'' ကျင့်ဝတ်ကောင်းသည့် ဈေးရောင်းခြင်း အနုပညာ ''

'' ကျင့်ဝတ်ကောင်းသည့် ဈေးရောင်းခြင်း အနုပညာ '' ဈေးရောင်းခြင်းဟာ ခက်ခဲရှုပ်ထွေးတဲ့ အရာတစ်ခုပါပဲ။ ပြီးတော့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတများစွာ လိုအပ်ပါတယ်။ ဈေးရောင်းသူတစ်ယောက်လုပ်သင့်တဲ့အရာက ကျယ်ပြန့်ပါတယ်။ ဒီနေရမှာတော့ ရောင်းသူဝယ်သူရဲ့ အခန်းကဏ္ဍကိုပဲ ဖော်ပြပေးသွားပါမယ်။ ဈေးရောင်းသူများအနေနဲ့ ဝယ်ယူသူများရဲ့ဆန္ဒကို သိရမှာဖြစ်ပါတယ်။ သူတို့ရဲ့ အပြုအမူနဲ့ မျက်နှာအနေအထားကို သတိထားရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဈေးရောင်းသူများက ဝယ်ယူသူများနဲ့ ယုံကြည်မှု တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုတည်ဆောက်ဖို့ဆိုတာ ကျင့်ဝတ်လိုအပ်ပါတယ်။ ဈေးရောင်းခြင်းကျင့်ဝတ်ပေါ့။ အင်္ဂလိပ်လို Sales ethics ပေါ့။

ကျင့်ဝတ်နဲ့ရောင်းဝယ်ခြင်းပညာက အဆက်အစပ်ရှိပါတယ်။ ရောင်းဝယ်ခြင်းမှာ ပညာလိုသလို ကျင့်ဝတ်ကလည်း အရေးကြီးပါတယ်။ “တစ်ခါဆက်ဆံ ဆယ်ခါလန်”ဆိုသလို မဖြစ်ဖို့ လိုပါတယ်။ Sales Ethics ဆိုတာ မျှတမှုကို သယ်ဆောင်လာခြင်း ဖြစ်ပါတယ်။ ပြီးတော့ ရိုးသားမှု၊ ဂုဏ်က္ခာရှိမှု စတာတွေ ပါဝင်ပါတယ်။ ခံယူချက်တိုင်းနဲ့ လုပ်ဆောင်ချက်တိုင်းဟာ ဝယ်ယူ အားပေးသူများကို တလေးတစားရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဝယ်ယူသူများနဲ့ ရေရှည် ဆက်ဆံရေးကို ရရှိမှာဖြစ်ပါတယ်။

အကျိုးရလာဒ်များကတော့ (၁) Brand အပေါ် အခိုင်အမာယုံကြည်မှု။ (၂) ဝန်ဆောင်မှုအရည်အသွေး။ (၃) ဝယ်ယူသူစိတ်ကျေနပ်မှု။ (၄) ဝယ်ယူသူရဲ့အခိုင်အမာ အားပေးမှုတွေ ရရှိလာနိုင်ပါတယ်။ ဒါကြောင့် ဈေးရောင်းသူများက ဝယ်ယူသူများနဲ့ ယုံကြည်မှု တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ယူမှုရှိရမှာ ဖြစ်ပါတယ်။ ရောင်းဝယ်မှုမှာ အမှားအယွင်းတစ်ခုဖြစ်ခဲ့ရင် ကိုယ်တိုင် တာဝန်ယူသင့်ပါတယ်။ ဝယ်ယူသူတွေရဲ့ ပြဿနာကို ကောင်းကောင်းမဖြေရှင်းပေးဘဲ ‌ရှောင်ထွက်ခြင်းက အန္တရာယ် ဖြစ်စေပါတယ်။ ဒါဆိုရင် Sales Ethics ဖြစ်တဲ့ ရိုးသားမှု၊ ဂုဏ်က္ခာရှိမှုတွေဟာ သင့်ဝင်ငွေ (သို့) သင့်ကုမ္ပဏီ ဝင်ငွေကို ဘယ်လိုအကျိုးရှိစေမလဲ။ Sales Ethics က ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ကို သိရှိနားလည်ခြင်း၊ ဘယ်လိုရွေးချယ်မှုပဲဖြစ်ဖြစ် ဝယ်ယူသူတွေရဲ့ ရွေးချယ်မှုတိုင်းကို တလေးတစားရှိခြင်းနဲ့ ရိုးသားစွာ ဝန်‌ဆောင်မှု ပေးခြင်းများက သင့်လုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုကို ရရှိစေမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ယုံကြည်ခြင်းခံလိုက်ရတဲ့ ဈေးရောင်းသူတစ်ယောက်ဟာ သူ့ရဲ့အမြင်နဲ့ အကြံပြုချက် တိုင်းကို ဝယ်ယူသူတွေက တလေးတစား ပြန်လည်ဆက်ဆံပေးမှာဖြစ်ပါတယ်။ ကျီးကို ဘုတ်ရိုသေရင် ဘုတ်ကိုကျီးရိုသေသလိုမျိုးပေါ့။ သင့်ရဲ့ လုပ်ရပ်တိုင်းက သင့်နဲ့သင့်လုပ်ငန်းကို ဂုဏ်တက်စေမှာ ဖြစ်ပါတယ်။

ယုံကြည်မှုရလာလေ ‌အောင်မြင်လာလေလေပါပဲ။ ချက်ချာတဲ့ဈေးရောင်းသူတစ်ယောက်ဟာ ဝယ်ယူသူကို ဇွတ်အတင်းတွန်းအားပေး ဝယ်ယူခိုင်းတာ မျိုးမဟုတ်ဘဲ ဝယ်ယူသူရဲ့ လိုအပ်ချက်နဲ့ ဝယ်လိုအားကိုသိပြီး လိုအပ်ချက်အတိုင်း အဖြေရှာ‌ ပေးနိုင်သူ ဖြစ်ပါတယ်။ ဒါဆိုရင် သင်နဲ့သင့်အဖွဲ့အတွက် Ethical Sales Culture ကို ကျင့်ကြံဖို့ အရေးကြီးတယ်ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဘယ်လိုမွေးမြူသင့်သလဲဆိုတာ ဆက်လက် တင်ပြပေးပါ့မယ်။

နံပါတ် (၁) အချက်အနေနဲ့ မှန်ကန်ကောင်းမွန်တဲ့အရောင်းသမားကိုရွေးချယ်ငှားရမ်းပါ။ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ လူကျင့်ဝတ်များကို ထိန်းနိုင်သူကို ရွေးချယ်ရမှာပါ။ ဒါ့အပြင် မိမိကိုယ်ကိုယ် နှိမ့်ချတတ်ခြင်း၊ ရိုးသားခြင်း ၊ ဒူပေနာပေခံနိုင်ခြင်း၊ တက်တက်ကြွကြွ လုပ်ဆောင်တတ်ခြင်းနဲ့ ဖြတ်ထိုးဉာဏ်ရှိခြင်း စတာတွေလည်း လိုအပ်ပါတယ်။

နံပါတ် (၂) အချက်အနေနဲ့ Ethical Sales Culture ကို မွေးမြူတတ်လာ‌အောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဝယ်ယူသူများရဲ့ စောဒကများကို တည်တည်ငြိမ်ငြိမ် ဖြေရှင်း‌ပေးနိုင်ဖို့လည်း သေသေချာချာ သင်ကြား‌ပေးရမှာဖြစ်သလို စာဖတ်သူဟာ အရောင်းသမားတစ်ယောက် ဖြစ်နေရင်လည်း ဒါတွေကို သတိထားကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အထက်မှာ ရေးပြခဲ့သလို သင့်လုပ်ရပ်တိုင်းက သင့်ကို ရောင်ပြန်ဟပ်စေမှာပါ။

နံပါတ် (‌၃) အချက်အနေနဲ့ကတော့----မှန်ကန်တဲ့ အပြုအမူ၊ ကျင့်ဝတ်ရှိတဲ့သူများကို ချီးကျူးဂုဏ်ပြု‌ ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ တခြားသူများလည်း အားကျလာမှာ ဖြစ်ပါတယ်။ နောက်ထပ် ရှောင်ရမယ့်အမှားမျိုးကို ဖော်ပြပေးပါ့မယ်။

(၁) အချက်အလက်အမှားတွေကို အသုံးမပြုမိပါစေနဲ့။ ဒါဟာ အခြေခံအကျဆုံးအချက်ပါပဲ။ ဝယ်ယူသူတွေကို ဝယ်စေချင်စိတ်နဲ့ မှားယွင်းတဲ့ အချက်အလက်တွေ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ဒါဟာ အရေးကြီးတဲ့ကျင့်ဝတ်ပါ။ ပုံမှန် ဖောက်သည်ကိုပဲဖြစ်ဖြစ်၊ ဝယ်ယူသူအသစ်ကိုပဲဖြစ်ဖြစ် မှန်ကန်တဲ့သတင်းအချက်အလက်ကိုသာ ပေးသင့်ပါတယ်။ မမှန်ကန်ဘဲ (ခေတ်စကားနဲ့ပြောရရင်) ဂျင်းထည့်လိုက်ခြင်းဟာ သင့်နဲ့သင့်အဖွဲ့အစည်း အတွက် အကျိုးမဖြစ်စေဘဲ သင်ကိုယ်တိုင် ချောက်ထဲဆွဲချလိုက်ခြင်းသာ ဖြစ်ပါတယ်။

(၂) ဝယ်ယူသူများရဲ့ မသိမှုအပေါ် အခွင့်ကောင်းမယူပါနဲ့။ တစ်ခါတရံ ဝယ်ယူသူတွေဟာ သူတို့ဝယ်ချင်တဲ့ ကုန်ပစ္စည်းအကြောင်းကို ဂဃနဏ မသိတာ မျိုးလည်း ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ သူတို့ရဲ့မသိခြင်းအပေါ်ကို အခွင့်ကောင်းမယူသင့်တဲ့အပြင် ပတ်သက်ဆက်နွှယ်တာတွေကိုလည်း တိတိကျကျ ရှင်းပြပေးသင့်ပါတယ်။ ဒါလည်း ကျင့်ဝတ်တစ်မျိုး ဖြစ်ပါတယ်။

(၃) ကတိတွေပိုမပေးပါနဲ့။ ဝယ်ယူသူကို သင့်က စေတနာအများကြီးထားပြီး ရောင်းတဲ့အခါ ကုန်ပစ္စည်းအရည်အသွေးနဲ့ ပတ်သက်လို့ အညွှန်းလွန်သွားတတ်တယ်။ စေတနာအမှားလို့ ဆိုရမလား။ တစ်ခါတလေ ဖြစ်တတ် ပါတယ်။ ဒါလည်း သတိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခြုံငုံသုံးသပ်ရရင် ဈေးရောင်းခြင်းကလည်း လူလူချင်းဆက်ဆံ လုပ်ဆောင်ရတာဖြစ်လို့ အင်မတန် နူးညံ့သိမ်မွေ့သလို နူးညံ့သိမ်မွေ့အောင်လည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိရဲ့ အကျိုးအမြတ်လည်း အသင့်အတင့်ရှိအောင် ဝယ်ယူသူများကိုလည်း စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ခြင်းကလည်း ကျင့်ဝတ်ကောင်းတဲ့ ဈေးရောင်းခြင်းအနုပညာပဲ မဟုတ်လား။ ကျင့်ဝတ် ကောင်းဖို့က ပထမသာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို • ‘8 Ethical Behaviours to Live and Sell by in Sales’ written by Lestraundra Alfred • ‘Ethics in sales: a novel approach to sales education’ written by Carl Day • ‘Sales Ethics’ written by Prabhakar Alok • ‘Concept, benefits and how to implement sales ethics in your company’ written by Matthew Ellis Pritchard • ‘The importance of sales ethics and 5 ethical sales mistakes to avoid’ linked by https://www.chorus.ai/blog/sales-ethics တို့မှ ကိုးကား၍ ဘာသာပြန်ဆိုပါသည်။

 

U Aung Thu

B.Com, M.Com (Mtl Eco), PG Dip Research Studies (Myw Eco)