'' Take action (အလုပ်နဲ့သက်သေပြပါ) ''

ကျွန်တော်တို့ဆီက လူငယ်တွေကို ကြည့်လိုက်ရင် အားလုံးတော်နေတယ်လို့ ခံစားရပါတယ်။ ဘာလို့လဲ ဆိုတော့ လူငယ်အတော်များများက အတွေးအခေါ်ကောင်းကြတာကို တွေ့ရပါတယ်။ ပြီးတော့ တီထွင် ဖန်တီးနိုင်မှု၊ စိတ်ကူးစိတ်သန်းနဲ့ အယူအဆတွေ တကယ်ကောင်းကြပါတယ်။ ပြီးတော့ လွတ်လပ်မှုကို လိုလားကြတဲ့အပြင် လေ့လာလိုစိတ်ရှိကြတယ်။ သူတို့နဲ့ စီးပွားရေးအကြောင်းတွေ ဆွေးနွေးလိုက်ရင် သူတို့မှာ အသိပညာ များစွာရှိကြပါတယ်။ ဒါ့အပြင် စီးပွားရေး သီအိုရီအတော်များများကို သိကြတယ်။ မားကတ်တင်းအကြောင်းကိုလည်း ရေရေလည်လည် သိကြပါတယ်။ စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာတွေလည်း သိကြတယ်။ ပြီးရင် အွန်လိုင်းစီးပွားရေးဆိုတာ ဘယ်လို၊ ဘယ်ကဲ့သို့၊ ဘယ်လိုလုပ်ရင် အောင်မြင်မလဲ၊ ဘာတွေလုပ်သင့်လဲ စတဲ့အကြောင်းအရာတွေကို အတော်များများ သုံးသပ်နိုင်ကြတယ်။ ဘယ်သူတွေကတော့ အွန်လိုင်းမှာ ဘာကိုလုပ်နေတာ၊ ဘယ်လို ပေါ်ပြူလာဖြစ်အောင် လုပ်နေတာ စတဲ့အကြောင်းအရာတွေကို ဝေဖန်နိုင်စွမ်းရှိကြတယ်။

အင်္ဂလိပ်စာဆိုရင်လည်း ဘယ်ချန်နယ်က ဘယ်လိုကောင်းတယ်၊ ဘာတွေက လေ့လာသင့်တယ်၊ အင်္ဂလိပ်စာ ဆိုတာလေ့လာသင့်တယ်၊ ပညာရေးကတော့ဖြင့် ဘယ်လိုရှိတယ် စတဲ့အကြောင်းအရာတွေကို လူငယ်တွေ သုံးသပ်ဝေဖန်နေကြတာ အတော်များများတွေ့ရပါတယ်။ အတိုချုံ့ပြောရရင် ကျွန်တော်တို့ဆီက လူငယ်အတော်များများက ကိစ္စတိုင်းလိုလိုမှာ သုံးသပ်ဝေဖန်နိုင် ကြတာကို တအံ့တဩတွေ့မြင်ရပါတယ်။ ဒါပေမဲ့ လိုအပ်နေတာတစ်ခုပဲ။ အဲ့ဒါ လက်တွေ့ထလုပ်လိုက်ဖို့၊ Take action ၊ တကယ်လုပ်ဖို့လိုနေတာ တစ်ခုပဲ။ မရှိတာထက် မသိတာခက်သလို၊ မသိတာထက်လည်း ဘာမှမလုပ်တာခက်တယ်။ အွန်လိုင်းပေါ်က ဟာသတစ်ခုကို ဖတ်ဖူးမယ် ထင်ပါတယ်။ စိတ်ကောင်းက ရှိပါတယ်။ ဒါပေမဲ့ ထုတ်မသုံးဘူးတဲ့။ စာတွေ အများကြီးဖတ်ထားတယ်။ ဒါပေမဲ့ထုတ်မသုံးဘူး။ သင်တန်းတွေ လိုက်တက်တယ်။ ဒါပေမဲ့ ပြန်မသုံးဘူး။ စီးပွားရေးအကြောင်းတွေ ရသမျှလေ့လာတယ်။ ပြီးတော့ ပိုက်ဆံလေးစုမယ့် အစီအစဉ်တောင် မအောင်မြင်ဘူး။ ကျွန်တော်တို့က သိထားသမျှ၊ လေ့လာထားသမျှကို ထုတ်သုံးရမယ်။ အသုံးချရမယ်။ လုပ်ဆောင်ရမယ်။ Take action ။ ခေါင်းထဲမှာ ပေါ်လာတာတစ်ခုကို ချက်ချင်းကောက်လုပ်လိုက်၊ ဒါမှ အဆင်ပြေပါလိမ့်မယ်။

ဒီတော့ ဒီနေရာမှာ ကိုယ့်ရဲ့အချိန်ဆွဲ‌လေးကန်နေမှုကို ဖျောက်ဖျက်ပြီး ချက်ချင်းအလုပ်စလုပ်ဖို့ နည်းလမ်း အနည်းငယ်ကို ပြောပြပါ့မယ်။

(၁) ကြောက်စိတ်ကို ဖယ်ထား။

သင်က သင့်စိတ်မှာပေါ်လာတဲ့ အတွေးတစ်ခုကို အကောင်းအထည်ဖော်ဖို့ မကြောက်ပါနဲ့။ လူအတော် များများက အလုပ်တစ်ခုလုပ်ဖို့ အတွေးအခေါ်ရှိတယ်။ ဒါပေမဲ့ စလုပ်လိုက်ဖို့ နှောင့်နှေးနေတတ်တယ်။ ဒါဘာလို့လဲဆိုတော့ သက်သောင့်သက်သာအခြေအနေ (Comfort Zone) ထဲကနေ ထွက်လိုက်ဖို့ လိုနေတာပါ။ သင့်မှာ စိတ်ကူးစိတ်သန်းကောင်းတွေရှိရင် ချက်ချင်းထလုပ်လိုက်ပါ။ Take action။ တကယ် လုပ်ကြည့်ရင် သင်ပူပန်နေတဲ့အရာတွေပျောက်ပြီး တစ်ဝက်လောက်အောင်မြင်နေပါပြီ။

(၂) အချိန်ကို သတိထား။

ဘုရားဟောမှာ သတိတရားကို လက်ကိုင်ထားဖို့ မိန့်ကြားထားတာရှိတယ်။ သတိ။ သတိ။ သွားသတိ။ စားသတိ။ လာသတိ။ အိပ်သတိ။ ကျွန်တော်ထပ်ဖြည့်ပြောချင်တာက သတိ။ အွန်လိုင်းသတိ။ အပျော်အပါး သတိ။ အချိန်သတိ။ ဘဝသတိ။ သင့်က သင့်ဘဝကို တန်ဖိုးထားရင် အချိန်ကိုလည်း တန်ဖိုးထားကို ထားသင့်တယ်။ ယနေ့ခေတ်အခါက ကမ္ဘာတစ်ဝှမ်းလုံးက အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေကြတော့ သင်ဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို သတိထားနေရမယ်။ သင့်က အွန်လိုင်းမှာ အချိန်ဖြုန်းနေချိန် Youtuber တစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်က ကြည့်ရှုသူတွေ တဖြည်းဖြည်းများလာပြီ။ သင့်က အိပ်နေချိန်မှာ တခြား တစ်ယောက်က သူရဲ့အိပ်မက်ကို အကောင်အထည်ဖော်နေပြီ။ ထတော့။ အချိန်တွေက ရွေ့နေတယ်။

(၃) ပန်းတိုင်ကို စိတ်ထဲမှာမှတ်။

သင်ဟာ သင့်စိတ်ကူးအိပ်မက်ကို စလုပ်ပြီဆိုပါတော့၊ သင့်ရဲ့ပန်းတိုင်ကို ကြိုတင်မြင်ယောင်ထားပါ။ ပြီးရင် အဲ့ဒါကို အမြဲတွေးနေပါ။ ဒီလိုလုပ်ခြင်းက သင့်အိပ်မက်ခရီးကို ပိုပြီးမြန်ဆန်စေတဲ့အပြင် ပိုလည်း ပြင်းထန် လာစေပါတယ်။ ဒါကြောင့် ပန်းတိုင်ကို စိတ်ထဲမှာမှတ်။ စလုပ်တော့။ Take action။

(၄) အလုပ်ကို အလုပ်လိုသဘောထား။

သင်က ရှေ့ကကြုံတွေ့ရမယ့် အရာတွေကို ကျော်ဖြတ်ပြီး လုပ်ငန်းစနေပြီ ဆိုပါစို့။ အဲ့ဒီအချိန်မှာ သင်ဟာ သင့်အလုပ်ကို အတိအကျလုပ်ရတော့မယ်။ လေးလေးနက်နက် လုပ်ရတော့မယ်။ အလုပ်ကို အလုပ်လို သဘောထားရတော့မယ်။ ဘာလို့လဲဆိုတော့ သင်ရွေးချယ်ထားပြီးသားလမ်းကို သင်ကိုယ်တိုင်ပဲ ဆက်လျှောက်ရပါလိမ့်မယ်။ အဲ့ဒါ သင့်မှာပဲ တာဝန်ရှိပါတယ်။ သင်လုပ်ငန်းတစ်ခုထဲကို စလုပ်ပြီဆိုတာနဲ့ တစ်နေ့တာမှာ သင်စိတ်ပါပါ မပါပါ လုပ်ရပါမယ်။ ဆင်ခြေမပေးဘဲ လုပ်ဆောင်သင့်ပါတယ်။ အလုပ်ကို အလုပ်လို သဘောထား။

(၅)ကိုယ့်လူ ဆက်လုပ်။

သင့်ဟာ ပထမဆုံးအဆင့်ဖြစ်တဲ့ကြောက်စိတ်ကိုလည်း ဖြတ်ကျော်ပြီးပြီ။ သင့်အချိန်ကိုလည်း တန်ဖိုး ထားနေပြီ။ လုပ်ငန်းလည်းစနေပြီ။ ပန်းတိုင်လည်း သတ်မှတ်ထားပြီးပြီ။ ဒါဆိုရင် ကိုယ့်လူ ဆက်လုပ်တော့။ လူအများစုက သူတို့စခဲ့တဲ့ဇာတ်လမ်းကို လမ်းတစ်ဝက်နဲ့တင် ရပ်နေတာများပါတယ်။ တကယ်တမ်းက ဘာပဲဖြစ်ဖြစ် ဆက်လုပ်နေရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ဆက်လုပ်လို့ပြောရတာလဲဆိုတော့ ကျွန်တော် ပြောမပြချင်တော့ဘူး။ တကယ်လက်တွေ့လုပ်ကြည့်လိုက်၊ အရသာကို ခံစားရလိမ့်မယ်။

နိဂုံးချုပ်ရရင် အထက်ကပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ဆီက လူငယ်တွေက အတွေးအခေါ်အယူအဆတွေ ရှိကြပါတယ်။ စဉ်းစားတတ်ကြတယ်။ အိပ်မက်တွေရှိကြတယ်။ ဒါကို စလုပ်စေချင်တယ်။ အက်ရှင် ယူစေချင်တယ်။ အိပ်မက်တွေရှိနေပြီး အကောင်အထည်မဖော်ဘဲ တန်းလန်းကြီးထားတာက ကိုယ့်ကိုယ် ကိုယ် ပိုပင်ပန်းစေပါတယ်။ စလုပ်လိုက်တော့၊ အလုပ်နဲ့သက်သေပြ၊ Take action။

U Aung Thu

M.Com, B.Com (Mtl Eco), PG Dip Research Studies (Myw Eco)