'' နှစ်ယောက်အတူတူလုပ်ဆောင်တာက တစ်ယောက်တည်းထက် ပိုကောင်းပါတယ်ဆိုတဲ့ MAC Cosmetics လုပ်ငန်းအကြောင်း ''

MAC Cosmetics ဆိုတာကတော့ လူတိုင်းနဲ့မစိမ်းတဲ့ အလှကုန် အမှတ်တံဆိပ်ဖြစ်မှာပါ။ သူ့ရဲ့ အနက်ရောင် ပေါ်မှာ ငွေရောင်စာလုံးနဲ့ မှတ်မိလွယ်စေတဲ့ ဘရမ်း အမှတ်အသား၊ ရိုးရှင်းတဲ့ ထုပ်ပိုးမှု၊ အလယ်အလတ်စား ရောင်းစျေးတွေကြောင့် လူကြိုက်များတဲ့ မိတ်ကပ် အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ဖက်ရှင်ဓာတ်ပုံဆရာနဲ့ မိတ်ကပ်ပညာရှင် Frank Toskan ဖရန့်တိုကန် တို့ အသက် (၇) နှစ်ကတည်းက စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ အောင်မြင်တဲ့ ဆံပင်ညှပ်ဆရာ Frank Angelo ဖရန့် အန်ဂျယ်လို တို့ကတော့ MAC Cosmetics ကို ပူးပေါင်းတည်ထောင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်မှာ MAC Cosmetics ကို စတင်တည်ထောင်ခဲ့သူ (၂) ဦးက ဓာတ်ပုံရိုက်ကွင်းတစ်ခုမှာ တွေ့ဆုံခဲ့ပြီး သူတို့လက်ရှိအသုံးပြုနေတဲ့ မိတ်ကပ်တွေက သိပ်အဆင်မပြေတာကြောင့် ယခုထက် ကောင်းမွန်တဲ့ မိတ်ကပ် ပစ္စည်းတွေကို ထုတ်လုပ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ထုတ်လုပ်ဖို့ စတင်စမ်းသပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ပထမဆုံး စမ်းသပ်ချက်ကိုတော့ အန်ဂျယ်လိုရဲ့ ဆံပင်ညှပ်ဆိုင်ရဲ့ နောက်ဖေးမီးဖိုချောင်ကပဲ စတင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ ယောက်ဖဖြစ်သူ ဓာတုဗေဒပညာရှင် Vic Casale ဗစ်ကဆေး ရဲ့အကူအညီနဲ့ နှုတ်ခမ်းနီ၊ မျက်လုံး အရောင်ခြယ်ခဲတံ၊ မိတ်ကပ်အောက်ခံ၊ ပေါင်ဒါ စတဲ့ ထုတ်ကုန်တွေကို အရင်ဆုံးထုတ်ခဲ့ပြီး သူတို့ရဲ့ ဓာတ်ပုံ မော်ဒယ်တွေနဲ့ သူငယ်ချင်းတွေကို စတင်အသုံးပြုစေခဲ့ပါတယ်။

သူတို့ ထုတ်ကုန်တွေရဲ့ အရောင်ထွက်ကောင်းမွန်မှု၊ အဆီမပြန်တဲ့ ဖောင်ဒေးရှင်း မိတ်ကပ်နဲ့ ရွေးချယ်စရာများတဲ့ ကောင်းကြောင်းတွေက ဖက်ရှင်နဲ့ မိတ်ကပ်လောကမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ MAC Cosmetics ရဲ့ အရှည်ကောက် ကတော့ Make-up Art Cosmetics ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ တရားဝင် ရင်းနှီးမြှုပ်နှံမှုစတင်ပြီး တိုကန်က creative director အနေနဲ့ တာဝန်ယူပြီး အန်ဂျယ်လိုက marketing director အနေနဲ့ တာဝန်ယူကာ (၁၂) လအတွင်းမှာပင် မီးဖိုချောင်အတွင်း ထုတ်လုပ်ခန်းကနေပြီးတော့ ပေ (၁) သောင်းရှိတဲ့ ထုတ်လုပ်မှုစက်ရုံကို တည်ထောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

MAC ရဲ့ အကြောင်း ပျံ့နှံ့စေတဲ့ အကြောင်းတရားတစ်ခုကတော့ မက်ဒေါနားရဲ့ ဗီဒီယိုတစ်ခုကနေပြီး သိသွားကာ ဖက်ရှင်ရှိုးပွဲတွေမှာလည်း ကျော်ကြားခဲ့ပါတယ်။ MAC အနေနဲ့ အစပိုင်းမှာတိကျတဲ့ target တစ်ခုဖြစ်တဲ့ မိတ်ကပ်ပညာရှင်များကိုသာ ဦးတည်ထားပြီး ဖက်ရှင်လောကမှာ ရှေ့ရောက်ခဲ့တဲ့ မိတ်ကပ် အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူတိုင်းအတွက် ကိုက်ညီဖို့ အသားအရောင်တိုင်းအတွက် အရောင် ရွေးချယ်နိုင်ဖို့ colour range စုံအောင် ထုတ်လုပ်ပေးထားတဲ့ မိတ်ကပ်အမှတ်တံဆိပ်တစ်ခု အဖြစ် လူသိ ပိုများခဲ့ပါတယ်။ MAC ရဲ့ ပထမဆုံး ပြောရေးဆိုခွင့်ရှိသူ (Spokesperson) အနေနဲ့ အရပ် (၆) ပေရှိတဲ့ အာဖရိကန်-အမေရိကန် လူမျိုး Drag Queen Ru Paul ကို ခန့်အပ်ခဲ့ပြီး သမားရိုးကျ ရောင်းချမှုမဟုတ်တဲ့ နည်းနဲ့ ရောင်းချခဲ့ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာကတော့ ပုံမှန်သမားရိုးကျ မိတ်ကပ်လက်လီရောင်းချမှုဖြစ်တဲ့ ကြော်ငြာ ဘတ်ဂျက်များစွာအသုံးပြုခြင်းနဲ့ ဝယ်ယူမှုအပေါ်မှာ လက်ဆောင်ပေးတဲ့ ပရိုမိုးရှင်းများကို မလုပ်ဆောင်ဘဲ စျေးသက်သာပြီး တစ်ယောက်စကား တစ်ယောက်နား ကြားတဲ့ word of mouth ဗျူဟာကို ပဲ အသုံးချကာ ဝယ်ယူသူတွေဆီက ယုံကြည်မှုကို ရယူထားခြင်းဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ တိုရန်တိုမြို့ရဲ့ ကုန်တိုက်ကြီးတစ်ခုမှာ MAC cosmetics အတွက် ပထမဆုံး ကောင်တာဖွင့်လှစ်ရောင်းချဖို့ အခွင့်အရေးကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မတူညီတဲ့ လက်လီ ရောင်းချခြင်း နည်းဗျူဟာတွေဖြစ်တဲ့ မိတ်ကပ်ပညာကျွမ်းကျင်သူများကို ရိုးရှင်းတဲ့ အနက်ရောင် ယူနီဖောင်းများ ဆင်မြန်းကာ ပစ္စည်းရောင်းချခြင်းထက် စိတ်ဝင်တစား လာရောက်မေးမြန်းတဲ့ ဝယ်သူများကို မိတ်ကပ်ပညာနဲ့ အသုံးပြုမှုအပေါ်မှာသာ ပိုမို ဂရုစိုက်ရှင်းပြစေခဲ့ပါတယ်။ အရောင်းဝန်ထမ်းများအနေနဲ့ ကော်မရှင်ရရှိဖို့ ကြိုးစားဖို့မလိုဘဲ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးဖို့အတွက် ပိုမိုအာရုံစိုက်နိုင်ပြီး ဝယ်သူများကို ပြန်လာချင်အောင် ဆွဲဆောင်ရောင်းချနိုင်သူများ ဖြစ်လာစေပါတယ်။

အမေရိကန်နိုင်ငံမှာ MAC ရဲ့ ပထမဆုံးရောင်းအားကို နယူးယောက်က အထင်ကရ ကုန်တိုက်တစ်ခုဖြစ်တဲ့ ဟန်ရီ ဘန်ဒယ်မှာ MAC ရဲ့ ခဲတံနှုတ်ခမ်းနီ ရရှိဖို့ နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ကြတဲ့ အမျိုးသမီးထုကြီးက သက်သေပြသခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ MAC ရဲ့ ပထမဆုံးစတိုးကို နယူးယောက် ဂရင်းဝစ်ဗစ်လစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ရောင်းအားများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းကလည်း တိုကန်နဲ့ အန်ဂျယ်လိုတို့အတွက် ကုန်ပစ္စည်း လုံလောက်စွာမထုတ်လုပ်နိုင်တဲ့ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆိုင်ခွဲများ တိုးချဲ့ဖို့နဲ့ လက်လီရောင်းချခြင်းမှာ ခြေလှမ်းများချဲ့ထွင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်တာတွေကလည်း ဘာမှ သေချာမသိ သေးတဲ့ သူတို့ (၂) ယောက်အတွက် အခက်အခဲတွေ ကြုံတွေ့စေပါတယ်။ ကုမ္ပဏီအခြေတကျဖြစ်ဖို့ကို သူတို့အနေနဲ့ ပိုမိုအာရုံစိုက်နေရပြီး ကုန်ပစ္စည်းအသစ်ဖန်တီးတာဖို့နဲ့ စျေးကွက်ပိုင်းဆိုင်ရာတွေမှာ အချိန်မပေးနိုင် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး အလှကုန်ပစ္စည်း ကုမ္ပဏီဖြစ်တဲ့ Estee Lauder အနေနဲ့ တခြား အလှကုန် အမှတ်တံဆိပ်တွေကို ဖြန့်ဖြူးရောင်းချတာမျိုး မလုပ်ပေမယ့် MAC ရဲ့ အောင်မြင်မှု အလားအလာကိုတော့ Estee Lauder ရဲ့ အကြီးတန်းအရာရှိ ဝီလီယံ လောက်ဒါ (William Lauder) က မြင်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန် (၃၈) မီလီယံတန်ကြေးရှိတဲ့ MAC ရဲ့ ရှယ်ယာ (၅၁) ရာခိုင်နှုန်းကို Estee Lauder က အပြီးသတ် ဝယ်ယူခဲ့ပါတယ်။ အဲ့လိုဝယ်ယူမှုအတွက် ညှိနှိုင်းရာမှာ MAC ရဲ့ တည်ထောင်သူဖြစ်တဲ့ တိုကန်နဲ့ အန်ဂျလိုတို့က သူတို့တည်ထောင်ထားတဲ့ အမှတ်တံဆိပ်အမည် ပြောင်းလဲပေးရမှာကို စိုးရိမ်ထိတ်လန့် နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ညှိနှိုင်းမှုမှာ မူလတည်ထောင်သူ (၂) ဦးမှ ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ် MAC အနေနဲ့သာ ဆက်လက်ထားရှိ တာဝန်ယူစေပြီး Lauder ဘက်မှ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလည်ပတ်မှုအပိုင်းကိုသာ ဆောင်ရွက်မယ်လို့ သဘောတူညီခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ တည်ထောင်သူတစ်ဦးဖြစ်သူ အန်ဂျယ်လိုက နှလုံးရောဂါနဲ့ ရုတ်တရက် သေဆုံးသွားခဲ့ ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ ကုမ္ပဏီမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း (၂၅၀) ကျော်နဲ့ အောင်မြင်စွာ လည်ပတ်နေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၈ ဖေဖော်ဝါရီမှာတော့ ကျန်ရစ်သူ တိုကန်က MAC လုပ်ငန်း တစ်ခုလုံးကို Estee Lauder ဆီကို ခန့်မှန်းခြေ အမေရိကန် ဒေါ်လာသန်း (၆၀) နဲ့ ရောင်းချကာ သူကိုယ်တိုင်လည်း Creative Director ရာထူးမှ အနားယူခဲ့ပါတယ်။

ယခု လက်ရှိမှာ MAC cosmetics လုပ်ငန်းကို Estee Lauder လုပ်ငန်းစုမှ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး နိုင်ငံပေါင်း (၉၀) ကျော်မှာ အရောင်းနေရာပေါင်း (၁၆၀၀) ကျော်ရှိနေပြီး Estee Lauder ကုမ္ပဏီရဲ့ ၂၀၂၀ ခုနှစ် ထုတ်ပြန်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်အရ MAC Cosmetics အနေနဲ့ အမေရိကန် ဒေါ်လာ (၅.၉) ဘီလီယံနီးပါး ရောင်းအားရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ MAC cosmetics ရဲ့ အောင်မြင်မှုသော့ချက် တစ်ခုဖြစ်တဲ့ အသားအရောင်တိုင်းအတွက် မိတ်ကပ်အရောင် များစွာထုတ်လုပ်ခြင်းကတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ မိတ်ကပ်ပညာရှင်များ၊ အနုပညာရှင်များနဲ့ ပူးပေါင်းကာ limited edition ပစ္စည်းတွေကို ထူးခြားတဲ့ ထုပ်ပိုးမှုပုံစံတွေနဲ့ ရောင်းချတာတွေကလည်း ယနေ့အချိန်ထိ နာမည်ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

MAC cosmetics ရဲ့ အဓိက CSR campaign ဖြစ်တဲ့ MAC VIVA GLAM နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းနီအဆီ ထုတ်ကုန်များကို ဆက်လက်ထုတ်လုပ်လျက်ရှိပြီး ရောင်းရငွေ (၁၀၀) ရာခိုင်နှုန်းအပြည့်ကို HIV/AIDS ဝေဒနာရှင်များရဲ့ နေထိုင်မှုနဲ့ AIDS ကုသမှုဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ပံ့ပိုးလှူဒါန်းလျက်ရှိပါတယ်။ MAC cosmetics အနေနဲ့ သူတို့ရဲ့ လူမှုအကျိုးပြု လုပ်ဆောင်မှုတွေအတွက် အသိအမှတ်ပြုခြင်းများစွာရရှိပြီး Dow Jones Sustainability Index (DJSI) မှာ မှတ်တမ်းတင်ခံရခြင်း၊ ကာဗွန်ထုတ်လုပ်မှု လျော့ချနိုင်ခြင်း အတွက် “Leadership” ranking များလည်း ရရှိထားတဲ့ လူမှုပတ်ဝန်းကျင်အတွက် တာဝန်ယူတဲ့ အလှကုန် အမှတ်တံဆိပ်တစ်ခုအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။

 

Daw May Thet Hnin

MBA (Heriot-Watt University)