'' လုပ်ငန်းစတင်တည်ထောင်သူတိုင်း သိထားသင့်တဲ့ စာရင်းကိုင်သဘောတရား (၃) ခု ''

စာရင်းကိုင်ပညာရပ်ရဲ့ အခြေခံသဘောတရား တချို့ကို နားလည်သိရှိထားခြင်းက လုပ်ငန်း စတင်တည်ထောင်သူများဟာ သူတို့ရဲ့လုပ်ငန်းကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရုံသာမက ရေရှည်မှာ ကုမ္ပဏီ တိုးတက်မှုနဲ့ အောင်မြင်မှု ရရှိဖို့အတွက်ပါ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေမှာ ဖြစ်ပါတယ်။ငွေရေးကြေးရေးနဲ့ စာရင်းကိုင်ပညာဟာ ပညာရပ်ဆိုင်ရာ နောက်ခံမရှိသူတွေအတွက် နားလည်တတ်ကျွမ်းဖို့ ခက်ခဲနေနိုင်ပေမယ့် လုပ်ငန်းစတင်လုပ်ဆောင်တဲ့ အစောပိုင်းအဆင့်တွေမှာ လုပ်ငန်းတည်ထောင်သူ တစ်ယောက်အနေနဲ့ ငွေကြေးဆိုင်ရာ ပညာရပ်တွေကို နက်နဲစွာ သိနေဖို့ မလိုအပ်ပါဘူး။ လုပ်ငန်းတည်ထောင်တဲ့ အစပိုင်းမှာ လုပ်ငန်းဟာ ရိုးရှင်းနေမှာဖြစ်ပြီး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တချို့ စာရင်းကိုင် သဘောတရားများကို အခြေခံ သိရှိနေရုံတဲ့ လုံလောက်ပါတယ်။ တခြားနက်နဲနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် ကျွမ်းကျင်သူ စာရင်းကိုင်များနဲ့ တိုင်ပင်ဆွေးနွေးခြင်းဖြင့် အကူအညီရယူကာ လုပ်ငန်းအတွက် အကျိုးရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပြီး ငွေကြေးစီမံခန့်ခွဲမှုအပိုင်းမှာ ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အချိန်ကာလတစ်ခုအကြာမှာ ကုမ္ပဏီဟာ ကြီးထွားလာကာ ငွေကြေးဆိုင်ရာ ရှုပ်ထွေးမှုအဆင့်များ တိုးလာတာနဲ့အမျှ လုပ်ငန်းရဲ့ ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေး အစိတ်အပိုင်းများကို အလေးထားဆောင်ရွက်နိုင်ဖို့ ကျွမ်းကျင်သူ စာရင်းကိုင်ပညာရှင် တစ်ဦးဦးကို ငှားရမ်းခန့်ထားမှသာ သင့်တော်မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အနေအထားမရောက်မချင်း မိမိလုပ်ငန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများကို လုပ်ငန်းတည်ထောင်သူ တစ်ယောက်အနေနဲ့ အကဲဖြတ်စဉ်းစားရတဲ့အခါ သိထားရမယ့် အရေးကြီးတဲ့ စာရင်းကိုင် အယူအဆသုံးခုကို ဖော်ပြသွားပါမယ်။

၁။ Accrual စာရင်းကိုင်ခြင်း သဘောတရား။

Accrual စာရင်းကိုင်ခြင်းက လုပ်ငန်းဆောင်ရွက်ချက်ဖြစ်စဉ် (ဝန်ဆောင်မှု)တစ်ခုအတွက် မိမိလုပ်ငန်းက စားသုံးသူ customer ထံမှ ငွေလက်ခံရရှိတဲ့အချိန် ဒါမှမဟုတ် မိမိလုပ်ငန်းကို ကုန်ပစ္စည်း ထောက်ပံ့ရောင်းချပေးသူ supplier ထံသို့ ငွေပေးချေတဲ့ အချိန်များထက် ၎င်းဝင်ငွေနဲ့ ကုန်ကျစရိတ်များ စတင်ပေါ်ပေါက်တဲ့ အချိန်ကိုသာ အသိအမှတ်ပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ဥပမာအနေနဲ့  မိမိလုပ်ငန်းက ဇန်နဝါရီလမှာ စားသုံးသူ customer တစ်ဦးထံ ဝန်ဆောင်မှုတစ်ခု ပေးမယ်၊ (အရောင်းအဝယ်လုပ်တယ်) ဆိုပါက ထိုဝန်ဆောင်မှုအတွက် မိမိလုပ်ငန်းက နှစ်လအကြာ မတ်လမှာ စားသုံးသူ customer ထံမှ ငွေပေးချေမှုကို လက်ခံရရှိမှာဖြစ်ပြီး ဧပြီလမှာ ပေးလိုက်တဲ့ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်များ ( မိမိလုပ်ငန်းရဲ့ ထိုဝန်ဆောင်မှုမှာ ပါဝင်တဲ့ ကုန်ပစ္စည်း ထောက်ပံ့ရောင်းချပေးသူ supplier ကို ပေးဖို့ရှိတဲ့ကုန်ကြွေး) ကို မိမိလုပ်ငန်းက ပေးချေဖို့ လိုအပ်တယ်ဆိုပါစို့၊ Accrual စာရင်းကိုင်ခြင်း နည်းလမ်းအရ တကယ့်တန်ဖိုးများ လုပ်ဆောင် ပေါ်ပေါက်တဲ့ ဇန်နဝါရီလမှာသာ ထိုဝင်ငွေနဲ့ ကုန်ကျစရိတ်များ အားလုံးကို စာရင်းမှတ်တမ်းသွင်းရပါမယ်။

ဒါက ဘာလို့အရေးကြီးလဲဆိုရင် ငွေပေးချေတဲ့ရက်စွဲများက မိမိကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အားကောင်းမှုနဲ့  စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့အခါ မြင်ရတဲ့ပုံစံ ကွဲလွဲသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဥပမာအရ သက်ဆိုင်ရာ လများအတွင်း ပေါ်ပေါက်တဲ့ ငွေပေးငွေယူများ အားလုံးကို စာရင်းသွင်းပါက မတ်လမှာ ဝင်ငွေကို ပိုမိုရရှိအောင် ဆောင်ရွက်ထားနိုင်တဲ့ အနေအထားကို မြင်ရမှာဖြစ်ပြီး ဧပြီလမှာ ကုန်ကျစရိတ်ပိုများ ပိုမိုကုန်ကျနေသယောင် ထင်ရမှာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းမှာ လုပ်ငန်းပရောဂျက် များစွာရှိတဲ့အခါ ထိုကဲ့သို့ စာရင်းသွင်းတွက်ချက်ခြင်းက ရှုပ်ထွေးမှုများစွာကို ဖြစ်ပေါ်လာနိုင်စေပြီး လုပ်ငန်းရဲ့ဘဏ္ဍာရေးဟာ တကယ့်လက်တွေ့ထက်ပိုပြီး တည်ငြိမ်မှုမရှိတဲ့ပုံစံ ပေါ်ပေါက်နေနိုင်ပါတယ်။ Accrual စာရင်းကိုင်ခြင်းက ငွေပေးချေတဲ့ရက်စွဲတွေကြောင့် လုပ်ငန်းရဲ့ ဘဏ္ဍာရေး ကောင်းမွန်မှုနဲ့ ပတ်သက်ပြီး နားလည်မှုကို မထိခိုက်စေဘဲ ကုမ္ပဏီအတွက် အရာထင်တဲ့၊ အရေးကြီးတဲ့ လုပ်ဆောင်ချက်များကို ဘယ်လိုအချိန်၊ ဘယ်လိုကိစ္စရပ်များနဲ့ ဆောင်ရွက်ခဲ့တာကို ခွဲခြားသိမြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

၂။ ငွေသားစီးဆင်းမှုစာရင်း။

ငွေသားစီးဆင်းမှု Cash flow ဆိုသည်မှာ ဆန့်ကျင်ဘက် နှစ်ခုဖြစ်တဲ့ ဝင်ငွေနဲ့ထွက်ငွေတို့ရဲ့ သဘောတရားကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြနိုင်ပါတယ်။ ၎င်းဟာ ကုမ္ပဏီအတွင်း ဝင်ငွေနဲ့ထွက်ငွေတို့ရဲ့ ငွေသားရွေ့လျားမှုဖြစ်ပြီး စာရင်းမှာ အပေါင်းလက္ခဏာ ဒါမှမဟုတ် အနုတ်လက္ခဏာ ဖြစ်နိုင်ပါတယ်။ တစ်နည်းပြောရရင် ငွေသားစီးဆင်းမှု တွက်ချက်ရာမှာ ဝန်ဆောင်မှု လုပ်ဆောင်ပေးတဲ့ (အရောင်းအဝယ်လုပ်တဲ့) ကာလထက် ငွေပေးငွေယူ ဆောင်ရွက်ချက်များ ဖြစ်ပေါ်တဲ့ ရက်စွဲများကိုသာ စာရင်းသွင်း တွက်ချက်ပါတယ်။ Accrual စာရင်းကိုင်ခြင်း နဲ့ မတူညီဘဲ အထက်ဖော်ပြပါ ဥပမာအရ စားသုံးသူ customer ထံမှ ငွေရတဲ့ မတ်လ နဲ့ ကုန်ကျစရိတ်များ ပေးချေတဲ့ ဧပြီလ အသီးသီးမှာသာ သက်ဆိုင်ရာ ဝင်ငွေနဲ့ ထွက်ငွေ ကဏ္ဍများမှာ စာရင်းသွင်း တွက်ချက်ခြင်း ဖြစ်ပါတယ်။ အပေါင်းလက္ခဏာ ငွေသားစီးဆင်းမှု positive cash flow ဆိုသည်မှာ ကုမ္ပဏီရဲ့ ထွက်ငွေထက် ဝင်ငွေရရှိမှု ပိုမိုများပြားခြင်းကို ဆိုလိုပြီး အနုတ်လက္ခဏာ ငွေသားစီးဆင်းမှု negative cash flow ဟာ ကုမ္ပဏီရဲ့ ဝင်ငွေထက် ထွက်ငွေ ပိုမိုများပြားနေခြင်းကို ဆိုလိုပါတယ်။ ကုမ္ပဏီရဲ့ ငွေသားစီးဆင်းမှု အခြေအနေကို သိရှိဖို့မှာ ထိုကုမ္ပဏီအတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများ (ပေးဖို့ရှိတဲ့ ကြွေးမြီများကို သတ်မှတ်ချိန်အတွင်း ပြန်လည် ပေးဆပ်နိုင်ခြင်း) ပြည့်မီနိုင်မှုကို ငွေသားစီးဆင်းမှု အခြေအနေနဲ့ ချိန်ထိုးအကဲဖြတ်ခြင်းဖြင့် ဆုံးဖြတ်ပေးနိုင်ပါတယ်။

တစ်နည်းဆိုရရင် Accruals စာရင်းကိုင်ခြင်းက ကုမ္ပဏီရဲ့ အမြတ်အစွန်းရှိမရှိ နဲ့ မြတ်တယ်ဆိုပါက မြတ်တဲ့ပမာဏ ဘယ်လောက်ရှိတာကို နားလည်သိရှိစေပြီး ငွေသားစီးဆင်းမှု cash flow က ကုမ္ပဏီရဲ့ ပေးချေရမယ့် ကုန်ကျစရိတ်များကို ကာမိဖို့ ဝင်ငွေအလုံအလောက် ဘယ်လောက်ရှိနေရမယ်ဆိုတာကို အစီအစဉ်ချမှတ်နိုင်ဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဒါ့အပြင် အနုတ်လက္ခဏာငွေသားစီးဆင်းမှု အခြေအနေများပေါ်ပေါက်လာနိုင်ပါက အဲ့ဒါကိုကာမိစေဖို့ ဘဏ္ဍာငွေဖြည့်တင်းမှု ပြုလုပ်ဖို့ လိုအပ်ချက် (ဘဏ်များ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူများထံမှ ချေးငွေရယူဖို့ ရှိ၊မရှိ ကြိုတင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိလုပ်ငန်းကို ကုန်ပစ္စည်း ထောက်ပံ့ရောင်းချပေးသူ supplier ကဲ့သို့သော မိတ်ဖက် လုပ်ငန်းများအား ပေးရန်ရှိတဲ့ကြွေးမြီများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ခြင်းက ၎င်းတို့နဲ့ ဆက်ဆံရေး အထစ်အငေါ့မရှိစေဘဲ လုပ်ငန်းပုံမှန် လည်ပတ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

၃။ ဘဏ္ဍာရေးရှင်းတမ်းများ။

မဖြစ်မနေပါရှိရတဲ့ ဘဏ္ဍာရေးရှင်းတမ်းသုံးခုမှာ စာရင်းလက်ကျန်ရှင်းတမ်း၊ ဝင်ငွေရှင်းတမ်းနဲ့ ငွေသားစီးဆင်းမှု စာရင်းရှင်းတမ်းတို့ ပါ၀င်ပြီး ယင်းတို့ဟာ အချိန်နဲ့တပြေးညီ ကုမ္ပဏီရဲ့ဘဏ္ဍာရေး အခြေအနေတို့ကို လျှပ်တစ်ပြက် ဖော်ပြပေးနိုင်ပါတယ်။ လုပ်ငန်းကို မှတ်ပုံတင်ထားတဲံ နိုင်ငံအပေါ်မူတည်ပြီး  ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ချက်များကို နှစ်စဉ် ထုတ်ပြန်ပေးဖို့ ဥပဒေအရ လိုအပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နှစ်တစ်နှစ်ရဲ့ ဘဏ္ဍာရေးပြက္ခဒိန် ကုန်ဆုံးတဲ့အခါ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီလုပ်ငန်းတိုင်း ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲပြုစုကာ သက်ဆိုင်ရာ ပြည်တွင်းအခွန်ဌာနကို တင်သွင်းရပါတယ်။ ယေဘူယျအနေနဲ့ ပြောရရင် ထိုစာရင်းရှင်းတမ်းများကို ကျွမ်းကျင်တဲ့ စာရင်းကိုင်များက ပြုစုရေးဆွဲ လုပ်ဆောင်ပါတယ်။

ထိုစာရင်းရှင်းတမ်းရဲ့ အရေးကြီးတဲ့ အချက်တစ်ခုမှာ စာရင်းကိုင်များဟာ လုပ်ငန်းကို အခွန်ဥပဒေများ၊ စည်းမျဥ်း စည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ဖို့နဲ့ ကုမ္ပဏီရဲ့ အခွန်ပေးဆောင်ရမှုကို လျှော့ချဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လုပ်ငန်းပေးဆောင်ရမယ့် အခွန်ကို နည်းနိုင်သမျှ နည်းစေဖို့ လုပ်ဆောင်နိုင်တဲ့ အရာများကို အခွန်ဥပဒေများနဲ့အညီ ပြင်ဆင်ပြုစုပေးဖို့ အရေးကြီးပါတယ်။ ဒါ့အတွက်ကြောင့် စာရင်းကိုင်ကျွမ်းကျင်သူများ ပြုစုဖန်တီးထားတဲ့ ဘဏ္ဍာရေးရှင်းတမ်းများဟာ လုပ်ငန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အသုံးပြုနိုင်ပြီး လုပ်ငန်းရဲ့ လက်တွေ့အခြေအနေမှန် ဘဏ္ဍာရေးအချက်အလက်များ၊ ဝင်ငွေ ထွက်ငွေ မျှခြေများ၊ အရှုံးအမြတ်စာရင်းများ၊ သိသာလှတဲ့ ကုန်ကျစရိတ် ကျခံသုံးစွဲရတဲ့ နေရာများ၊ ဘဏ္ဍာငွေလိုအပ်ချက် ရှိ၊မရှိ စတဲ့ အခြေအနေတို့ကို လုပ်ငန်းစတင်တည်ထောင် လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များအနေနဲ့ အကဲဖြတ်သုံးသပ်နိုင်ကာ လုပ်ငန်းအတွက် သင့်တော်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ဆောင်းပါးရှင် Abdo Riani ရေးသားတဲ့ Three Accounting Concepts Every Startup Founder Should Know ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားပါတယ်။

U Myo Htet Naing

B.Com (Hons), M.Com (YIE)