'' အပြောင်းအလဲများကို စီမံရာမှာ လိုက်လျောညီထွေရှိမှုရဲ့ အရေးပါပုံ ''

မနက်အိပ်ရာက ထချိန်မှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လိုပြင်ဆင်မလဲ?

သင်က တစ်နေ့တာအချိန်တွေကို တွေးတောပြီး စိုးရိမ်ပူပန်မှုများ ကြုံလာရပါသလား?

ဘဝမှာ အပြောင်းအလဲဆိုတာ မရှိမဖြစ် ကြုံရမှာ ဖြစ်ပါတယ်။ အပြောင်းအလဲတွေဟာ စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့်လည်း လိုက်လျောညီထွေဖြစ်စေတဲ့ စွမ်းရည်များစွာနဲ့ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲခြင်းက အပြောင်းအလဲများကို လက်ခံဖြေရှင်းရာမှာ အဆင်ပြေချောမွေ့စေပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ အလွယ်တကူ လိုက်လျောညီထွေစွာ နေတတ်သူဟာ အဖွဲ့မှာ သာလွန်သူတစ်ဦးအဖြစ် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သင်ရဲ့ လိုက်လျောညီထွေမှု ရှိ၊ မရှိ အဆင့်ကို တိုင်းတာဖို့အတွက် သင့်အားကောင်းစွာနားလည်တဲ့သူတွေရဲ့ ထင်မြင်ချက်ကို လက်ခံဖို့လိုအပ်ပါတယ်။ လိုက်လျောညီထွေမဖြစ်တဲ့သူဟာ စိတ်တင်းကျပ်လွန်းပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်များ ဖြစ်လာတတ်ပါတယ်။ လိုက်လျောညီထွေရှိမှုမှာ ကျွန်ုပ်တို့ရဲ့ မွေးရာပါစွမ်းရည်တစ်ခု မဟုတ်ပေမယ့်လည်း လူတိုင်းအချိန်နဲ့အမျှ သင်ယူနိုင်တဲ့အရာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်များကို ချိန်ညှိခြင်းကလည်း ကျွန်ုပ်တို့ကို ပိုမိုလိုက်လျောညီထွေမှုဖြစ်စေပြီး အပြောင်းအလဲများကို ဖြေရှင်းရာမှာ များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ လိုက်လျောညီထွေရှိဖို့ လိုအပ်နေတဲ့သူ တစ်ယောက်မှာ ထိုအချက်ကို လုပ်ဆောင်နိုင်ပြီဆိုရင် ရရှိလာမယ့် အကျိုးကျေးဇူး များစွာရှိပါတယ်။ အစပိုင်းမှာ လိုက်လျောညီထွေစွာနေနိုင်ဖို့ လွယ်ကူမှာ မဟုတ်ပေမယ့်လည်း စိတ်ရှည်သည်းခံခြင်း၊ လေ့ကျင့်ခြင်းတို့နဲ့ အောင်မြင်လာမှာ ဖြစ်ပါတယ်။

(၁)လုပ်ငန်းခွင်မှာ မိမိရဲ့တန်ဖိုး မြင့်လာမယ်။

ယခုခေတ်မှာ လိုက်လျောညီထွေ ရှိမှုက စီးပွားရေးလုပ်ဖို့အတွက် အဓိကအချက် ဖြစ်လာပါတယ်။ ဆိုလိုတာက ဝန်ထမ်းတစ်ဦးအနေနဲ့လည်း လိုက်လျောညီထွေဖြစ်စေဖို့ လိုလားမှုရှိရမှာဖြစ်ပါတယ်။ လိုက်လျောညီထွေရှိမှုက စိတ်ကူးဉာဏ်သစ်များကို ဖွင့်ပေးကာ သင့်ကို လက်ရှိအနေအထားကို မေးခွန်းထုတ်စေပြီး လုပ်ရိုးလုပ်စဥ်များကို သွေဖယ်စေမှု ဖြစ်စေပါတယ်။ လိုက်လျောညီထွေရှိသူများဟာ အပြောင်းအလဲများကို မကြောက်ကြပါဘူး။ ၎င်းတို့က အပြောင်းအလဲများကို ကိုင်တွယ်ဖို့ ပထမဦးစွာ လိုအပ်တဲ့ အစီအစဥ်များကို ကြိုတင်စီမံထားပြီး တာကြောင့် ဖြစ်ပါတယ်။ ယခုအခါ အဖွဲ့အစည်းအများစုက ဝန်ထမ်းများကြားမှာ လိုက်လျောညီထွေရှိခြင်းရဲ့ အရေးပါမှုကို အလေးပေးနေကြပြီး အဲ့ဒီလမ်းကြောင်းက အနာဂတ်မှာ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။ 2018 မှာ  HR ကျွမ်းကျင်သူ 91% က လူသစ်ခေါ်ယူခြင်းအတွက် အဓိက စံသတ်မှတ်ချက်မှာ လိုက်လျောညီထွေရှိမှုဖြစ်ပြီး ဒီသတ်မှတ်ချက်အတိုင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ဒီအချိန်က အလုပ်ရှာဖွေမှု ဈေးကွက်မှာ အမှန်တကယ် ထူးချွန်လိုပါက၊ သင့်ရဲ့ လိုက်လျောညီထွေရှိမှုစွမ်းရည်ကို ထက်မြက် မြင့်မားအောင် စတင်ကြိုးစားဖို့ အရေးကြီးပါတယ်။ အဲ့လိုပြုလုပ်ခြင်းက အမြဲတိုးတက်ပြောင်းလဲနေတဲ့ လုပ်ငန်းများ ဖြစ်စေကာမူ သင်က အလုပ်အကိုင်ရှာဖွေနိုင်မှာ အသေချာပဲ ဖြစ်ပါတယ်။

(၂) လိုက်လျောညီထွေရှိမှုကခေါင်းဆောင်တိုင်းရှိသင့်တဲ့အရည်အချင်းတစ်ခု။

ခေါင်းဆောင်တစ်ယောက်အဖြစ် ကောင်းမွန်စွာ ဦးဆောင်လိုပါက လိုက်လျောညီထွေရှိမှုကို မေ့ထားလို့မရပါဘူး။ လိုက်လျောညီထွေရှိတဲ့ ခေါင်းဆောင်များက သူတို့လုပ်ဖော်ကိုင်ဖက်များရဲ့ လေးစားမှုကိုရရှိပြီး အပြောင်း အလဲများကို လက်ခံရင်ဆိုင်ဖို့ ဦးတည်နေသူများထံ လှုံ့ဆော်ပေးကာ လုပ်ငန်းလည်ပတ်မှုကို တတ်နိုင်သမျှ ချောမွေ့စေနိုင်ပါတယ်။ ‘Flexible and Adaptive Leadership is Important’ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ Rubina Mahsud နဲ့ Gary Yukl တို့က “မမျှော်လင့်ထားတဲ့ ခြိမ်းခြောက်မှုများက အဖွဲ့အစည်းတစ်ခုရဲ့ ပိုင်ဆိုင်မှုများနဲ့ အသက်အိုးအိမ်စည်းစိမ်များ”ကို ပျက်စီးစေတတ်တယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်းတစ်ခုဟာ အဲ့ဒီခြိမ်းခြောက်မှုမှ လွတ်မြောက်နိုင်စေဖို့ နည်းလမ်းတစ်ခုမှာ အဆိုပါခြိမ်းခြောက်မှုများကို လျင်မြန်စွာ တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်း  လိုအပ်တဲ့ လိုက်လျောညီထွေရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ခက်ခဲတဲ့ အချိန်များမှာ ဆက်လက်ရှင်သန်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်များက အပြောင်းအလဲများကို ရင်ဆိုင်ဖို့ အတွက် အကောင်အထည်ဖော်ရာမှာ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ လိုအပ်တဲ့ စိန်ခေါ်မှုများနဲ့ အမြဲရင်ဆိုင်နေကြရပါတယ်။ အလျင်လိုနေတဲ့ ဆုံးဖြတ်ချက်တစ်ခုကို တတ်နိုင်သမျှ မြန်မြန်ဆုံးဖြတ်ဖို့ ပျက်ကွက်ခြင်းက သူတိုအဖွဲ့အစည်းကို လျင်မြန်စွာ နစ်မြုပ်သွားစေနိုင်ပါတယ်။

(၃) လိုက်လျောညီထွေရှိမှုက ပျော်ရွှင်မှုနဲ့ဘဝတစ်ခုလုံးရဲ့ ကျေနပ်မှုကို ဖန်တီးပေးပါတယ်။

Guy Winch ရဲ့အဆိုအရ၊ ကျွန်ုပ်တို့ဟာ လိုက်လျောညီထွေဖြစ်စေဖို့ ဆန္ဒရှိတဲ့အခါမှာ ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ အထင်ရှားဆုံးတွေထဲမှတစ်ခုက ဘဝရဲ့ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။ “ကျွန်ုပ်တို့ဟာ ဘဝမှာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများနဲ့ အမြဲရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း လှိုင်းလုံးကြီးပြီးနောက် တချို့က ဒီအဆင်မပြေမှုတွေကို သတ္တိရှိရှိခံယူပြီး တချို့က ဘဝကပေးသမျှ သင်ခန်းစာ တွေကိုသင်ယူပြီး ဘဝကို ရှေ့ဆက်လိုက်ကြပါတယ်။ ကျွန်ုပ်တို့ မငြင်းနိုင်တဲ့ အချက်တစ်ချက်မှာ ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ အရည်အသွေးရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှုတို့က ကျွန်ုပ်တို့ရဲ့ လိုက်လျော ညီထွေရှိနိုင်မှု စွမ်းရည်ပေါ်မှာ များစွာမူတည်ပါတယ်။ ” လိုက်လျောညီထွေရှိနိုင်မှုက မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေမှာ သင့်ကို ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကူညီပေးပါတယ်။

(၄)အသက်မွေးဝမ်းကြောင်းဆိုင်ရာအပြောင်းအလဲများကိုချောမွေ့စွာဖြတ်သန်းဖို့ ယုံကြည်ချက်ရှိစေပါတယ်။

အလုပ်ခွင်များမှာ ကြီးကြီးမားမား အလုပ်သမားလျှော့ချလိုက်ပြီးတဲ့နောက် သင်က အလုပ်ရှာဖွေမှုဈေးကွက်ထဲကို ပြန်ရောက်လာတယ်လို့ဆိုကြပါစို့။ သင်ဘာကို အရင်ဆုံးလုပ်ဆောင်မလဲ။ အလုပ်တွေရှာရင်း မျှော်လင့်ချက် ကင်းမဲ့မှုက သင့်ကိုလွှမ်းမိုးစေပါသလား။ ဒါမှမဟုတ် သင့်ရွေးချယ်ခွင့်အားလုံးနဲ့ အားသာချက်တို့ကို စဉ်းစားပြီး အရင်ကမလုပ်ဖူးသေးတဲ့ လုပ်ငန်းများမှ အလုပ်အကိုင်များကို ရှာဖွေမှာလား။ လိုက်လျောညီထွေရှိမှုက အလုပ်ရှာဖွေနေစဉ်မှာ မတူညီတဲ့အလုပ်အခန်းကဏ္ဍများကို သင်ကိုယ်တိုင်ကြိုးစားနေတာကြောင့် သင်ရဲ့ အောင်မြင်နိုင်ခြေကို တိုးမြင့်စေပါတယ်။

(၅)ဘဝမှာ သင်လဲကျတဲ့အခါတိုင်း ပြန်ပြန်ထဖို့ လွယ်လာလိမ့်မယ်။

ဘဝမှာ မမျှော်လင့်ထားတဲ့ အဆင်မပြေမှုများကြုံတွေ့ရတဲ့ အချိန်တွေရှိပါတယ်။ ဘဝရဲ့ဒုက္ခများ သင့်ကို နစ်မြုပ်ဖို့ကြိုးစားတဲ့အခါ လိုက်လျောညီထွေရှိခြင်းက သင့်ကို ရှင်သန်ခွင့်ပေးမှာ သေချာစေပါတယ်။ ဘဝရဲ့ ဒုက္ခများကနေ ဝေးရာကိုပြေးနေမယ့်အစား ဒါကိုဆုပ်ကိုင်ထားပြီး အဲဒါနဲ့အတူ စီးဆင်းလိုက်ပါပြီး လိုက်လျော ညီထွေရှိသူများကသာ ခံနိုင်ရည်ရှိသူများ ဖြစ်ပါတယ်။ ခံနိုင်ရည်ရှိမှုဆိုင်ရာ ကျွမ်းကျင်သူ Dean Becker က ကျွန်ုပ်တို့ရဲ့ ဘဝအောင်မြင်မှုက ကျွန်ုပ်တို့ရဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းပေါ်မှာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး Dean Becker က “လူတစ်ဦးချင်းစီရဲ့ အောင်မြင်မှုက သူတို့ရဲ့ ပညာရေး၊ ဉာဏ်ရည် ဒါမှမဟုတ် အတွေ့အကြုံပေါ်မူတည်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ ခံနိုင်ရည်ရှိမှုအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။ အောင်မြင်မှုမှာသာမက အားကစား၊ ဆေးပညာ၊ စီးပွားရေး စတဲ့နေရာမှာလည်းပဲ ခံနိုင်ရည်ရှိမှုမှာ အရေးကြီးတယ်လို့ ဆိုပါတယ်။ လိုက်လျောညီထွေရှိမှုက အပြောင်း အလဲများကိုကိုင်တွယ်ဖို့ သင့်ရဲ့ စွမ်းရည်ကို ချဲ့ထွင်စေပါတယ်။ အပြောင်းအလဲများ ဘယ်လောက်ပဲခက်ခဲပါစေ၊ အခြေအနေများကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ သင့်စွမ်းအင်တွေကို စွန့်ပစ်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ချက်ချင်းပြောင်းလဲနိုင်တာကြောင့် သင်ဘယ်လိုအခြေအနေမျိုးမှာမဆို ရှင်သန်ကြီးထွားလာစေမှာပါ။

Enterprise Risk Management Academy Website ရဲ့  “Why Adaptability is Important in Helping You Manage Change” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Zin Lin Htet , BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University