နောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်းဆီသို့ ….

'' နောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်းဆီသို့ ''

ထိရောက်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုဆိုတာ အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် အဖွဲ့ဝင်တွေက လုပ်ငန်းရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရအောင်မဆောင်ရွက်နိုင်ကြရင် အတော်ဆုံးခေါင်းဆောင်လည်း ဘာမှလုပ်လို့မရပါဘူး။    ဒါကြောင့် နောက်လိုက်ကောင်းဖြစ်မှုဆိုတဲ့ Followership ကလည်း အဖွဲ့အစည်းတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်ဆိုတာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပေါက်မြောက် အောင်မြင်အောင်ဆောင်ရွက်ရာမှာ ကိုယ်လုပ်ရမယ့်အလုပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ တက်ကြွစွာလုပ်ဆောင်တဲ့သူ ဖြစ်ပါတယ်။ Harvard Business Review မှာ ပညာရှင်တစ်ယောက်က အောက်မှာဖော်ပြထားတဲ့ ရှုထောင့် (၂) မျိုးကိုသုံးပြီး Follower တွေကို ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ဒီရှုထောင့် (၂) မျိုးကတော့

1. Active versus Passive followers

2. Independent critical thinking versus dependent uncritical thinking followers တို့ဖြစ်ပါတယ်။

ဒီလိုခွဲလိုက်တဲ့အခါမှာ Follower အမျိုးအစား (၅) မျိုးကို တွေ့ရှိရပါတယ်။

1. Sheep

သူတို့တွေဟာ Passive သမားတွေဖြစ်ကြပါတယ်။ အလုပ်ကို ပြောမှလုပ်ပါတယ်။ အကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်မှုတွေလည်း မလုပ်တဲ့အပြင် တာ၀န်ကိုလည်း သေချာမယူချင်ကြပါဘူး။ အလုပ်ကို ‘အဖြစ်’ လုပ်နေကြသူတွေပေါ့။

2. Yes People

ဒီလူတွေကတော့ ခေါင်းဆောင်ကပြောသမျှတွေ၊ ပြောသလိုတွေတော့ အကုန်လိုက်လုပ်ကြပါတယ်။ ကိုယ့်ဘာသာတော့ စဉ်းစားပြီး မလုပ်တတ်ကြပါဘူး။ ‘တစ်သွေးတစ်သံတစ်မိန့်’ လုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။

3. Alienated Followers

သူတို့ကတော့ သူတို့ရဲ့တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ဘာသာ ကိုယ်လည်း စဉ်းစားဆင်ခြင်နိုင်စွမ်းအားတွေ ရှိကြပါတယ်။ သို့ပေမဲ့ အလုပ်ခွင်မှာ စိတ်ကျေနပ် ပျော်ရွှင်မှုအပြည့်အ၀တော့ မရကြသေးလို့ သူတို့ရဲ့စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးမချဖြစ်ကြ သေးပါဘူး။

4. Effective Followers

ဒီလူတွေကတော့ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိကြပြီး သူတို့အလုပ်မှာလည်း တက်ကြွစွာ လုပ်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ခေါင်းဆောင်မရှိရင်တောင် သူတို့ဘာသာ အောင်မြင်အောင်လုပ်နိုင်ကြသလို ခေါင်းဆောင်ရှိရင်လည်း အပေးအယူမျှမျှနဲ့

လုပ်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုလူတွေကို တစ်ယောက်တည်း လုပ်ရမယ့်အလုပ်တွေကိုပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်လုပ်ရမယ့်အလုပ်ကိုပဲဖြစ်ဖြစ် စိတ်ချလက်ချ တာဝန်ပေးလို့ ရပါတယ်။

5. Survivors

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အရိပ်အခြေကြည့်ပြီးလုပ်တတ်ကြတဲ့ Follower တွေဖြစ်ပါတယ်။ အဖွဲ့အစည်းတွေမှာ Survivors နဲ့ Effective Followers တွေ များစွာလိုအပ်ပါတယ်။ အထူးသဖြင့် Effective Followers တွေဟာ အလုပ်ခွင်မှာ တက်ကြွစွာလုပ်ဆောင်တတ်ကြတဲ့သူတွေဖြစ်ပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်း အားတွေလည်း ရှိကြပါတယ်။ ဒီလို Effective Followers တွေကို ပိုပြီး develop ဖြစ်စေချင်ရင် အဖွဲ့ အစည်းအနေနဲ့ အောက်ပါအချက်တွေကို ဆောင်ရွက်ပေးကြရပါမယ်။

၁။ Leader တွေက Follower တွေရဲ့ အလုပ်တာဝန်တွေကို၊ Follower တွေက Leader တွေရဲ့ အလုပ်တာဝန်တွေကို၊ အပြန်အလှန် နားလည်လက်ခံမှုရှိကြဖို့ လိုပါတယ်။ Training တွေလုပ်ပြီး Leader က Follower ရဲ့ Role မှာနေတာမျိုး၊ Follower က Leader ရဲ့ Role မှာနေတာမျိုးနဲ့လည်း အပြန်အလှန် နားလည်မှုရှိအောင် လေ့ကျင့်ပေးလို့ရပါတယ်။

၂။ Leader ကို ဘယ်လို follow လုပ်ရမလဲဆိုတာကို လူတိုင်းက အလိုလိုသိနေတယ်လို့ မမှတ်ယူပါနဲ့။ သင်ပေးရပါမယ်။ Coaching, Mentoring, Experiential learning ပုံစံမျိုးနဲ့ Accountability, Self-management, Analytical thinking တို့ကို သင်ပေးရပါမယ်။

၃။ Follower တွေရဲ့ စွမ်းဆောင်ရည်တွေကို အကဲဖြတ်ရာမှာလည်း Followership skill ဆိုတဲ့ နောက် လိုက်ကောင်းဖြစ်မှု အရည်အချင်းကိုလည်း ထည့်သွင်းထားပြီး ဒီအရည်အချင်းကို ပိုကောင်းလာအောင် Feedback ပေးဖို့ လိုပါတယ်။

၄။ အဖွဲ့အစည်းမှာ Followership ကိုအားပေးတဲ့ Structure ကို ဖန်တီးရပါမယ်။

အဖွဲ့အစည်းတွေမှာ Followership structure အားကောင်းလာပြီး Effective followers and Survivors တွေများလာတဲ့အခါမှာ သူတို့တွေက အောက်ပါအတိုင်း Followership ပုံစံတွေကို လုပ်ဆောင်လာ ကြပါလိမ့်မယ်။

(၁) Leader အနေနဲ့ Follower/ Subordinate တစ်ယောက်ကလုပ်ရမယ့် Roles and Responsibilities တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးနိုင်ရမယ်။ အဲဒီတော့မှ Subordinate က ဘာလုပ်ရမလဲဆိုတာကို သေချာရှင်းရှင်းလင်းလင်းသိမှာဖြစ်ပါတယ်။

 (၂) Follower တွေက ပြသနာတစ်ခုခုရှိရင်လည်း အထက်လူကြီးကို ပြောပြရဲ၊ အကြံပြုရဲရပါမယ်။

(၃)  Follower တွေက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်တယ်ဆိုတာကိုလည်း Leader ကိုပြောပြရပါမယ်။

(၄) Subordinate တစ်ယောက်အနေနဲ့ Leader က ချမှတ်မယ့် ဆုံးဖြတ်ချက်အတွက် လိုအပ်တဲ့ information တွေကို ရှာဖွေပေးရတာဖြစ်လို့၊ တိကျမှန်ကန်တဲ့ အချိန်နဲ့ တပြေးညီဖြစ်တဲ့ information တွေကို ပေးနိုင်ဖို့လိုပါတယ်။

(၅) Subordinate တယောက်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ရိုးသားမှန်ကန်တဲ့ Feedback ကို ပေးစေခြင်းဖြင့် အပြန်အလှန် ယုံကြည်မှုတွေ ပိုပြီးရှိလာနိုင်ပါတယ်။

(၆) လုပ်ငန်းမှာ လုပ်ဆောင်ဖို့လိုအပ်တဲ့ Changes တွေကို leader က လုပ်ရာမှာ Subordinate က လိုအပ်သလို ပံ့ပိုးကူညီပေးရပါမယ်။ ကူညီပေးခွင့်လည်း ရှိရပါမယ်။

(၇) Follower တွေအနေနဲ့ မိမိမှာကြုံတွေ့ရတဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာနဲ့၊ မိမိရဲ့တိုး တက်ရာတိုးတက်ကြောင်းအတွက် လုပ်တဲ့အခါတွေမှာ Leader က ကူညီပေးတာတွေအတွက်ကို မိမိက အသိအမှတ်ပြုမှုနဲ့ ကျေးဇူးတင်ကြောင်းတွေ ပြောပြပေးပါ။ Leader က လုပ်ပေးရမယ့်တာဝန်ပဲဆိုပြီး လျစ်လျူမရှုလိုက်ပါနဲ့။

(၈) Leader က ရေးဆွဲချမှတ်လိုက်တဲ့ plan and proposals တွေမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေရှိရင် Follower က ဝေဖန်ရပါမယ်။

(၉) Leader က မလျော်ဩဇာသုံးပြီး မသင့်တော်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ကြဖို့ ဆွဲဆောင်လာရင် ငြင်းဆန်ရပါမယ်။ ဒီလိုမလျော်ဩဇာသုံးတာကို သူ့ရဲ့အကျင့်ဆိုးတစ်ခုအဖြစ် စွဲမသွားအောင် Diplomatic ဆန်ဆန်တော့ တုံ့ပြန်ငြင်းဆိုပါ။

(၁၀) အထူးသဖြင့် Follower က သမ္ဘာရင့်ဝါရင့်ဖြစ်နေပြီး Leader က အတွေ့အကြုံ သိပ်မရှိသေးတဲ့ အသစ်ဖြစ်နေရင် Upward coaching and counseling လုပ်ပေးရပါမယ်။ အပြောအဆိုကိုတော့ အထူးဂရုစိုက်ပါ။

(၁၁) Follower တွေအနေနဲ့ Self-management strategies တွေကို သုံးနိုင်အောင် လေ့လာထားရပါမယ်။

အရေးကြီးတဲ့အချက်က Follower ဆိုတာ role တစ်ခုပဲ ဖြစ်ပါတယ်။ individual မဟုတ်ပါ။ ဆိုလိုတာက အဲဒီ role မှာလုပ်နေရလို့ အမြဲတမ်းနောက်လိုက်ပဲ ဖြစ်နေရမယ်လို့ ပြောတာမဟုတ်ကြောင်း သေချာသတိ ပြုဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Follower ကောင်းတစ်ယောက်ဟာ Leader ကောင်း တစ်ယောက် ဖြစ်လာမှာမို့လို့ပါ။

ဒါကြောင့် ဘယ် Follower ကိုရွေးချယ်ပြီး ဘယ်လိုပျိုးထောင်ရမလဲဆိုတာက တော်တဲ့ Leader တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးသလိုကို အရေးကြီးပါတယ်။ အကြောင်းကတော့ Followership ဆိုတာ Leadership development ရဲ့အစပိုင်းဖြစ်နေလို့ပါပဲ။

‘ယနေ့လူငယ် နောင်ဝယ်လူကြီး’ ဆိုသလိုပဲ ယနေ့နောက်လိုက်ကောင်းဖြစ်မှ နောင်ကို ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်တာမို့ အဖွဲ့အစည်းက အားကိုးရတဲ့ Effective followers နဲ့ Survivors ကောင်းတွေဖြစ်ကြပါစေ​ကြောင်း လူငယ်များကို မေတ္တာဖြင့် တိုက်တွန်းလိုက်ရပါတယ်။

Ref: 1. Leadership in Organization by Gary Yukl

2. Followership in Leadership: The Role It Plays by Sue Wigston

 

Aye Aye Win

B. Com (Hons), M.Com (YUE), Diploma in English,

M.A (International Business Studies), (Sophia University, Japan)