ဘဝမှာ တိုးတက်အောင်မြင်ချင်တယ်ဆိုရင် မဖြစ်မနေ စွန့်ပယ်ဖို့လိုတဲ့ အကြောက်တရားများ

ဘဝမှာ သင့်ကို အမြင့်နေရာကို မတက်နိုင်အောင် နောက်ကနေ ဆွဲထားကောင်း ဆွဲထားနိုင်တဲ့ အကြောက်တရား ဆယ်မျိုး ရှိတယ်လို့  Psychotherapist စိတ်ကုထုံး ပညာရှင်တစ်ဦးဖြစ်တဲ့ Amy Morin က ပြောပါတယ်။

လူတော်တော်များများဟာလည်း ဒီလို အကြောက်တရားတွေကို ဖယ်ခွာပစ်ဖို့ ခက်ခဲနေကြတာကို တွေ့ခဲ့ရတယ်လို့ Morin က ဆိုပါတယ်။ သင့်မှာ လူမှုဆက်ဆံရေး၊ အလုပ်အကိုင် ဒါနဲ့ပတ်သက်လို့ စိုးရိမ်တတ်တာမျိုး၊ တစ်ခုခု အဆင်မပြေဖြစ်မှာ ယုစွအဆုံး သေမှာကို စိုးရိမ်ပူပန်မိတာမျိုး ရှိနိုင်ပါတယ်။ သင့်ဆီမှာ ဘယ်လို အကြောက်တရားတွေပဲ ရှိနေပါစေ၊ တကယ်တမ်းမှာတော့ သင့်အနေနဲ့ သင့်ရဲ့ comfort zone တစ်ခုထဲကနေ မထွက်ဘဲ အဲဒီမှာပဲ ဆက်နေသရွေ့တော့ သင်ဟာ သေးငယ်တဲ့ ဘဝတစ်ခုထဲမှာ နေထိုင်သွားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သင့်ရဲ့ ဘဝမှာ ယခုထက် ပိုမြင့်မားတဲ့ နေရာကို မတက်လှမ်းနိုင်အောင် သင့်ကို နောက်ကနေ ဆုတ်ဆိုင်းဆွဲထားနိုင်တဲ့ အကြောက်တရား ဆယ်မျိုး ရှိပြီး ဒါတွေကို ဖယ်ထုတ်စွန့်ပစ်လိုက်ဖို့ လိုတယ်လို့ Morin က ပြောပါတယ်။ သူမပြောဆိုတဲ့ ယင်း အကြောက်တရားဆယ်ခုအနက် ထင်သာမြင်သာ ရှိစေမယ့် တစ်ချို့ကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

၁. အပြောင်းအလဲ လုပ်ရမှာကို ကြောက်ခြင်း
တကယ်တော့ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ အချိန်တိုင်း ပြောင်းလဲနေပါတယ်။ ခုချိန်မှာအပြောင်းအလဲတွေက အရင်ကထက်တောင် ပို အရှိန်မြန်မြန်နဲ့တောင် ဖြစ်နေပါတယ်။ ဒီလို ဖြစ်နေတယ်ဆိုပေမယ့် ခုချိန်အထိ အပြောင်းအလဲလုပ်ရမှာကို ကြောက်ရွံ့တဲ့ လူတော်တော်များများ ရှိနေပါတယ်။
သင်ဟာလည်း အဲလိုမျိုး အပြောင်းအလဲ လုပ်ရမှာကို ကြောက်နေမယ်ဆိုရင် သေချာတာကတော့ သင့်အနေနဲ့ အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေးတွေနဲ့ လွဲချော်သွားနိုင်ပါတယ်။

၂.  ကျရှုံးမှာကို ကြောက်ခြင်း
ကမ္ဘာပေါ်မှာ အတွေ့ရ အများဆုံး အကြောက်တရားတွေအနက် တစ်ခုကတော့ ကျရှုံးမှာကို ကြောက်ခြင်းဖြစ်ပါတယ်။ တကယ်တမ်းမှာ ဘာမှတောင် စ မလုပ်ကြည့်ရသေးဘဲနဲ့ ကျရှုံးမှာကို ရင်မဆိုင်ရဲတာ ဖြစ်ပါတယ်။
နောက်ပြီး အောင်မြင်မှု ရမရ မသေချာတဲ့အတွက်သင့်အနေနဲ့ တစ်ခုခုကို စမ်းလုပ်ကြည့်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ကောင်း လက်လွှတ်လိုက်နိုင်ပါတယ်။ အဆုံးစွန်မှာတော့ သင်ဟာ သင့်ကို အောင်မြင်မှုဆီ ရောက်အောင် တွန်းပို့ပေးကောင်း ပေးနိုင်တဲ့ ဘ၀ သင်ခန်းစာတွေ၊ အခွင့်အရေးတွေနဲ့ လွဲချော်သွားနိုင်ပါတယ်။

၃. ငြင်းပယ်ခံရမှာကို ကြောက်ခြင်း
လူ တော်တော်များများဟာ လူသစ်တွေနဲ့ တွေ့ရမှာမျိုး ဒါမှမဟုတ် လူမှု ဆက်ဆံရေး အသစ်တစ်ခု ထူထောင်ရမှာမျိုးကို ရှောင်ကြဉ်တတ်ကြပါတယ်။ အကြောင်းကတော့ ငြင်း
ပယ်ခံရမှာကို ကြောက်လို့ဖြစ်ပါတယ်။ ယုစွအဆုံး ကာလတစ်ခုကြာ လက်ထပ်ထားပြီးဖြစ်တဲ့ အိမ်ထောင်သည်တစ်ချို့ဟာဆိုရင် နိုး လို့ အပြောခံရမှာကို ကြောက်ပြီး ၎င်းတို့ရဲ့ အိမ်ထောင်ဘက်ဆီကနေ အကူအညီတစ်ခုခု တောင်းတာမျိုး မလုပ်ဘဲ ရှောင်ကြဉ်တတ်ကြပါတယ်။
သင့်အနေနဲ့ ငြင်းပယ်ခံရမှာကို ကြောက်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကိုယ်စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ချိန်းဖို့ လုပ်ရမှာ၊ သူဌေးဆီမှာ လစာတိုးတောင်းဖို့ ပြောရမှာ တို့ကို 
မလုပ်မိဘဲ ရှောင်ကြဉ်ကောင်း ရှောင်နိုင်ပါတယ်။ တကယ်တော့ ငြင်းပယ်ခံရတာက နာကျင်စရာ ကောင်းနိုင်ပေမပေ အဲဒီ ငြင်းပယ်ခံရတာထက်စာရင် တကယ်တမ်း ကိုယ်ရ
သင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခု  လွဲချော်သွားတာကမှ ပိုနာကျင်စရာ ကောင်းပါတယ်။

၄. မသေချာမရေရာဖြစ်မှာကို ကြောက်ခြင်း
လူတွေဟာ တစ်ခါတစ်ရံမှာ မရေမရာဖြစ်မှာကို ကြောက်ပြီး မတူညီ ထူးခြားတဲ့ အသစ်တစ်ခုခု စမ်းသပ်လုပ်ကိုင်မှုမျိုးကို မလုပ်ဘဲ နေလိုက်နိုင်ပါတယ်။ တကယ်တမ်းမှာလည်း အသစ်တစ်ခုခုကို စမ်းလုပ်ကြည့်ခြင်းက ပိုကောင်းတဲ့ဘဝတစ်ခုကို ရလိမ့်မယ်ဆိုတဲ့ သေချာပေါက် အာမခံချက်မျိုးလည်း မရှိပါဘူး။
ဒါပေမယ့်လည်း အသစ်အသစ်တွေကို မစမ်းကြည့်ဘဲ တူညီတဲ့ တစ်ခုတည်းအပေါ်မှာပဲ ဒီတိုင်း အပြောင်းအလဲမလုပ်ဘဲ နေခြင်းက သင့်ကို တိုးတက်မှု မရှိဘဲ တန့်အီစေနိုင်ပါတယ်။ 
ဒီတော့ သင့်အနေနဲ့ အလုပ်သစ်တစ်ခုကို လက်ခံရမှာကို ကြောက်တာပဲဖြစ်ဖြစ်၊ မြို့သစ်ကို ပြောင်းရမှာကို စိုးရိမ်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သင့်အနေနဲ့ ဒီ မသေချာမရေရာဖြစ်မှာကို ကြောက်တဲ့စိတ်မျိုးကို ဖယ်ထုတ်ပစ်လိုက်ဖို့ လိုပါတယ်။

၅. မကောင်းတာတစ်ခုခု ဖြစ်လာမှာကို ကြောက်ခြင်း
ဘဝမှာ တစ်ခါတစ်ရံ ဆိုးဝါးတဲ့ ကိစ္စတွေကို မကြုံချင်ဘဲနဲ့ ကြုံလာရနိုင်ပြီး ဒါကလည်း ဘယ်လိုမှ ရှောင်လွဲလို့ မရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။
သင့်အနေနဲ့ ဘဝမှာ မကောင်းတာတွေ ဖြစ်မလာအောင် တားဆီးလို့ မရနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလို မကောင်းတာ ဖြစ်လာမှာကို ကြောက်တဲ့စိတ်ကိုလည်း လက်ခံထားလို့ မဖြစ်ပါဘူး။ 
အဲဒီ ကြောက်စိတ်နဲ့သာဆိုရင် သင့်အနေနဲ့ ချမ်းသာတဲ့ဘဝ၊ ကောင်းတဲ့အရာတွေနဲ့ ပြည့်နေတဲ့ဘဝကို ရနိုင်ဖို့ ခက်ခဲနေပါလိမ့်မယ်။

၆. သူများက ကိုယ့်အပေါ် အကဲဖြတ်ဝေဖန်မှာကို ကြောက်ခြင်း
ပုံမှန်အားဖြင့်တော့ လူတိုင်းဟာ အကောင်း‌ပြောခံချင်ကြသူတွေချည်းပါပဲ။ ကိုယ့်အပေါ် သူများက အကဲဖြတ် ဝေဖန်တာတွေကို မနှစ်သက်တတ်ကြပါဘူး။ 
ဒါပေမယ့် အဲဒီလို သူများက ကိုယ့်ကိုယ် အကဲဖြတ်ဝေဖန်မှာကို ကြောက်တဲ့စိတ်မျိုးက သင့်ကို လမ်းကြောင်းမှန်ပေါ် မရောက်အောင် တားဆီးနိုင်ပါတယ်။
တကယ်တမ်းမှာတော့ လူတစ်ချို့က သင့်ကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် သင့် ကိုယ်ပိုင်စံနှုန်းတွေအတိုင်း သင် စိတ်ဓာတ်ကြံ့ခိုင်စွာ နေနိုင်တယ်ဆိုပြီး ယုံကြည်မှု ရှိနေခြင်းကပဲ သင့်ကို အကောင်းဆုံးဘဝမှာ နေထိုင်စေနိုင်မယ့် အဓိက သော့ချက်ဖြစ်ပါတယ်။

https://www.businessinsider.com/fears-holding-you-back-in...