"ဆောက်လုပ်ရေးနယ်ပယ်မှာ Sustainability ရဲ့ အရေးပါမှု"

ယနေ့ခေတ်မှာ လူတို့ရဲ့ ပယောဂများကြောင့် ကမ္ဘာကြီးယိုယွင်းပျက်စီးလာခြင်း၊ သဘာဝပတ်ဝန်းကျင် အပေါ်မှာ မကောင်းတဲ့သက်ရောက်မှုများ ဖြစ်ပေါ်စေခြင်းတို့ကို အတတ်နိုင်ဆုံးလျှော့ချဖို့ အလေးပေး စဥ်းစားလာ ကြပြီဖြစ်ပါတယ်။ဒီသက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် Sustainability၊ Green Building နဲ့ပတ်သက်ပြီး ဦးစားပေး လုပ်ဆောင်လာကြပါတယ်။ Sustainability Development ဆိုသည်မှာ နောင်အနာဂတ် Generation အတွက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမဖြစ်စေဘဲ လက်ရှိ Generation ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဖြစ်ပါတယ်။ လူသားတို့ရဲ့လိုအပ်ချက်အတွက် အကောင်အထည်ဖော်သလို ကမ္ဘာကြီးကိုလည်း နဂိုမူလအတိုင်း ရှိနေအောင်၊ ရေရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းခြင်းပဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဟာ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အဆောက်အဦများနဲ့ တခြား Structure များ တည်ဆောက်ရာမှာ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ် များစွာ လိုအပ်သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းရဲ့ အဓိကအကြောင်းအရင်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့်ပဲ ဖြစ်ပါတယ်။ BIMhow မှ ပြုစုရေးသားထားတဲ့ သုတေသနဆောင်းပါးမှာ လေထုညစ်ညမ်းမှု ၂၃ ရာခိုင်နှုန်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဥ် ၅၀ ရာခိုင်နှုန်း၊ သောက်သုံးရေ ညစ်ညမ်းမှု ၄၀ ရာခိုင်နှုန်းနဲ့ မြေဆီလွှာညစ်ညမ်းမှု ၅၀ ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့်ပဲ ဖြစ်ပါတယ်။ US Green Building Council ရဲ့ သုတေသနအရ ကမ္ဘာတစ်ဝန်း စွမ်းအင်ထုတ်ယူအသုံးပြုမှုရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများမှ ဖြစ်ပါတယ်။ အဲ့ဒီသုတေသနခန့်မှန်းချက်အရ ၂၀၃၀ မှာ နောက်ထပ် ၁.၈ ရာခိုင်နှုန်း ထပ်မံမြင့်တက်လာမယ်လို့ ဆိုပါတယ်။ Sustainable Design ကို အဖက်ဖက်မှ ထည့်သွင်းစဥ်းစားဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို Green Building လို့ခေါ်ပါတယ်။ Sustainable Design ထဲမှာ မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်ရမယ့် အရေးကြီး အချက်များ ရှိပါတယ်။ အဲ့ဒါတွေကတော့ အဆောက်အဦအတွက် စွမ်းအင်အသုံးပြုမှုကို လျှော့ချစေပြီး နေရောင်နဲ့ လေမှရတဲ့ သဘာဝစွမ်းအင်ကို အဓိကအသုံးပြုခြင်း၊ သဘာဝရင်းမြစ်များကို ဆိုးရွားစွာ ပြုန်းတီးထိခိုက်စေမှုကို ရှောင်ရှားခြင်း၊ ပြန်လည်အသုံးပြုနိုင်မှု (Recycling) ကို အလေးပေးလုပ်ဆောင်ခြင်း၊ နေထိုင်သူတို့ကို သက်သောင့် သက်သာရှိစေမှုနဲ့ လုံခြုံစေခြင်း၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ထိခိုက်မှုမရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Sustainable Design တစ်ခုဖန်တီးမယ်ဆိုပါရင် Architect နဲ့ Structure Engineer များတင်မကဘဲ နယ်ပယ်ပေါင်းစုံမှ အင်ဂျင်နီယာများ၊ ကျွမ်းကျင်ပညာရှင်များပါ ပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ Renewable ပြုလုပ်နိုင်တဲ့ သဘာဝရင်းမြစ်များကို ထိန်းသိမ်းခြင်းမရှိဘဲ အလွန်အကျွံအသုံးပြုမှု၊ Renewable ပြန်လည်မလုပ်နိုင်တဲ့ သဘာဝရင်းမြစ်များကို ထုတ်ယူသုံးစွဲမှု၊ ရုပ်ကြွင်းလောင်စာများ အလွန်အမင်း အသုံးပြုမှု၊ မြေဆီလွှာ လေထုနဲ့ ရေထုတို့ပျက်စီးခြင်းကို ဖြစ်စေမှုတို့ကြောင့် လက်ရှိနဲ့ အနာဂတ် မျိုးဆက်များအတွက် ရှင်သန်ရပ်တည်ဖို့ အခက်အခဲများ ရင်ဆိုင်ရမယ့်အရေးမှာ ရှိနေပါတယ်။နိုင်ငံတကာမှာ Sustainability နဲ့ပတ်သက်ပြီး အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ သို့ပေမဲ့ ဒီအလေ့အကျင့်များကိုကျင့်သုံးဖို့ တွန့်ဆုတ်နေကြတဲ့ နိုင်ငံများလည်းရှိပြီး မြန်မာနိုင်ငံဟာလည်းပဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တွန့်ဆုတ်ဝန်လေးနေမှုတွေကိုကျော်လွန်ပြီး Sustainable Construction နဲ့ ပတ်သက်ပြီး အသိပညာပေးနိုင်မှုမှာ လတ်တလောမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေပါတယ်။ စိန်ခေါ်မှု များထဲမှ အကြီးမားဆုံးမှာ ဗဟုသုတနည်းပါးခြင်းနဲ့ အကျိုးကျေးဇူးကို နားလည်လာစေဖို့ အသိပညာပေးမှု နည်းပါးခြင်းကြောင့်ပဲဖြစ်ပါတယ်။ လူအတော်များများက sustainability နဲ့ပတ်သက်တဲ့ နည်းပညာများနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိကြသလို ရရှိလာမယ့် အကျိုးကျေးဇူးများကို သဘောမပေါက်ကြပါဘူး။ ရေရှည်အတွက် ကုန်ကျစရိတ်သက်သာပေမယ့်လည်း သမားရိုးကျမဟုတ်တဲ့ တည်ဆောက်ရေးနည်းလမ်းတွေကြောင့် အတူတကွ လုပ်ဆောင်ကြဖို့ ဆွဲဆောင်ရာမှာ ရှိနေပြန်ပါတယ်။ နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ မြန်မာနိုင်ငံမှာ Infrastructure များ၊ အထောက်အပံ့ကောင်းများနဲ့ အရင်းအမြစ်များ မပြည့်စုံခြင်းပဲ ဖြစ်ပါတယ်။ ထို့အတူ Renewable Energy များနဲ့ စွန့်ပစ်ပစ္စည်းများကို စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုနိုင်မှုတို့အပေါ်မှာ အာရုံစိုက်မှု နည်းပါးနေဆဲဖြစ်ပါတယ်။ ဒါကြောင့် Sustainable Development ကို ဦးတည်သွားရာမှာ အကောင်အထည်ဖော်ဖို့ ခက်ခဲနေနိုင်ပါတယ်။ အဖက်ဖက်မှ စိန်ခေါ်မှုများ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံမှာ Sustainable Development အတွက် အခွင့်အလမ်းများ ရှိနေပါသေးတယ်။ လူထုပညာပေးလှုပ်ရှားမှုများကို စတင်နိုင်သလို မက်လုံးများနဲ့ စည်းမျဥ်းစည်းကမ်းများ ကြပ်ကြပ်မတ်မတ် ချမှတ်ခြင်းတို့ကို ပထမခြေလှမ်းအဖြစ် အကောင်အထည်ဖော်ထားနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရရင် မြန်မာနိုင်ငံမှာ Sustainable Development နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုမှာ သမာားရိုးကျ မဟုတ်ပါဘူး။ သို့ပေမဲ့ မှန်ကန်တဲ့ နည်းလမ်းများနဲ့ အသိပညာပေးခြင်း၊ စည်းစနစ်ကျတဲ့ ဗျူဟာများ ချမှတ်ခြင်းတို့ကြောင့် အချိန်တိုအတွင်း တိုးတတ်နိုင်မှာ ဖြစ်ပါတယ်။။ ထို့အတူပဲ Sustainable Development အတွက် စံနမူနာယူရလောက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ Project များမှ ဗဟုသုတအသစ် အတွေးအခေါ် အသစ်များကို အခြေခံအနေနဲ့ရယူထားနိုင်ပြီး မိမိဒေသမှာ လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက် ကြိုးပမ်းလို့ ရနိုင်ပါတယ်။ Sustainability Development အတွက် ဖော်ဆောင်ခြင်းက တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်ဆောင်မှုနဲ့ အချိန်တိုအတွင်း အောင်မြင်သွားနိုင်တဲ့ အရာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်နေတဲ့ လူသားအားလုံးပါဝင်ပေးမှသာ ရေရှည်မှာ အသီးအပွင့်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ Available at: https://gocontractor.com/blog/how-does-construction-impact-the-environment/ [Accessed 23 Feb 2023]. Daw Theint Thinzar BE (Civil-West Yangon Technological University) M.Sc (Construction Project Mgt), Heriot-Watt University