'' Giver, Taker and Matcher ''

ပေးဆပ်ခြင်း (Giving)၊ ရယူခြင်း (Taking) နဲ့ လိုက်လျောညီထွေနေထိုင်တတ်ခြင်း (Matching) တို့ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ တွေ့ရတတ်တဲ့ အသွင် (၃) မျိုး ဖြစ်ပါတယ်။ သို့ပေမဲ့ ၎င်းတို့ကို သတ်သတ်မှတ်မှတ် သီးခြားစီခွဲထုတ်ဖို့မှာမူ ခက်ခဲပါတယ်။ ဥပမာ လူတစ်ဦးချင်း မိမိလစာနဲ့ ပတ်သက်ပြီး အထက်လူကြီးများနဲ့ ညှိနှိုင်းရတဲ့ အခြေအနေမှာ Taker ဖြစ်နေတတ်ပြီး မိမိထက် အတွေ့အကြုံနည်းတဲ့သူတွေကို လမ်းညွှန်သင်ကြား ပြသပေးရတဲ့အခါမှာ Giver ဖြစ်နေတတ်ပါတယ်။ တစ်ခါတရံ လုပ်ဖော်ကိုင်ဖက်များကို မိမိရဲ့ အတွေ့အကြုံကို မျှဝေရာမှာ Matcher ဖြစ်နေတတ်တာကြောင့် ဖြစ်ပါတယ်။ရယူလိုသူများ (Taker) များဟာ သူတို့ပေးလိုက်ရတာထက် ပိုပြီးရချင်ကြသူများ ဖြစ်ကြပါတယ်။ သူများထက် ပိုတတ်ချင်၊ တော်ချင်ကြသူများဖြစ်ကြပြီး ယှဉ်ပြိုင်လိုစိတ် ပြင်းထန်တတ်ကြပါတယ်။ ဒါကြောင့် ဘဝမှာ ကြိုးစားလုပ်ကိုင်ကြပြီး တော်သည့်အလျောက် ချီးမြှောက်မှုနဲ့ အကျိုးခံစားခွင့်ကိုလည်း ရရှိတတ်ကြပါတယ်။ သာမန်ရယူလိုသူတစ်ယောက်ကို ရိုင်းစိုင်းသူ၊ အကြင်နာတရား ကင်းမဲ့သူလို့ မသတ်မှတ်နိုင်ပါ။ သူက သတိကြီး စွာနဲ့ မိမိကိုယ်ကို ကြိုတင်ကာကွယ် နေခြင်းသာပဲ ဖြစ်ပါတယ်။ တကယ်တော့ လူအများစုတို့ဟာ Matcher များ ဖြစ်ကြပါတယ်။ သူတို့က မျှတမှု၊ ညီမျှမှုနဲ့ အပြန်အလှန်ရှိမှုတို့ကို အလေးထားကြသူများ ဖြစ်ကြပါတယ်။ Taker များဟာ self-focused သမားများဖြစ်ကြပြီး သူများက သူတို့ကို ဘာပေးနိုင်မလဲဆိုတာကို သုံးသပ် နေတတ်ကြပါတယ်။ Giver ကမူ သင့်ဆီက သူများဘာတွေလိုချင်နေမလဲဆိုတာကို ပိုပြီး အလေးထား စဉ်းစားတတ်ကြပါတယ်။ ဒီကွာဟချက်က ငွေကြေးကို ဆိုလိုတာမဟုတ်ပါ။ အဖွဲ့အစည်းတစ်ခုခု (ဒါမှမဟုတ်) ငွေကြေးဘယ်လောက် လှူဒါန်းကြမယ်၊ အလုပ်ရှင်ထံမှ လခဘယ်လောက် တောင်းဆိုရမယ်ဆိုတဲ့ အချက်များမှာ Taker နဲ့ Giver တို့ကြား ကွဲပြားခြားနားမှု သိပ်မရှိပါ။ ၎င်းတို့ကြားမှာ အဓိကကျတဲ့ ကွဲပြားခြားနားမှုမှာ တခြားသူများအပေါ်ထားရှိတဲ့ စိတ်သဘောထားခံယူချက်နဲ့ လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

Taker တစ်ယောက်အနေနဲ့ သူများကို ကူညီမယ်ဆိုရင် မဟာဗျူဟာကျကျ စဉ်းစားတွက်ချက်တတ်ပြီး သူကုန်ကျတဲ့စရိတ်ထက် သူ့အတွက်ပြန်ရမယ့် အကျိုးအမြတ်က အလေးသာမှလျှင် လုပ်ဆောင်တတ်ကြ ပါတယ်။ Giver ကတော့ သူကူညီပေးလိုက်လို့ တစ်ဖက်လူက ရသွားမယ့် အကျိုးအမြတ်က၊ သူစိုက်ထုတ်လိုက်ရမယ့် စရိတ်ထက်များမယ်ဆိုပါက ကူညီပေးမှာ ဖြစ်ပါတယ်။ တကယ်တော့ လူတစ်ဖက် သားကို အပြန်အလှန်အနေနဲ့ ဘာတစ်ခုမှ ရဖို့မမျှော်လင့်ဘဲ မိမိတတ်နိုင်သလောက် ကူညီပေးခြင်းက Giver တစ်ယောက်ရဲ့ စရိုက်လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ တချို့ Research များမှာ Giver များ အောင်မြင်မှုလှေခါးထစ်များရဲ့ အောင်ဆုံးအဆင့်မှာ ရှိနေကြကြောင်း ဖော်ပြထားပါတယ်။ အကြောင်းမှာ Giver များနဲ့ Taker များကို နှိုင်းယှဉ်လေ့လာမှုမှာ Giver များဟာ Taker များထက် ဝင်ငွေ ၁၄ ရာခိုင်နှုန်း ပိုနည်းတတ်ခြင်း၊ ရာဇဝတ်တစ်ခုခုမှာ တန်ဆာခံ ဖြစ်သွားနိုင်ခြေ (၂) ဆ ပိုများနိုင်ခြင်းနဲ့ သြဇာအာဏာရှိမှု ၂၂ ရာခိုင်နှုန်း ပိုနည်းနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် အောင်မြင်မှုလှေခါးထစ် များ၏ အပေါ်ဆုံးအဆင့်တွင် ရှိနေကြသည့်သူတွေက ဘယ်သူတွေလဲ။ Taker တွေလား။ Matcher တွေလား။ အဖြေကတော့ “မဟုတ်ပါ။ Giver များ” သာလျှင် ဖြစ်ကြပါတယ်။ တကယ်တော့ စွမ်းဆောင်ရည်အညံ့ဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးသူများဟာ Giver များဖြစ်ကြပါတယ်။ Taker များနဲ့ Matcher များမှာ စွမ်းဆောင်ရည် အလယ်အလတ် ရှိကြသူများ ဖြစ်ကြပါတယ်။

Giver များမှာ အေးအေးဆေးဆေးနဲ့ လက်ရှိအနေအထားမှာပဲ တင်းတိမ်ရောင့်ရဲနေကြသူများ (Chumps) ရှိသလို၊ တိုးတက်လိုစိတ် အလွန်ပြင်းထန်ပြီး ကြိုးစားလုပ်ကိုင်နေကြသူများ (Champs) ဆိုပြီး (၂) မျိုးရှိပါတယ်။ Champs များဟာ လူအများလုပ်လေ့ရှိတဲ့ “အောင်မြင်အောင် အရင်လုပ်ပြီးမှ သူများကိုပြန်ကူညီ” တဲ့လမ်းစဉ်မှ သွေဖည်ကာ “သူများကိုကူညီတတ်တဲ့သူတွေက နောက်ပိုင်းကျရင် အကောင်းဆုံး အောင်မြင်မှုကို ရတတ်ကြ ပါတယ်” ဆိုတဲ့ လမ်းစဉ်ကို ကျင့်သုံးလာကြပါတယ်။ Champs နဲ့ Chumps တို့ရဲ့ အဓိကကွာခြားမှုမှာ ပင်ကိုယ်ဗီဇနဲ့ ပါရမီတို့ မဟုတ်ပါဘူး။ Champs များက ပိုပြီး နှစ်လိုစဖွယ်ရှိပြီး စေတနာ ပိုကောင်းတာကြောင့်လည်း မဟုတ်ပါဘူး။ အမှန်စင်စစ်အနေနဲ့ သူတို့အသုံးပြုကြတဲ့ နည်းစနစ်များနဲ့ ရွေးချယ်မှုကြောင့်သာလျှင် ဖြစ်ပါတယ်။ Taker သော်လည်းကောင်း၊ Matcher သော်လည်းကောင်း၊ Giver သော်လည်းကောင်း၊ ရည်မှန်းချက်ပန်းတိုင်များ ရှိကြတာဖြစ်ပြီး အဲ့ဒီ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိစေဖို့အတွက် သွားကြရာမှာ သူတို့ရဲ့ ရွေးချယ်မှုနဲ့ အသုံးပြုကြတဲ့ နည်းလမ်းများ မတူညီကြခြင်းကြောင့် ကွဲပြားခြားနားရခြင်း ဖြစ်ပါတယ်။ သူတို့အားလုံးက အောင်မြင်မှုရအောင် လုပ်နိုင်ကြပါတယ်။ သို့ပေမဲ့ ကွာခြားချက်မှာ Giver များအောင်မြင်ရင် အဲ့ဒီအောင်မြင်မှုဟာ တခြားသူများထံသို့လည်း ပျံ့နှံ့ရောက်ရှိ နိုင်ပါတယ်။ Taker များ အောင်မြင်ရင် တစ်စုံတစ်ယောက်မှာ ဆုံးရှုံးမှု ဖြစ်သွားတတ်ပါတယ်။

Research များအရ တွေ့ရှိချက်မှာ အောင်မြင်တဲ့ Taker များကို တခြားသူများက မလိုတမာ ဖြစ်တတ်ကြ တာကြောင့် ဖျက်လိုဖျက်ဆီးလုပ်ပစ်ဖို့ နည်းလမ်းများရှာကြံတတ်ကြပြီး၊ Giver များအောင်မြင်ရင် အခြားသူများက သူ့ကိုအတုယူပြီးလိုက်လုပ်ကြခြင်း၊ အားပေးထောက်ခံပံ့ပိုး ပေးကြခြင်းတို့ကို ပြုလုပ်တတ်ကြပါသည်။ တကယ်တော့ Giver များ၏အောင်မြင်မှုသည် ဆက်လက်ဖြစ်ပေါ်နေစေပြီး၊ အခြားသူများထံသို့လည်း အောင်မြင်မှုဆိုသည့် ကောင်းမွန်သော အကျိုးသက်ရောက်မှုများကို ပျံ့နှံ့ရောက်ရှိသွားစေနိုင်သည့် Ripple Effect ကိုလည်းရရှိစေနိုင်ပါသည်။

 

To be the Champs, who have good strategies and choices!

Ref: Give and Take by Adam Grant

 

Daw Aye Aye Win

B. Com (Hons, YIE) , M.Com, Diploma in English, M.A (International Business Studies), (Sophia University, Japan)