စီးပွားရေးလုပ်ငန်းများ တိုးတတ်စေဖို့ Business Intelligence ရဲ့ အရေးပါပုံများ

ယနေ့ခေတ်မှာ လုပ်ငန်းများရဲ့ လုပ်ဆောင်နိုင်စွမ်း (ဉာဏ်ရည်ဉာဏ်သွေး) ဟာ လုပ်ငန်းတစ်ခု ရှင်သန်ရပ်တည် နိုင်ရေးအတွက် အဓိကသော့ချက်တစ်ခု ဖြစ်လာပါတယ်။ စီးပွားရေးဆိုင်ရာ မသေချာမရေရာမှုများ ပေါ်ပေါက်လာခြင်း၊ လူနေမှုစရိတ်များ မြင့်တက်လာခြင်းနဲ့ စည်းမျဉ်းအသစ်များ မကြာခဏ ထွက်ပေါ်နေခြင်းတို့ကြောင့် စီးပွားရေး လုပ်ငန်းများအနေနဲ့ အဲ့ဒီအခြေအနေများမှာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ Business Intelligence ဟာ လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းဆောင်တာများမှ ထွက်ရှိတဲ့ အချက်အလက်များကို စုဆောင်း၊ သိမ်းဆည်းကာ အနာဂတ်မှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ခန့်မှန်းနိုင်ဖို့ ကူညီပေးပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာများစွာ ရှိနေပါသေးတယ်။ ဥပမာ- လုပ်ငန်းတွင်းမှာ ဆက်သွယ်ရေး ညံ့ဖျင်းမှုများ၊ ဝန်ထမ်းများရဲ့ အမှားများနဲ့ ငွေသားစီးဆင်းမှု၊ စီမံခန့်ခွဲမှုပြဿနာများဟာ လုပ်ငန်းရှင်သန် ရပ်တည်နိုင်ရေး အတွက် အတားအဆီးများ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူများနဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ကော်ပိုရေးရှင်းများရဲ့ လုပ်ငန်းရှင်တွေတောင်မှ လုပ်ငန်းမှရရှိတဲ့ အမြတ်အစွန်းအနည်းစုအပေါ်မှာ ရှင်သန်ရပ်တည်နေကြရပြီး အဲ့ဒီလို အခြေအနေဟာ အနာဂတ်မှာ လုပ်ငန်းရှင်သန်ရပ်တည်နိုင်ဖို့ ခက်ခဲလှပါတယ်။ ယနေ့ခေတ်အထိ လုပ်ငန်းအတွင်း လုပ်ငန်း စဉ်များ လုပ်ဆောင်ရာမှာ နည်းပညာ အသုံးပြုမှုနည်းပါးခြင်း၊ ကောက်ယူထားတဲ့ data များ နောက်ကျကျန်နေခြင်း၊ လုပ်ငန်းအတွင်း မကျွမ်းကျင်တဲ့ဝန်ထမ်းများ ရှိနေခြင်းနဲ့ ဝန်းထမ်းထွက်နှုန်းများခြင်းများဟာ လုပ်ငန်းများအတွက် စိန်ခေါ်မှုများ ဖြစ်နေပါတယ်။

 Business intelligence ဆိုသည်မှာ လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းလုပ်ဆောင်ခဲ့တဲ့ ခုနှစ်များရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ ကုမ္ပဏီစံနှုန်းများနဲ့ အခြေခံတန်ဖိုးများပေါ်အခြေခံပြီး အနာဂတ်မှာ အကောင်းဆုံး ရပ်တည်နိုင်ဖို့ ကြိုတင်စီမံကိန်းများဆွဲခြင်းနဲ့ လုပ်ငန်းဆောင်တာများ ချမှတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နိုင်ဖို့ လုပ်ငန်းရဲ့အမြတ်အစွန်း၊ ငွေသားစီးဆင်းမှု၊ ရောင်းအားနဲ့ ဈေးကွက်ရှာဖွေရေးတို့ကို ထိရောက်မှုရှိ၊ မရှိ တိုင်းတာနိုင်တဲ့ စနစ်များထားရှိဖို့ လိုအပ်ပါတယ်။ အဲ့လိုထားရှိခြင်းက လုပ်ငန်းအတွင်းရှိ အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်းဖို့ အကူအညီပေးပါတယ်။

ဒါ့အပြင် လုပ်ငန်းများဟာ အသုံးပြုလိုက်တဲ့ ကုန်ကျစရိတ်များနဲ့ ရရှိလာတဲ့ ဝင်ငွေများကို ခြားနားပြီး အမြတ် အစွန်းများကို တွက်ချက်တိုင်းတာကြပြီး ရရှိတဲ့အမြတ်တွေကိုသာ အာရုံစိုက်ကြပါတယ်။ အဲ့ဒီအချက်မှာ လုပ်ငန်းရဲ့ အမြတ်အစွန်းအပြင် ကုန်ကျစရိတ်များကို အာရုံစိုက်ဖို့လည်း အရေးကြီးပါတယ်။  လုပ်ငန်းအဖွဲ့အစည်းများရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အမြတ်အစွန်းနည်းပါးခြင်းနဲ့ တိုးတတ်မှုနှုန်း ကျဆင်းခြင်းများကို ဖြစ်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် လုပ်ငန်းများအနေနဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်များကလည်း လုပ်ငန်းအမြတ်အစွန်းများ နည်းပါးနိုင်စေတာကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ အဲ့ဒီလိုအစိတ်အပိုင်းများကို ထိုးထွင်းသိမြင်နိုင်ပါက ဈေးကွက်ဝေစုကို တိုးမြင့် လာစေဖို့နဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေဖို့အတွက် မှန်ကန်တဲ့ မဟာဗျူဟာတွေကို  အကောင်အထည်ဖော်ဖို့ အကူအညီ ဖြစ်စေပါတယ်။ လုပ်ငန်းအတွင်းမှာ တိကျစွာ တိုင်းတာနိုင်တဲ့ နည်းစနစ်များ ထားရှိခြင်းက လုပ်ငန်းအတွင်း ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းသိရှိနိုင်ပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သိရှိနိုင်ပါတယ်။ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လုပ်ငန်းအခြေအနေတွေကို အကဲဖြတ်နိုင်ပြီး လုပ်ငန်းအတွင်း ငွေကြေး စီးဆင်းမှုများ အဆင်ပြေ၊မပြေကိုလည်း သိရှိနိုင်ပါတယ်။

လုပ်ငန်းအတွင်း လုပ်ဆောင်မှုအခြေအနေများကို တိုင်းတာနိုင်တဲ့ စနစ်များ (ဒါမှမဟုတ်) နည်းပညာများကို ရှာဖွေတဲ့အခါ အဲ့ဒီစနစ်များ (ဒါမှမဟုတ်) နည်းပညာများဟာ မိမိလုပ်ငန်းအတွက် အမှန်တကယ် အသုံးဝင်၊ မဝင်ကိုလည်း သေချာသိရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီစနစ်များ၊ နည်းပညာများဟာ မိမိလုပ်ငန်းအတွင်းရှိတဲ့ အချက်အလက်များနဲ့ သတင်းများကို လုံခြုံမှုပေးနိုင်ပါသလား စတဲ့အချက်ကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို စနစ်များ (ဒါမှမဟုတ်) နည်းပညာများကို လုပ်ငန်းအဖွဲ့အစည်းများထဲမှာ အကောင်အထည်ဖော်လုပ်ဆောင်ခြင်းက ဝန်ထမ်းများ  စိတ်အား တက်ကြွမှုဖြစ်စေပြီး လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး မသေချာချာ မရေရာမှုများကို တွန်းလှန်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

 အခုနောက်ပိုင်းမှာ လုပ်ငန်းထဲမှ သတင်းအချက်အလက်များ ပြိုင်ဘက်လုပ်ငန်းများထံ ပေါက်ကြားခြင်းမှ ထိန်းသိမ်းဖို့လည်း လုပ်ငန်းအများစုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ လုပ်ငန်းရဲ့အတွင်းပိုင်း သတင်းအချက် အလက်များ အပြင်ကိုမပေါက်ကြားစေဖို့မှာလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အတွင်းပိုင်းမှ သတင်း အချက်များ အပြင်ကိုပေါက်ကြားခြင်းရဲ့ 75 ရာခိုင်နှုန်းက လုပ်ငန်းပေါ်မှာ မကျေမနပ်ဖြစ်နေကြတဲ့ ဝန်ထမ်းဟောင်း များထံမှဖြစ်ကြောင်း မကြာသေးမီက လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။

လုပ်ငန်းများကြီးထွားလာတာနဲ့အမျှ သတင်းအချက်အလက်များ မပေါက်ကြားစေဖို့ စီမံခန့်ခွဲမှုများ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ လူအများဟာ လုပ်ငန်းအတွင်းရှိ သတင်းအချက်အလက်များ ရယူနိုင်ဖို့ နည်းလမ်းများစွာ အသုံးပြုနိုင်ကြတာမို့ သတင်းအချက်အလက်များ ရရှိဖို့မှာ ပိုမိုလွယ်ကူသယောင် ဖြစ်လာပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းရဲ့ သတင်းအချက်အလက်များအပြင် မိမိလုပ်ငန်းနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သတင်းအချက်များ မပေါက်ကြားစေဖို့ ဒေတာလုံခြုံရေး စနစ်ကလည်း အရေးကြီးပါတယ်။

Business intelligence က လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစံနှုန်းများနဲ့အညီဖြစ်တဲ့ စီမံခန့်ခွဲမှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။  နောက်ပြီး လုပ်ငန်းများ ဘယ်အရွယ်အစားကိုမဆို ကူညီပေးနိုင်ပြီး ငွေကုန်ကြေးကျများတဲ့ စာရင်းစစ်များနဲ့ အစိုးရဒဏ်ကြေးများနဲ့ ပတ်သက်တဲ့ အနာဂတ်ပြဿနာများကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများရဲ့ အနာဂတ်အတွက် ဘေးကင်းမှုနဲ့ ရှင်းလင်းပြတ်သားမှုကို ခံစားရစေကာ ဆက်လက်ကြီးထွားဖို့နဲ့ ပိုမိုကောင်းမွန်တဲ့  ဆုံးဖြတ်ချက်များ ချနိုင်စေမှာ ဖြစ်ပါတယ်။

Business Intelligence ဟာ လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းဆောင်တာများမှ ထွက်ရှိတဲ့ အချက်အလက်များကို စုဆောင်း၊ သိမ်းဆည်းကာ ခွဲခြမ်းစိတ်ဖြာတဲ့ လုပ်ထုံးလုပ်နည်းများဖြစ်တာကြောင့် လုပ်ငန်းများအနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်သုံးသပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုအချက်တွေကို အခြေခံပြီး အနာဂတ်မှာ လုပ်ငန်းရှင်သန်ရပ်တည်ရေးနဲ့ လုပ်ငန်းတိုးတတ်ရေးအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

Joshua Menuier ရဲ့ Why Business Intelligence is so important to Business Development ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Tun
B.Com,M.Com (MEUE)
Meiktila University of Economics