'' ဘာသာစကားများ လေ့လာခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူးများ ''

ယနေ့ကမ္ဘာမှာ နိုင်ငံတကာ ခရီးသွားလာ ကူးသန်းရောင်းဝယ်ရေးနဲ့ ဆက်သွယ်မှု တိုးမြင့်လာတာနဲ့အမျှ မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံများမှ လူများနဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်မှုဟာ ပိုပြီး အရေးကြီးလာပါတယ်။ ကျောင်းသားများနဲ့ လုပ်ငန်ခွင်ဝင်ရောက်နေသူတွေအတွက် မိမိတို့ မိခင်ဘာသာစကားအပြင် တခြားဘာသာ စကားတစ်ခုကို တတ်မြောက်ခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်လာပါတယ်။ ပညာရေးဘွဲ့ကို ဆည်းပူးနေတာဖြစ်ဖြစ်၊ နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပဲဖြစ်ဖြစ် နိုင်ငံခြားဘာသာစကား သင်ယူ ခြင်းဟာ သင်ရဲ့လက်တွေ့ အတွေ့ကြုံအတွက် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။ နိုင်ငံခြားတက္ကသိုလ် တက်ရောက်ရာမှာလည်း သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားတတ်မြောက်ဖို့မှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုအသစ်တွေကို စူးစမ်းခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အတွေးအမြင်အသစ်တွေကို လေ့လာရာမှာ ဘာသာစကား တတ်ကျွမ်းမှုဟာ စိန်ခေါ်မှုတစ်ရပ်ကို မကြာခဏ ဖြစ်ပေါ်စေနိုင်ပါတယ်။ အောက်ပါ အချက်များမှာ နိုင်ငံခြားဘာသာစကားကို လေ့လာသင်ယူတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ဖြစ်ပါတယ်။

'' သတင်းအချက်အလက် ရယူနိုင်ခြင်း ''

ဘာသာစကားအသစ်ကို နားလည်ခြင်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် ပိုမိုကျယ်ပြန့်တဲ့ အချက်အလက် များစွာကို ရယူနိုင်ခွင့် ရရှိစေပါတယ်။ မိမိလေ့လာထားတဲ့ ဘာသာစကားနဲ့ ထုတ်ပြန်ထားတဲ့ ဆောင်းပါး၊ သုတေသနစာတမ်းများနဲ့ တခြားသတင်းအချက်အလက်အရင်းအမြစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒေသန္တရ ဘာသာစကားဖြင့် ဟောပြောပွဲများကို နားလည်နိုင်ခြင်း၊ အတန်းတွင်း ဆွေးနွေးမှုများမှာ ပါဝင်ခြင်းနဲ့ assignment တွေကို ရေးသားနိုင်ခြင်းက သင့်ရဲ့ပညာရေးစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး နိုင်ငံခြားမှာ သင်ပညာသင်ကြားခြင်း အတွေ့ အကြုံကို အကောင်းဆုံးရယူနိုင်မှာဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ချိန်မှာ လက်တွေ့အသုံးချနိုင်မှာ ဖြစ်ပါတယ်။

''ယဉ်ကျေးမှု နားလည်ခြင်း ''

နိုင်ငံခြားမှာ ကျောင်းတက်ချိန် ဒါမှမဟုတ် အလုပ်သွားလုပ်တဲ့အခါ အိမ်ရှင်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို နားလည်ဖို့ အရေးကြီးပါတယ်။ ဘာသာစကားဟာ ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘာသာစကား အသစ်တစ်ခုကို သင်ယူခြင်းဟာ ကျောင်းသားတွေကို ယဉ်ကျေးမှုအသစ်တွေ စူးစမ်းလေ့လာဖို့နဲ့ မတူညီတဲ့ အမြင်တွေကို နားလည်ဖို့ အခွင့်အရေးပေးပါတယ်။ ဘာသာစကားသင်ယူခြင်းက သင့်ကို ဒေသတွင်း လူမှုအသိုင်းအဝိုင်းမှာ ပေါင်းစည်းပြီး မတူညီတဲ့ သမိုင်း၊ အနုပညာ၊ စာပေနဲ့ လူမှုရေးဓလေ့ထုံးစံတွေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေဖို့ ကူညီပေးပါတယ်။

''အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားခြင်း ''

ယနေ့ခေတ်၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေဟာ ဘာသာစကားမျိုးစုံနဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ပိုမိုလိုအပ်လာတာနဲ့အမျှ နိုင်ငံခြားဘာသာစကားကို တတ်ကျွမ်းခြင်းက ကမ္ဘာ့အလုပ်အကိုင် ဈေးကွက်မှာ အပြိုင်အဆိုင် အားသာချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒုတိယဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ခြင်းက ခရီးသွားခြင်း ဒါမှမဟုတ် နိုင်ငံတကာစီးပွားရေး လိုအပ်တဲ့ အလုပ်အကိုင်တွေအတွက် လျှောက်ထားရာမှာလည်း အကျိုးကျေးဇူးရှိနိုင်ပါတယ်။

'' Cognitive benefits ''

ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းက မှတ်ဉာဏ်ပိုမိုကောင်မွန်စေခြင်း၊ ပြဿနာဖြေရှင်းခြင်းနဲ့ multitasking အစရှိတဲ့ cognitive functions တွေကိုလည်း တိုးတက်စေနိုင်ပါတယ်။ Cognitive functions များဟာ ပညာရေးမှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှု ဒါမှမဟုတ် ခက်ခဲရှုပ်ထွေးတဲ့ ပရောဂျက်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ဒီသိမြင်မှုစွမ်းရည်တွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒါ့အပြင် ဘာသာစကားသင်ယူခြင်းက ဘယ်နယ်ပယ်တွင်မဆို အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ analytical နဲ့ critical thinking skills တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

'' Networking အခွင့်အလမ်းများ ''

နိုင်ငံခြားဘာသာစကားကို သင်ယူခြင်းဟာ ပုဂ္ဂိုလ်ရေးအရရော လုပ်ငန်းခွင်နှစ်မျိုးလုံးအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ခုတတ်ရောက်ခြင်းက မိမိနဲ့ နောက်ခံ၊ ယဥ်ကျေးမှု အတွေ့အကြုံမတူညီတဲ့ လူများနဲ့ ဆက်သွယ်နိုင်တဲ့ အခွင်လမ်းများ ရရှိနိုင်ပါတယ်၊ မိခင်ဘာသာစကားပြောဆိုသူနဲ့ တခြားဘာသာစကားသင်ယူသူ နှစ်ဦးလုံးနဲ့ ခင်မင်မှုတည်ဆောက်နိုင်ခြင်းဟာ သင့်ရဲ့ အနာဂတ်ပညာရေးနဲ့ လုပ်ငန်းအခွင့် အလမ်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အတက်ဖော်ပြပါအချက်တွေအပြင် ဘာသာစကာတတ်မြောက်ခြင်းဟာ တခြားအကျိုးကျေးဇူးများလည်း ရရှိနိုင်မှာြဖစ် ပါတယ်။ ဘာသာစကား အသစ်တစ်ခု တတ်မြောက်ခြင်းဟာ မိမိအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အကျိုးကျေးဇူး များစွာရရှိနိုင်တဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။ ထိုနည်းတူ ဘာသာစကားအသစ်တစ်ခု ကျွမ်းကျင် တတ်မြောက်စွာ လေ့လာခြင်းဟာ အချိန်နဲ့ အာရုံစူစိုက်မှု လိုအပ်တဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်တာမို့ မိမိပညာရေးနဲ့ ဘဝ ရည်မှန်းချက်အပေါ် အခြေခံပြီး သင်ယူလေ့လာမယ့် ဘာသာစကားကို စနစ်တကျ ရွေးချယ်ဖို့တော့ လိုအပ်ပါတယ်။

Hein Htet Naing

B.A (Hons) Business and Management (Oxford Brookes University)