'' လက်လီအရောင်းဆိုင်ပိုင်ရှင်တိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်များ ''

ကျွန်မတို့တွေ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်မယ်လို့ စတင်စဥ်းစားပြီဆိုတာနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစားကို စတင်ရွေးချယ်ကြရပါတယ်။ များသောအားဖြင့်ကတော့ ကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်း လက်ကားဖြန့်ချိခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများနဲ့ လက်လီအရောင်းဆိုင်လုပ်ငန်းများကို ရွေးချယ် ကြလေ့ရှိပါတယ်။ ကိုယ်လုပ်ရမယ့် လုပ်ငန်းအမျိုးအစားနဲ့ ကိုယ့်ရဲ့ ဝါသနာအရင်းခံနဲ့ ကိုက်ညီခဲ့ရင်တော့ အကောင်းဆုံးပေါ့ရှင်။ လက်လီအရောင်းဆိုင် လုပ်ငန်းဆိုတာ ရပ်ကွက်လမ်းကြားထဲက စျေးဆိုင်လေးတွေကနေ လမ်းမကြီးတွေပေါ်က store ဆိုင်၊ minimart ၊ supermarket လုပ်ငန်းတွေအထိ ပါဝင်ပါတယ်။ အဲ့ဒီအထဲ မှာမှ ကိုယ်က ဘယ်လိုကုန်ပစ္စည်းကို လက်လီရောင်းမှာလဲဆိုတာ ထပ်မံရွေးချယ်ကြတာပါ။ ကျွန်မက ခုအသက်အရွယ်ထိ stationary ပစ္စည်းလေးတွေကို အရမ်းသဘောကျ နှစ်သက်ပါတယ်။ အဲ့ထဲမှာမှ ကိုယ်ပိုင်တံဆိပ်လေးနဲ့ စာအုပ်စာရေးကိရိယာတွေ ထုတ်ချင်စိတ်က ကျွန်မ အိပ်မက်ပါ။ ကျွန်မက တော့ ကျွန်မကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်တဲ့အခါမှာ ကျွန်မ လုပ်ချင်တဲ့ လုပ်ငန်းနဲ့ အနီးစပ်ဆုံး stationary retail shop လေးကို စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့တာပါ။ Stationary  retail ဖွင့်ခဲ့တဲ့တစ်လျှောက်မှာ ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ အနည်းငယ်လေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။

လက်လီလုပ်ငန်းတွေဟာ တခြားလုပ်ငန်းတွေထက်စာရင် တည်ထောင်ရတာ အလွန်လွယ်ကူ တယ်လို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ တည်ထောင်ရတာလွယ်သလောက် စျေးကွက်ထဲမှာ အပြိုင် အဆိုင်များတဲ့အတွက် တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းအားကောင်းဖို့အတွက် အရောင်းနည်းဗျူဟာ မျိုးစုံ ကိုလည်း သုံးရတတ်ပါသေးတယ်။ လက်လီအရောင်းဆိုင်တစ်ခုအနေနဲ့ ပိုရောင်းကောင်းလာအောင်၊ လိုအပ်တဲ့ skills ကျွန်မတို့တွေ နားလည် ထားဖို့ လိုအပ်လှပါတယ်။ အဲ့ဒီအထဲမှ တချို့ skills အနည်းငယ်ကို ကျွန်မ ပြန်လည်မျှဝေချင်ပါတယ်။

Teamwork

ကျွန်မတို့ဖွင့်ထားတဲ့ ဆိုင်သေးတာ၊ ကြီးတာ၊ ဝန်ထမ်းဦးရေ နည်းတာ၊ များတာထက်  အဲ့ဒီရှိတဲ့ team လေးကို teamwork ကောင်းကောင်းနဲ့ သေချာ focus ထားပြီး လုပ်ကိုင်တတ်ဖို့ လိုအပ်ပါတယ်။ ရှိနေတဲ့ team လေးကိုပဲ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာအားလုံးကို အကျိုးရှိရှိ လုပ်ကိုင်နိုင်အောင် ရှေ့ကနေဦးဆောင်မယ့် ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် လုပ်ငန်းကို ဦးစီးမယ့် မန်နေဂျာ ဒါမှမဟုတ် Supervisor က လုပ်ငန်းကို သေချာဦးဆောင်လုပ်ကိုင်ရပါမယ်။ ဒါကြောင့် လက်လီလုပ်ငန်းအသေးစားအများစုဟာ ပိုင်ရှင်ကိုယ်တိုင် ဦးစီးလုပ်ကိုင်ကြတာ များပါတယ်။

Customer services

လက်လီလုပ်ငန်း (၁) ခုမှာ အရေးကြီးဆုံးက customer services ပဲ ဖြစ်ပါတယ်။ လက်လီ လုပ်ငန်းအနေနဲ့ customer တွေနဲ့ တိုက်ရိုက်ထိတွေ့ လုပ်ကိုင်ရတဲ့အတွက် customer behaviour ကိုလည်း သေချာစွာ လေ့လာသုံးသပ်နိုင်ရပါမယ်။ လက်လီဆိုင်တစ်ဆိုင်ဖြစ်တဲ့အတွက် ဝယ်သူတွေရဲ့ စိတ်ဝင်စားမှု၊ ကိုယ့်ရဲ့ customer က ဘယ်သူတွေလဲ၊ ပြီးတော့ သူတို့တွေ ဘာလိုအပ်လဲဆိုတာ သိရှိထားဖို့ အင်မတန် အရေးကြီးလှပါတယ်။ လက်လီလုပ်ငန်းအနေနဲ့ customer လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်ဖို့အတွက် စျေးကွက်အတွင်း ပြောင်းလဲလာတဲ့ demand တွေကိုလည်း အမြဲလေ့လာဖို့ လိုပါတယ်။

Time Management

လက်လီလုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်အတွက် လိုအပ်တဲ့ essential skills တွေထဲမှာ time management ကလည်း အရေးကြီးတဲ့ အခန်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ မိမိဆိုင်မှာ တင်ပြီးရောင်းချမယ့် product များ အချိန်မီ ဆိုင်မှာရောက်ရှိဖို့ကလည်း အရေးကြီးသလို၊ အချိန် ရာသီအလိုက် ဘာ product တွေ ဆိုင်မှာ တင်သင့်သလဲနဲ့ ဆိုင်မှာ ရောင်းချဖို့ အချိန်မီရောက်ရှိနေဖို့ ကလည်း အရေးကြီးပါတယ်။ ဥပမာ- မြန်မာနိုင်ငံက ကျောင်းတော်တော်များများရဲ့ ကျောင်းဖွင့်ချိန်ဟာ ဇွန်လဆန်းပိုင်း ဖွင့်ကြတာများပါတယ်။ (၆)လပိုင်းမှာ စာရေးကိရိယာများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လုပ်ငန်းမှာ အမြတ်အစွန်းရရှိဖို့အတွက် ဆိုင်များဟာ ဘယ်ပစ္စည်းကို ဘယ်လမှာ supplier တွေဆီက ဝယ်ထားရမယ်၊ ဘယ်ကုန်ပစ္စည်းဆို ကျောင်းဖွင့်တာနဲ့ တန်းကုန်တာမို့ စတော့ကို ဘယ်လောက်ထားထားရမယ် ဒါတွေက တွက်ချက်ချိန်ဆထားဖို့ အရမ်းအရေးကြီး လှပါတယ်။

Commercial Awareness

လက်လီဆိုင်အနေနဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ operation ကိုလည်း သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်ဦးစီးနေတဲ့ ဝန်ထမ်းတွေရဲ့အားသာချက်၊ အားနည်းချက်ကို ကြည့်ပြီး စီမံခန့်ခွဲ တတ်ဖို့လည်း လိုအပ်လှပါတယ်။ လက်လီလုပ်ငန်းအကြောင်း မင်းသေချာနားလည်ရင် လုပ်ငန်းမှာ လိုအပ်တဲ့ ဆုံးဖြတ်ချက် ချမှတ်စရာတွေကို မှန်ကန်စွာ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကိုယ်တိုင်က လက်လီလုပ်ငန်းနဲ့ ပတ်သက်လို့ operations လုပ်တာတွေ သေချာ နားမလည်ခဲ့ရင် လက်လီလုပ်ငန်းတွေ ဘယ်လိုလုပ်ကိုင်လဲဆိုတာ စူးစမ်းလေ့လာသင့်ပါတယ်။ ကျွန်မဆိုင်ဖွင့်ခဲ့တဲ့ တစ်လျှောက်မှာလည်း ကိုယ်တိုင်စူးစမ်းဆင်ခြင်သလို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဆီကလည်း  များစွာ လေ့လာသင်ကြားပါတယ်။ တစ်ခါတစ်ခါ ကိုယ့် customer တွေဆီကလည်း ပြန်လည်သင်ယူရတာတွေလည်း အများကြီးပါ။

Problem solving

Retail ဆိုင်တစ်ဆိုင်အနေနဲ့က နေ့စဉ် customer ပေါင်းစုံ၊ demand မျိုးစုံ၊ supplier များစွာနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်တာကြောင့်မို့ problem solving skills ဟာလည်း အလွန်လိုအပ်လှပါတယ်။ ကျွန်မဆိုင်မှာလည်း ပြဿနာမျိုးစုံကြုံရပါတယ်။ ကျွန်မ ဝန်ထမ်းကလေး တွေကို ကျွန်မ အမြဲပြောထားတာက ပြဿနာဆိုတာ နည်းပေါင်းစုံနဲ့ ကြုံရတတ်တယ်၊ ပြဿနာ ဆိုတာ ဖြေရှင်းဖို့၊ ပြဿနာတွေထဲက သင်ယူတတ်ဖို့၊ တာဝန်ယူပြီး အတူတကွ ဖြေရှင်းဖို့နဲ့ အမှားတွေဖြစ်လာရင်လည်း အမှန်အတိုင်းဖွင့်ပြောပြီး အကောင်းဆုံး အတူတကွ ဖြေရှင်းကြဖို့ ကျွန်မတတ်နိုင်သလောက် သင်ကြားပေးလေ့ရှိသလို၊ ပြင်ပက အတွေ့ကြုံတွေကိုလည်း အလုပ် အနည်းငယ်အားနေတဲ့အချိန်တွေမှာ ပြောပြပေးခြင်းက လုပ်ငန်းအတွေ့ကြုံ၊ အသိပညာများ တိုးပွား စေပါတယ်။ နောက်ထပ် (၁) ခုက လက်လီလုပ်ငန်းအနေနဲ့ ရောင်းချမယ့် ကုန်ပစ္စည်းများ နောက်ကျမှ ရောက်လာခဲ့ရင် ကိုယ့် customer ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ်လိုဖြေရှင်းရမလဲ၊ တကယ် ဝယ်သူများတဲ့အချိန်မှာ ဝန်ထမ်းမလောက်ငမှုများ၊ ကိုယ်ရောင်းလိုက်တဲ့ ကုန်ပစ္စည်းမှာ error ပါသွားခဲ့ရင် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို အတွေ့အကြုံပေါ် မူတည်သလို ကိုယ်မကြုံတွေ့ ရသေးဘူးဆိုရင်လည်း  ကိုယ့်အလှည့်ကျ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြိုတင်တွေးဆထားဖို့ ဝန်ထမ်းတွေကိုလည်း ကြိုတင်သင်ကြားထားဖို့မှာ လက်လီလုပ်ငန်းဦးဆောင်သူတစ်ယောက်အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ယခု အထက်ပါ အချက်လေးများက အခြေခံကျတဲ့ အချက်လေးတွေကိုပဲ ကျွန်မ တင်ပြ ထားပါတယ်။ ပြင်ပစျေးကွက်မှာတော့ ခုကျွန်မ တင်ပြထားတာထက် များစွာ skills တွေ ရှိပါ သေးတယ်။

Daw Ei Mon Soe
ME-IT(TU -Mdy)
MBA SIU Thailand