'' AI နဲ့ ကျင့်၀တ်ဆိုင်ရာ အရေးပါမှု ''

ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ Artificial Intelligence (AI) က နေရာစုံသို့ ရောက်ရှိလာြပီ ဖြစ်ပါတယ်။ AI ဟာ သင်ပုံမှန် အသုံးပြုနေတဲ့ နည်းပညာများစွာမှာ ပါ၀င် တည်ဆောက်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Netflix မှာ သင်ကြိုက်နှစ်သက်နိုင်တဲ့ တစ်ခုကို အကြံပြုတဲ့အခါမှာလည်းကောင်း ဒါမှမဟုတ် သင်ပုံမှန်ပျံသန်းတဲ့ လေဆိပ်မှ ခရီးစဉ်ကို အွန်လိုင်းမှ ကြိုတင်မှာယူဖို့ Google မှ အကြံပြုတဲ့အခါမှာလည်းကောင်း AI (ဉာဏ်ရည်တု) က ပါဝင်ပါတယ်။ ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်း ကိုးဆယ့်တစ်ရာခိုင်နှုန်းကလည်း AI မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချင်ကြပါတယ်။ AI က သိပ္ပံပညာအဆင့်နဲ့ ထိစပ်နေပေမယ့်လည်း ဒါဟာ နည်းပညာပိုင်းဆိုင်ရာ ကိရိယာတစ်ခုမျှသာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကိရိယာပင်ဖြစ်စေ အကောင်းနဲ့အဆိုး တွဲနေတတ်ပါတယ်။ ဒါကြောင့် AI က ပိုမိုခေတ်မီဆန်းပြားတဲ့ လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်လာတာနဲ့အမျှ မှန်ကန်တဲ့အသုံးပြုမှုရှိဖို့အတွက် ကျင့်ဝတ်ဆိုင်ရာ မူဘောင်တစ်ခုရှိဖို့ အရေးကြီးလာပါတယ်။ ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ AI ကိုအသုံးပြုတဲ့အခါ ကျင့်ဝတ်များကို လေးစားလိုက်နာမှု ရှိစေဖို့အတွက် ဘယ်လိုလုပ်ဆောင်စေမလဲဆိုတဲ့အချက်ဟာ အရေးပါလာြပီဖြစ်ပါတယ်။

AI ကို စက်မှုလုပ်ငန်းအများအပြားမှာသာမက ဘဏ္ဍာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလာမှု၊ ဖောက်သည်ဝန်ဆောင်မှု၊ ဆိုရှယ်မီဒီယာနဲ့ သယ်ယူပို့ဆောင်ရေးတို့အပါအဝင် AI ကို အကြီးအကျယ်အသုံးပြုလာြပီဖြစ်ပါ တယ်။ တိုးတက်နေတဲ့ AI နည်းပညာဟာ ကမ္ဘာရဲ့ ရှုထောင့်တိုင်းအတွက် ကျယ်ပြန့်စွာသက်ရောက်မှုရှိတာကြောင့် AI ကိုထိန်းညှိဖို့ လိုအပ်ပါတယ်။

AI ရဲ့ အဓိက ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်တွေက ဘာတွေလဲ?

အရင်ကဖော်ပြခဲ့တဲ့အတိုင်း၊ အဓိကကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုများဟာ လုပ်ငန်း၊ အလိုက်ဖြစ်နိုင်တဲ့ အခြေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုပမာဏအလိုက် ကွဲပြားပါတယ်။ သို့ပေမဲ့ အတုအယောင်ဉာဏ်ရည်နဲ့ ပတ်သက်လာရင် အကြီးမားဆုံး ကျင့်ဝတ်ဆိုင်ရာ ပြဿနာများမှာ AI bias (ဘက်လိုက်မှု) ဖြစ်ပါတယ်။

AI ဘက်လိုက်မှု

AI ဟာ ဆန်းပြားတဲ့ အလုပ်များ၊ လေးလံတဲ့အရာများနဲ့ သက်ဆိုင်တဲ့အလုပ်များကို လုပ်ဆောင်လာနိုင်ပြီ ဖြစ်ပါတယ်။ အဲ့လိုလုပ်ဆောင်နိုင်ဖို့ လူသားများဟာ AI ကို အစီအစဉ်ဆွဲပြီး အဲ့ဒီတာဝန်တွေကို လုပ်ဆောင်ဖို့ လေ့ကျင့်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့လို data တွေကို သင်ကြားရာမှာ ပြသနာရှိလာပါတယ်။ ဘာလို့လဲဆိုတော့ လူသားတွေမှာ အစွဲတွေ များစွာရှိကြပါတယ်။ ဥပမာ data scientists (ဒေတာသိပ္ပံပညာရှင်) ဟာ လူဖြူအများစုထံမှာပဲ ဒေတာစုဆောင်းပြီး Design ဆွဲပါက ၎င်းတို့ဒီဇိုင်းထုတ်ထားတဲ့ AI ကလည်း လူဖြူများအတွက်သာ ရည်ရွယ်သလိုဖြစ်ကာ ဘက်လိုက်မှုများ ပါရှိလာနိုင်ပါတယ်။ သို့ပေမယ့်လည်း ဒီဖြစ်ရပ်မှာ AI ဟာ ဘက်လိုက်မှုအရင်းအမြစ် မဟုတ်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အမှန်တကယ် ဘက်လိုက်မှုကို ပိုတွေ့ရတာက AI မော်ဒယ်များကို လေ့ကျင့်ဖို့ အသုံးပြုတဲ့ဒေတာများမှာသာ ဘက်လိုက်မှု ရှိနိုင်ပါတယ်။

အလုပ်အကိုင်များကို အစားထိုးခြင်း

သမိုင်းတစ်လျှောက် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတိုင်းနီးပါးက အလုပ်အကိုင်များကို အစားထိုး တယ်လို့ စွပ်စွဲခံထားရပေမယ့်လည်း ယခုအချိန်အထိ အဲ့ဒီလိုဖြစ်ပေါ်လာခြင်း မရှိသေးပါဘူး။ တိုးတက်လာတာနဲ့အမျှ AI က လူသားများ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်အကိုင်များကို မကြာမီ အချိန်မရွေး အစားထိုးတော့ လာနိုင်တော့ မယ်ဆိုတဲ့အချက်က လူသားတွေအတွက် ခြိမ်းခြောက်မှုဖြစ်ပေမယ့်လည်း ယနေ့ထိ မဖြစ်ပေါ်ခဲ့ပါဘူး။ 1970 ခုနှစ်များအတွင်းမှာ အလိုအလျောက် ပြောပြတဲ့စက်များ (ATM) ကို မိတ်ဆက်ခဲ့ပြီး ဘဏ်ဝန်ထမ်း များအတွက် အလုပ်လက်မဲ့ဖြစ်မှာကို လူအများက စိုးရိမ်ခဲ့ကြတယ်။ အဖြစ်မှန်ကတော့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ ATM များဟာ ရိုးရှင်းတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆိုင်နိုင်တာကြောင့် သူတို့ဟာ အလုပ်တာဝန်တွေကို ကူညီလုပ်ဆောင်ပေးပြီး လိုအပ်တဲ့နေရာများမှာတော့ လူသားများက ပိုမို လုပ်ဆောင်နိုင်ပါတယ်။

AI နှင့် လျှို့ဝှက်ရေး

AI မှာ ethic (ကျင့်ဝတ်) နဲ့ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့ စိုးရိမ်မှုမှာ privacy (လျှို့ဝှက်ရေး) ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာဟာ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေငြာစာတမ်းမှာ အခြေခံ လူ့အခွင့်အရေး အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်တာကြောင့် AI အသုံးချထားတဲ့ ပရိုဂရမ်အမျိုးမျိုးဟာလည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်စေနိုင်ပါတယ်။ ထောက်လှမ်းရေးကင်မရာများ၊ စမတ်ဖုန်းများနဲ့ အင်တာနက်တို့လို နည်းပညာတွေဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းဖို့ ပိုမိုလွယ်ကူစေပါတယ်။ ကုမ္ပဏီများဟာ ဘာအတွက် ဒေတာများကို စုဆောင်းသိမ်းဆည်းထားရကြောင်းနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု မရှိတဲ့အခါ privacy ဟာ အန္တရာယ်ရှိနိုင်ပါတယ်။

AI ကို မှန်မှန်ကန်ကန် ဘယ်လိုသုံးမလဲ?

AI ရဲ့ စိန်ခေါ်မှုများအားလုံးနဲ့အတူ၊ သင့်အဖွဲ့အစည်းအတွင်းရှိ AI ဖြေရှင်းချက်အဖြစ် AI ကို အကောင်အထည် ဖော်တဲ့အခါမှာ အန္တရာယ်လျော့ပါးစေမယ့်နည်းလမ်းက လုပ်ငန်းကိစ္စရပ်မှာ AI ကို ကျင့်ဝတ်သိက္ခာရှိရှိ အသုံးပြုဖို့ အကောင်းဆုံးအလေ့အကျင့်တချို့ရှိပါတယ်။

AI ethics နဲ့ ပတ်သက်တဲ့ အသိပညာပေးခြင်း

AI လုပ်နိုင်တဲ့အရာများအပေါ် ထိုအရာရဲ့ စိန်ခေါ်မှုများနဲ့ ကန့်သတ်ချက်များကို သင်ကိုယ်တိုင်နဲ့ သင့်လုပ်ဖော် ကိုင်ဖက်များအား ပညာပေးခြင်းဖြင့် စတင်ပါ။ လူတွေကို ကြောက်လန့်စေပြီး AI ကို သိက္ခာမဲ့အသုံးပြုခြင်း အခြေအနေကို လုံးဝလျစ်လျူရှုခြင်းထက်၊ လူတိုင်းက အန္တရာယ်များကိုနားလည်ပြီး ဒါကို ဘယ်လိုလျော့ပါးစေရမယ်ဆိုတာကို သိရှိ စေခြင်းက လမ်းကြောင်းမှန်ဆီကိုသွားတဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

လူသားများက အသာစီးယူခြင်း

လူသားများမှ ဦးစွာချဉ်းကပ်မှုကို ခံယူခြင်းက ဘက်လိုက်မှုတွေ ထိန်းချုပ်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ ပထမဦးစွာ သင့်ဒေတာက ဘက်လိုက်မှုမရှိကြောင်း သေချာဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက လူ့အဖွဲ့အစည်းရဲ့ အလုပ်လုပ်ပုံကို ပုံဖော်တဲ့ အယ်လဂိုရီသမ်များကို တီထွင်သူများက အဲ့ဒီ လူ့အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် AI နည်းပညာမှာ လုပ်ဆောင်နေတဲ့ အဖွဲ့များက အားလုံးပါဝင်တဲ့ data ကို ရယူခြင်းဖြင့် သင်ဖန်တီးထားတဲ့ AI ကို ကောင်းမွန်ပြည့်စုံပြီး ကမ္ဘာကို အကျိုးပြုနိုင်ကြောင်း သေချာစေနိုင်ပါတယ်။

AI အသုံးပြုမှု ကိစ္စအားလုံးမှာ ပွင့်လင်းမြင်သာမှုနဲ့ လုံခြုံရေးကို ဦးစားပေးခြင်း

သင်အသုံးပြုတဲ့ AI က ဒေတာစုဆောင်းခြင်း ဒါမှမဟုတ် သိမ်းဆည်းခြင်းများပါဝင်တဲ့အခါ သင့်ရဲ့ အသုံးပြုသူများ ဒါမှမဟုတ် ဖောက်သည်များအား သူတို့ရဲ့ဒေတာကို သိမ်းဆည်းပုံ၊ ဒါကိုအသုံးပြုပုံနဲ့ အဲ့ဒီဒေတာမျှဝေခြင်းမှ ရရှိတဲ့အကျိုးကျေးဇူးများကို ပညာပေးဖို့ လိုအပ်ပါတယ်။ ဒီပွင့်လင်းမြင်သာမှုက သင့်ဖောက်သည်များနဲ့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီနည်းနဲ့ ကျင့်ဝတ်ဆိုင်ရာ AI မူဘောင်ကို လိုက်နာခြင်းက တင်းကျပ်တဲ့ စည်းမျဉ်းများထက် သင့်လုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ ဖန်တီးခြင်းလို့ ရှုမြင်နိုင်ပါတယ်။

AI နှင့်သက်ဆိုင်သော ကျင့်ဝတ်ဆိုင်ရာမူဘောင်များ

ဘက်မလိုက်တဲ့ ပါတီများဟာ AI ရဲ့ကျင့်ဝတ်ဆိုင်ရာ အသုံးပြုမှုအတွက် လမ်းညွှန်ချက်များကို ဖန်တီးမှသာ ဒါက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုအတွက် ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာများ ဖန်တီးဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ဆန်းသစ်တီထွင်မှု၊ ယုံကြည်စိတ်ချရပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တန်ဖိုးများကို လေးစားတဲ့ AI အသုံးပြုမှုကို မြှင့်တင်ပေးတဲ့ OECD AI Principles ကို ဖန်တီးခဲ့ပါတယ်။ AI နည်းပညာဟာ ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာတစ်ခုဖြစ်နိုင်သလို ကမ္ဘာ့အကြီးဆုံး ပြဿနာများစွာအတွက် အဖြေတစ်ခုလည်း ဖြစ်ပါတယ်။

အကောင်းဆုံး အလေ့အကျင့်များကို လိုက်နာနေသရွေ့ AI က ကျန်းမာရေးစောင့်ရှောက်မှုမှ ပညာရေးအထိသာမက တခြားလုပ်ငန်း နယ်ပယ်တိုင်းနီးပါးကို တိုးတက်ကောင်းမွန်လာစေဖို့ အလားအလာရှိပါတယ်။ AI ကို လူသားဉာဏ်ရည် အဖြစ် အစားထိုး အသုံးပြုမယ်ဆိုပါက ဒါဟာ ကြောက်စရာကောင်းတဲ့ ကိရိယာမဖြစ်နိုင်တော့ပါဘူး။ မှန်ကန်တဲ့ ကျင့်ဝတ်မူဘောင်နဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ဘယ်လိုပြောင်းလဲစေမယ်ဆိုတာကို သိမြင်ဖို့ လွယ်ကူပါတယ်။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများမှာပင် AI ( ဉာဏ်ရည်တု) ဆော့ဖ်ဝဲလ်နဲ့ အလုပ်များကို အလိုအလျောက် လုပ်ဆောင်နိုင်ပြီး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အသုံးပြုသင့်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ Mr.Jaakko Pasanen ရေးသားတဲ့ AI Ethics Are a Concern. Learn How You Can Stay Ethical ဆောင်းပါးကို ဘာသာပြန်ရေးသားခြင်းဖြစ်ပါတယ်။

 

Dr. La Wynn Sandi

B.C.Sc, CU (KT), B.C.Sc (Hons), CU (KT) ,

M.C.Sc, CU (KT) , Ph.D (IT), (U.C.S.M)