုတာဟာ ဝန်ထမ်းများရဲ့ နောက်ခံအမျိုးမျိုးကို လက်ခံပြီး လုပ်ငန်းခွင်မှာ ပါဝင်ခွင့်ပေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မတူကွဲပြားတဲ့ လုပ်ငန်းခွင်ဟာ လုပ်ငန်းအတွက်တဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ၎င်းဟာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အားသာချက်များနဲ့ ၎င်းတို့ယူဆောင်လာနိုင်တဲ့ အလားအလာများကို အသိအမှတ်ပြုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လူတစ်ဦးနဲ့တစ်ဦး ကွဲပြားမှုများကို တန်ဖိုးထားခြင်းဟာ လူတိုင်းကို စည်းလုံးစေနိုင်တဲ့အပြင် အောင်မြင်ပြီး  ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းခွင်နဲ့ တရားမျှတတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုရဲ့  လျှို့ဝှက်ချက် ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်း မတူကွဲပြားမှုဆိုတာဟာ ဝန်ထမ်းတစ်ဦးစီ လုပ်ငန်းခွင်သို့ ယူဆောင်လာတဲ့ ကျွမ်းကျင်မှုနဲ့ ကွဲပြားခြားနားမှုများကို လေးစားတန်ဖိုးထားခြင်းကို ဆိုလိုပါတယ်။ မတူကွဲပြားတဲ့ လုပ်ငန်းခွင်ဆိုတာ ကျားမ၊ အသားအရောင်၊ အသက်အရွယ်၊ လူမျိုးရေး၊ ကိုယ်ခန္ဓာစွမ်းရည်၊ လိင်စိတ်ခံယူမှု၊ ဘာသာရေးယုံကြည်ချက် စတာတွေနဲ့ မသက်ဆိုင်ဘဲ ဝန်ထမ်းအားလုံးအား တန်းတူညီမျှသော အခွင့်အရေးများနဲ့ အလားအလာများ ပေးစွမ်းနိုင်တဲ့ လူတိုင်းပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံရှိ လုပ်ငန်းများမှာ ဝန်ထမ်းတွေကို တန်းတူညီမျှအခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊  ခွဲခြားတဲ့ ဒါမှမဟုတ် နှောင့်ယှက်တဲ့ အပြုအမူတွေ ကင်းရှင်းတဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖော်ဆောင်ဖို့ ဥပဒေအရ ပြဋ္ဌာန်းထားပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အလုပ်ခွင်ထဲက မညီမျှမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ အစီအစဉ်တွေ ချမှတ်ဖို့ တာဝန်ရှိပါတယ်။ ဒီအတွက် အလုပ်ခွင်မှာ မတူကွဲပြားမှုကို အသိအမှတ်ပြုပြီး၊ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ အနိုင်ကျင့်မှုတွေ လုံးဝမရှိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ မတူကွဲပြားမှုအမျိုးအစားတွေကို နားလည်ပြီး ကိုယ်တိုင်က အလုပ်ရှင် ဒါမှမဟုတ် ဝန်ထမ်းတစ်ယောက်အနေနဲ့ ပိုမိုမတူကွဲပြားပြီး လူတိုင်းပါဝင်နိုင်တဲ့ လုပ်ငန်းခွင်ဖြစ်အောင် ဘယ်လိုပံ့ပိုး ကူညီနိုင်မလဲဆိုတာ စဉ်းစားဖို့ အရေးကြီးပါတယ်။ အလုပ်ရဖို့ အခက်အခဲရှိတဲ့သူတွေကို ခန့်ထားပြီး တရားမျှတစွာဆက်ဆံခြင်းက အလုပ်ရှင်တွေအတွက် မတူကွဲပြားတဲ့ လုပ်ငန်းခွင်ဖန်တီးနိုင်ဖို့နဲ့ အလုပ်ခွင်အတွင်း မတူကွဲပြားတဲ့ ကျွမ်းကျင်မှုတွေရရှိဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ပိုမိုမတူကွဲပြားတဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးရာမှာ အထောက်အကူပြုမယ့် အကြံပြုချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

  • သင့်ဝန်ထမ်းများနဲ့ မတူကွဲပြားတဲ့အလုပ်ခွင်ရဲ့ အကျိုးကျေးဇူးများကို ရှင်းလင်းစွာဆွေးနွေးပါ။ မတူညီတဲ့နောက်ခံများမှလာတဲ့ ဝန်ထမ်းများ ယူဆောင်လာနိုင်တဲ့ အရည်အသွေးများနဲ့ အားသာချက် များကို အလေးထားဖော်ပြပါ။
  • ဝန်ထမ်းခန့်အပ်ရေးလုပ်ငန်းစဉ်မှာ ရှိနိုင်တဲ့ဘက်လိုက်မှုများကို ဖော်ထုတ်ပြီး ဖြေရှင်းပါ။ အလုပ်ခန့်ထားသူမန်နေဂျာများအား မတူညီတဲ့နောက်ခံရှိ လျှောက်ထားသူများ ယူဆောင်လာနိုင်တဲ့ အရည်အချင်းများကို နားလည်ဖို့ လိုအပ်ပါတယ်။ တရားမျှတတဲ့ အလုပ်ခန့်ထားမှုစနစ်ကို ကျင့်သုံးပါ။ လျှောက်ထားသူများအား သင့်ကုမ္ပဏီဟာ တန်းတူညီမျှသော အခွင့်အရေးပေးတဲ့ လုပ်ငန်းဖြစ်ကြောင်း သိပါစေ။
  • ဝန်ထမ်းများ ယူဆောင်လာတဲ့ တစ်ဦးချင်းစီရဲ့ အရည်အသွေးများကို အသိအမှတ်ပြုပြီး ထိုအားသာချက် များကို အသုံးချကာ ဈေးကွက်ချဲ့ထွင်ပြီး ကုမ္ပဏီတိုးတက်မှုကို အားပေးပါ။
  • အမျိုးသမီးနဲ့ အမျိုးသားနှစ်ဦးစလုံးအတွက် Flexible Work Options နဲ့ Paternity Leave များကို စီစဥ်ပေးပါ။
  • သင့်ကိုယ်ပိုင်လုပ်ငန်းခွင်မတူကွဲပြားမှု အစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော်ပါ။ ဒီအစီအစဉ်နဲ့ ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း မတူကွဲပြားမှုနဲ့ ပါဝင်မှုများကို လက်တွေ့ကျင့်သုံးနိုင်စေဖို့ လမ်းညွှန်ပေးပါ။

လုပ်ငန်းခွင် မတူကွဲပြားမှုရဲ့ အကျိုးကျေးဇူးများ

မတူကွဲပြားပြီး ဘာသာစကားမျိုးစုံရှိတဲ့ လုပ်ငန်းခွင်တစ်ခု ပိုင်ဆိုင်ခြင်းဟာ အားသာချက်များစွာကို ဆောင်ကျဉ်းပေးပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပိုမိုဆက်သွယ်လာပြီး အားလုံး ချိတ်ဆက်နေတဲ့အတွက်၊ ကုမ္ပဏီတွေအနေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံနဲ့ ဘာသာစကားအမျိုးမျိုးကနေ ဝန်ထမ်းတွေ ယူဆောင်လာနိုင်တဲ့ စုံလင်တဲ့အရည်အချင်းတွေကို အပြည့်အဝ အသုံးချသင့်ပါတယ်။ လုပ်ငန်းခွင် မတူကွဲပြားမှုများရှိခြင်းရဲ့ အကျိုးကျေးဇူးငါးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ကုန်ထုတ်စွမ်းအားတိုးတက်လာခြင်း- မတူကွဲပြားမှုတွေရှိတဲ့ လုပ်ငန်းခွင်တစ်ခုဟာ အတွေးအခေါ် သစ်တွေနဲ့ လုပ်ငန်းလည်ပတ်နည်းတွေ ပိုမိုရရှိစေနိုင်ပါတယ်။ ဒီလိုစွမ်းရည်စုံလင်မှုက ဝန်ထမ်းတွေမှာ ပိုကျယ်ပြန့်တဲ့ အတတ်ပညာတွေ၊ မတူညီတဲ့ အတွေ့အကြုံတွေနဲ့ အမြင်တွေ ရှိစေတာကြောင့် ကုန်ထုတ်စွမ်းအားတိုးတက်မှုကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။
  • တီထွင်ဖန်တီးနိုင်စွမ်းများ တိုးတက်လာခြင်း-မတူညီတဲ့ ယဉ်ကျေးမှုနဲ့ နောက်ခံများမှလာသော ပုဂ္ဂိုလ်များ အတူတကွ လုပ်ကိုင်ကြတာနဲ့အမျှ တီထွင်ဖန်တီးနိုင်စွမ်း တိုးမြင့်လာဖို့  အခွင့်အလမ်းတွေ ရှိလာပါတယ်။ အကြောင်းမှာ ပြဿနာတစ်ရပ်ကို မတူညီသော အမြင်များ၊ ဖြေရှင်းနည်းများဖြင့် ချဉ်းကပ်နိုင်သူများ ပိုမိုများပြားလာကာ လုပ်ငန်းခွင်ပြဿနာများအတွက် အထိရောက်ဆုံး ဖြေရှင်းနည်းဖို့ အခွင့်အလမ်း ပိုမိုကောင်းမွန်လာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
  • ယဥ်ကျေးမှုဆိုင်ရာ အသိအမြင် တိုးတက်လာခြင်း: လုပ်ငန်းခွင်အတွင်း မတူကွဲပြားသော ယဉ်ကျေးမှုများစွာရှိခြင်းဖြင့် ကုမ္ပဏီများဟာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ရဲ့  အသေးစိတ်ကွဲပြားမှုများကို ကောင်းစွာကိုင်တွယ်နိုင်ပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုအတွက် မန်ဒရင်း(တရုတ်စကား)ပြောတတ်သော ဝန်ထမ်းတစ်ဦးရှိခြင်းဟာ အရေးပါတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။
  • ကောင်းမွန်သော ဂုဏ်သတင်းရရှိခြင်း- မတူကွဲပြားသော လုပ်ငန်းခွင်ရှိတဲ့ ကုမ္ပဏီများကို ပိုမိုကောင်းမွန်တဲ့ အလုပ်ရှင်များအဖြစ် မကြာခဏ ရှုမြင်တတ်ကြပါတယ်။ အလုပ်လျှောက်ထား သူများဟာ နောက်ခံအားလုံးကိုလက်ခံပြီး သည်းခံကာ ဝန်ထမ်းများကို တရားမျှတစွာ ဆက်ဆံသော အလုပ်ရှင်မျိုးကို လိုလားကြပါတယ်။
  • စျေးကွက်ရှာဖွေရေး အခွင့်အလမ်းများ တိုးမြှင့်ခြင်း- ကုမ္ပဏီတစ်ခုမှာ မတူကွဲပြားတဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ရှိကြောင်း မြင်တွေ့ရပါက အလုပ်လျှောက်သူများနှင့် ဖောက်သည်များအား ကုမ္ပဏီနဲ့ ပိုမိုဆက်နွယ်တယ်လို့ ခံစားရစေပါတယ်။ အသက်အရွယ်ကြီးသူများ၊ မသန်စွမ်းသူများနှင့် လူမျိုးစုံ ပါဝင်သော ကြော်ငြာများကို အသုံးပြုခြင်းဟာ အလုပ်လျှောက်လွှာများ တိုးပွားစေခြင်း၊ အပြုသဘော ဆောင်သော ဂုဏ်သတင်းကို ရရှိခြင်း၊ ဈေးကွက်ထဲမှာ လုပ်ငန်းအားပိုမိုသိရှိလာခြင်း၊ ပိုမိုမတူကွဲပြားတဲ့ ‌ဖောက်သည်များ ရရှိစေခြင်း စတာတွေကို ဖန်တီးပေးနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ မတူကွဲပြားမှုများရှိခြင်းဟာ သင့်ဝန်ထမ်းများရဲ့  အကောင်းဆုံးစွမ်းရည်များကို ဖော်ထုတ်ပေးပြီး ၎င်းတို့ရဲ့ အပြည့်အဝဖွံ့ဖြိုးမှုကို အားပေးခြင်းဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်လုပ်ငန်းခွင်ဟာ ပိုမိုစုံလင်ပြီး ဆန်းသစ်တီထွင်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ရရှိစေကာ အကျိုးကျေးဇူးများ ခံစားရမှာဖြစ်ပါတယ်။

www.abilityoptions.org.au မှ 5 Benefits of Diversity in the Workplace ‌ဆောင်းပါးကို သင့်လျော်အောင်ဘာသာပြန်ဆိုထားပါတယ်။

Daw Htet Pann Wai

B.Com (Q**), M.Com

Meiktila University of Economics