'' လုပ်ငန်းခွင်ကျင့်ဝတ် ''

လုပ်ငန်းခွင်ကျင့်ဝတ် ဆိုတာ ဘာကိုဆိုလိုတယ်လို့ထင်ပါသလဲ။ သင့်ဟာ လုပ်ငန်းခွင်ကျင့်ဝတ် မရှိသူနဲ့ ဆုံဖူးပါသလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်က လုပ်ငန်းခွင်ကျင့်ဝတ်ကို မသိမသာ ဖောက်ဖျက်မိသလားဆိုတာသိရအောင် ဒီဆောင်းပါးကို ဆက်ဖတ်ကြည့်စေချင်ပါတယ်။လုပ်ငန်းခွင်ကျင့်ဝတ်ဆိုတာ ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာတတ်တာအပြင် သင့်ရဲ့အတွင်းစိတ် အခြေအနေကို ပိုပြီးရည်ညွှန်းခြင်းဖြစ်တယ်။ လုပ်ငန်းခွင်ကျင့်ဝတ်ဆိုတာ သင့်ရဲ့ပညာရပ်နယ်ပယ်ကို အလေ့ထားတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Profession ကို ယုံကြည်ပြီး စေတနာပါပါ အလေးထားလုပ်ဆောင်ခြင်းကလည်း ဘယ်သူမှ သင်ပေးစရာမလိုဘဲ လုပ်ဆောင်သင့်တဲ့ ကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်။ဒါ့အပြင် ကျင့်ဝတ်များစွာထဲမှာမှ ရိုးသားမှု၊ ဂုဏ်သိက္ခာရှိမှု၊ တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အပြန်အလှန် လေးစားသမှုပြုခြင်းနဲ့ လုပ်ငန်းနယ်ပယ်ကျွမ်းကျင်မှုတို့ကလည်း ရှိသင့်တဲ့ကျင့်ဝတ်တွေ ဖြစ်ပါတယ်။ တခြားသူရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စများကိုလည်း မစူးစမ်းခြင်းနဲ့ ကာကွယ်ပေးထားခြင်းကလည်း ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ ဥပမာ- ဟိုတယ်၊ မိုတယ်လုပ်ငန်းများမှာ ဒီကျင့်ဝတ်က အရေးကြီးပါတယ်။

လုပ်ငန်းနယ်ပယ်ကျွမ်းကျင်မှုက ကျင့်ဝတ်တစ်ခုလား။

လုပ်ငန်းခွင်ကျင့်ဝတ်အများကြီးထဲကမှ လူတွေ သတိမထားမိတဲ့ “လုပ်ငန်းနယ်ပယ်ကျွမ်းကျင်မှု” အကြောင်းကို အနည်းငယ် ဆွေးနွေးချင်ပါတယ်။ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှုက ကျင့်ဝတ်တစ်ခုလားဆိုရင် ဟုတ်ပါတယ်လို့ပဲ ဖြေပါရစေ။ သင်ဟာ နည်းပညာနဲ့ပတ်သက်တဲ့အရောင်းပြခန်းရဲ့ အရောင်းဝန်ထမ်းတစ်ဦးဆိုပါစို့။ ဝယ်ယူသူတွေက ပစ္စည်းအကြောင်းကို မေးမြန်းတဲ့အခါသင်ဟာ သင့်ဆိုင်မှာရှိနေတဲ့ ပစ္စည်း၊ သင့်ရောင်းချမယ့် ပစ္စည်းအကြောင်းကို ဂဃနဏ ပြောပြနိုင်ဖို့ လို့ပါတယ်။ လေ့လာထားဖို့လိုအပ်ပါတယ်။ သင်က အကျိုးသင့်အကြောင်းသင့်ပြောပြပေးနိုင်တာကို ဝယ်ယူသူတွေ သဘောကျကြပါတယ်။ဒါ့အပြင် လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှုထဲက ရှိသင့်တဲ့အချက်အလက်အနည်းငယ်ကို ထပ်မံတင်ပြပေးပါမယ်။ ဒါတွေကတော့

-အချိန်တိကျခြင်းနဲ့ တခြားသူတွေရဲ့အချိန်ကို အလေးထားခြင်း။

-အချိန်မီအောင်လုပ်ဆောင်ပေးခြင်း။

-ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အကောင်းမြင်တတ်ပြီး လေးစားမှုပြသခြင်း။

-အသစ်ဖြစ်တဲ့ပစ္စည်းများအကြောင်းကို လေ့လာထားခြင်း။

-ကျင့်ဝတ်စံနှုန်းများကို လိုက်နာပြီး ကုမ္ပဏီရဲ့ မူဝါဒများနဲ့ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း။

-တိုးတက်လိုစိတ်ရှိခြင်း တို့ပါဝင်ပါတယ်။

လုပ်ငန်းခွင်ကျင့်ဝတ်မဲ့ခြင်း။

လုပ်ငန်းခွင်မှာ ရှိသင့်တဲ့ကျင့်ဝတ်တွေအပြင် မလုပ်သင့်တဲ့ကျင့်ဝတ်တွေလည်း ရှိပါသေးတယ်။ အနည်းငယ် တင်ပြချင်ပါတယ်။

 

မုသားပြောဆိုခြင်း။ ။  မုသားပြောဆိုခြင်း (လိမ်ညာခြင်း) ဟာ လုပ်ငန်းခွင်နဲ့ လုပ်ငန်းခွင်ပြင်ပ နှစ်ခုစလုံးမှာ သင့်ရဲ့နာမည်ကို ကျဆင်းစေပါတယ်။ ယုံကြည်မှုလည်း ပျက်ပြားစေပါတယ်။ ဝန်ထမ်းတချို့က အလုပ်မဝင်ခင်ကတည်းက သူတို့ရဲ့ ကိုယ်ရေးအကျဉ်း (CV) မှာ လိမ်တတ်ကြပါတယ်။ တကယ်မရှိတဲ့အတွေ့အကြုံတွေ၊ တကယ် မတတ်ကျွမ်းတဲ့အကြောင်းအရာတွေကို ထည့်တတ်ကြပါတယ်။

ဖြတ်စားလုပ်ခြင်း။ ။  ဒီအကျင့်ကတော့ မန်နေဂျာတချို့မှာ ရှိတတ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က အလုပ်အတွက် အကြံဉာဏ်ကောင်းတွေ ပေးတဲ့အခါမျိုးမှာ မန်နေဂျာက နာမည်ဝင်ယူတတ်ပါတယ်။ အကြံဉာဏ်ပေးတဲ့ ဝန်ထမ်းရဲ့နာမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သူ့ကိုယ်ပိုင်အကြံဉာဏ်လိုလို လုပ်တတ်ပါတယ်။ ဒီလို လုပ်ခြင်းဟာ ကျူးလွန်သူကိုယ်တိုင်အတွက်ရော၊ ခံရသူအတွက်ရော၊ ကုမ္ပဏီအတွက်တော့ တစ်စတစ်စနဲ့ ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။

အလုပ်နဲ့မသက်ဆိုင်တဲ့အလုပ်များလုပ်ခြင်း။ ။ ဝန်ထမ်းအများစုက သူတို့ရဲ့တစ်လဝင်ငွေ ပိုတိုးလာချင်တဲ့အခါ တခြားအပြင် အလုပ်လေး (Side hustles) တွေကို ထပ်ဆောင်းလုပ်တတ်ကြပါတယ်။ ဒါဟာ အမှားမဟုတ်ပါဘူး။ စားဝတ်နေရေး ပိုအဆင်ပြေမယ့် နည်းလမ်းတစ်ခုပါ။ သတိထားရမှာက ရုံးအချိန်အတွင်းမှာတော့ အပြင်အလုပ် ကိစ္စတွေကို ထားခဲ့သင့်ပါတယ်။ အလုပ်ချိန် (ရုံးချိန်) ပြီးမှ ဆက်လုပ်သင့်ပါတယ်။

နားချိန်ပိုယူခြင်း။ ။ သင့်ကုမ္ပဏီက သင့်ကို နေ့လယ်ခင်းနားချိန်မျိုး၊ Tea Break ပေးတဲ့အချိန်မျိုးမှာ သင့်ကြိုက်တာ လုပ်နိုင်ပါတယ်။ အထက်ကဖော်ပြခဲ့တဲ့ အပြင်အလုပ်လေးဆက်လုပ်တာမျိုး၊ တခြားလေ့လာစရာ လေ့လာတာမျိုးကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးကို လိုတာထက် ပိုမယူသင့်ပါဘူး။ နားချိန်ပိုယူတာ ဟာလည်း ကျင့်ဝတ်မဲ့ခြင်းတစ်မျိုး ဖြစ်ပါတယ်။

အလွဲသုံးစားလုပ်ခြင်း။ ။ တချို့ဝန်ထမ်းများကို ကုမ္ပဏီငွေကို အလွဲသုံးစားလုပ်တတ်ကြပါတယ်။ စာရင်းလိမ်ခြင်း ကလည်း အလွဲသုံးစားလုပ်ခြင်းပါပဲ။ ဒါ့အပြင် ကုမ္ပဏီပစ္စည်းကောင်းများကို အတုနဲ့ လဲလှယ်ခြင်းကလည်း အလွဲသုံးစားလုပ်ခြင်း ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု။ ဒီပြစ်မှုကတော့ လုပ်ငန်းထဲမှာရော လုပ်ငန်းခွင်ပြင်ပမှာရော မလုပ်သင့်တဲ့ပြစ်မှု ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားခြင်း။ ။ လုပ်ငန်းထဲမှာ အကျင့်ပျက်ခြစားမှုများလည်း ရှိနေနိုင်ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူတချို့က သူတို့ရဲ့ပုဂ္ဂိုလ်ရေး ခင်မင်သူများကို နေရာပေးတာမျိုး လုပ်ဆောင်တတ်ကြပါတယ်။ ဒါဟာ ကျင့်ဝတ်မဲ့တဲ့ အဂတိလိုက်စားမှုသာ ဖြစ်ပါတယ်။ကျင့်ဝတ်ကောင်းတွေကို ဘယ်လိုမွေးမြူမလဲ။ ဒီလိုအကျင့်တွေကို သင်က မွေးမြူချင်တယ်ဆိုရင်တော့ မွေးမြူလို့ရပါတယ်။ ဘယ်လိုမွေးမြူရမလဲသိဖို့ပဲ လိုအပ်တာပါ။

သတိထားပါ။ ။သင်ကိုယ်သင် လုပ်ငန်းခွင်မှာရောက်နေတယ်၊ ပြီးတော့ ငါဟာ အကောင်းဆုံးဖြစ်အောင်လုပ်မယ်၊ လုပ်ငန်းခွင်ကျင့်ဝတ်တွေကို လိုက်နာမယ်ဆိုပြီး သတိကပ်ထားပါ။ ကြာလာရင် သင်သတိထားစရာမလိုပဲ လုပ်ဆောင်တတ် သွားပါလိမ့်မယ်။

လေးစားအားကျရတဲ့ Role Model ထားရှိခြင်း။ ။ အကျင့်စာရိတ္တပိုင်းနဲ့ပတ်သက်လို့ သင်လေးစားအားကျရတဲ့ သူလိုနေထိုင်ခြင်းကလည်း သင့်ရဲ့ကျင့်ဝတ်ကောင်းခြင်းနဲ့ ကျင့်ဝတ်မဲ့ခြင်းကို သိသိသာသာ မြင်နိုင်ပါလိမ့်မယ်။

သင့်ဂုဏ်ကိုထိန်းပါ။ ။ အလုပ်ကို ကောက်ရိုးမီးမဟုတ်ဘဲ ပုံမှန်လုပ်ဆောင်တတ်သူဖြစ်ပါစေ။ ယုံကြည်မှု အပေး ခံရအောင်နေပြီး အရည်အချင်းနဲ့ပတ်သက်ရင် နာမည်ကောင်းတစ်ခုရအောင်ယူပါ။

ဆက်ဆံရေးကောင်းအောင် လေ့ကျင့်ပါ။ ။ ဒါဟာ လုပ်ဖော်ကိုင်ဖက်နဲ့ ဝယ်ယူသူတွေအပေါ်မှာ များစွာ အထောက် အကူပြုပါတယ်။ သင့်တိုးတက်မှုအတွက်လည်း များစွာအထောက်အကူပြုနိုင်ပါတယ်။ အထက်လူကြီးနဲ့ စကားပြော ရာမှာလည်း အဆင်ပြေနိုင်ပါတယ်။

အလုပ်ထဲမှာ တက်တက်ကြွကြွနေပါ။ ။ သင့်က အလုပ်လုပ်တဲ့နေရာမှာ တက်တက်ကြွကြွလုပ်ဖို့ လိုအပ်ပါတယ်။ တက်တက်ကြွကြွရှိခြင်းဟာ လုပ်ငန်းခွင်မှာ အဆင်ပြေနိုင်တဲ့အပြင် အထက်လူကြီးကလည်း သင့်ကို သဘောကျမှာပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားမှာလည်း သင်ဟာ အထင်ကြီးလေးစားအားကျခြင်းကို ခံရမှာဖြစ်ပါတယ်။

ဒါဟာ လုပ်ငန်းခွင်ကျင့်ဝတ်များစွာထဲက ရှိသင့်ရှိထိုက်တဲ့ အချက်အလက်များအပြင် ကျင့်ဝတ်ကို မွေးမြူနိုင်မယ့် နည်းလမ်းအချို့ကို တင်ပြထားခြင်းဖြစ်ပါတယ်။ သင်ဟာ ဒီကျင့်ဝတ်တွေကို လိုက်နာခြင်းအားဖြင့် သင့်လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကောင်းတဲ့အပြုအမူတွေကို မွေးမြူပါ။ အကျင့်တွေ ဖြစ်လာပါလိမ့်မယ်။

 

Reference:1_https://www.formpl.us/blog/amp/workplace-ethics...

2_ AI Generator (Chat GPT)

U Aung Thu

M.Com, B.Com (Mtl Eco), PG Dip Research Studies (Myw Eco)